Wednesday, October 9, 2013

ကမ္ဘာလှည့်ခရီးသွားအာမခံကို သိန်း ၁၀၀ အထိ လေးဆတိုးမြှင့်လျော်မည်

ကမ္ဘာလှည့်ခရီးသွားအာမခံကို ယခင်က ၂၅ သိန်းအထိသာ လျော်ခဲ့သော်လည်း စိတ်ဝင်စားမှု နည်းပါးသောကြောင့် ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့်လျော်မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက အောက်တိုဘာလ ၈ ရက် က ပြောသည်။ 

အောက်တိုဘာလ ၈ ရက်က သင်္ဘောသား အသက်အာမခံ လျော်ကြေးပေးအပ်ပွဲ အခမ်းအနားတွင် သတင်း ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံအတွင်း လှည့်လည်သွားလာစဉ် အကာအကွယ်ရရှိစေရန် ကမ္ဘာလှည့် ခရီးသွားအာမခံကို မြန်မာကျပ်ငွေဖြင့်သာ ထားရှိနိုင်ရန် စီစဉ်ပေးထားသည်။ 

ကမ္ဘာလှည့်ခရီးသွား အာမခံအတွက် ယခင်က အများဆုံး ကျပ် ၂၅ သိန်းအထိသာ လျော်ကြေးပေး ခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှ စတင်ကာ တစ်ယူနစ်လျှင် ကျပ်ငါးသိန်းဖြင့် ယူနစ်အလိုက် ကျပ်သိန်း ၁၀၀ အထိ လျော်ကြေးပေးအပ်ရန် ပြောင်းလဲ သတ်မှတ်လိုက်သည်။ 

“ကမ္ဘာလှည့်ခရီးသွားအာမခံ အရင်က မထားကြဘူး။ အခုမှ လာထားကြတယ်။ အစက မြန်မာငွေ ၂၅ သိန်းပဲပေးထားလို့ သိပ်စိတ်မ၀င်စားကြဘူး။ အခုမှ သိန်း ၁၀၀ စပြီး ပေးထားတယ်”ဟု ဦးအေးမင်းသိန်း က ပြောသည်။

အာမခံထားရှိမည့် ကမ္ဘာလှည့်ခရီးသွား ဧည့်နိုင်ငံသားများအနေဖြင့် တစ်ပတ်နေပါကကျပ် ၅၀၀ နှစ်ပတ် နေလျှင် ကျပ် ၁၀၀၀ ဖြစ်ပြီး လေးပတ်နေလျှင် ကျပ် ၂၀၀၀ ပေးသွင်းရမည်ဖြစ်သည်။ 

ဒဏ္ဍာရီ ခရီးသွားလုပ်ငန်းကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးလှရွှေက “တချို့လည်းထားတယ်။ တချို့လည်း မထားကြဘူး။ သူတို့က မြန်မာ့အာမခံကို အားမကိုးဘူး။ သူတို့က ဟိုဘက်မှာကို လုပ်လာပြီးသား။ လွန်ခဲ့တဲ့ ၁၅ နှစ်က ဆိုရင် ဧည့်သည်တွေ လာတယ်။ ရုတ်တရက် နှလုံးဖောက်တယ်။ သူတို့ အာမခံနဲ့ ဘန်ကောက်ကို လှမ်းအကြောင်းကြားပြီး လေယာဉ် တိုက်ရိုက်လာခေါ်သွားတဲ့ ၀န်ဆောင်မှုတွေရှိတယ်” ဟု သူ့အတွေ့အကြုံကို မဇ္ဈိမကို ပြောသည်။ 

ထိုသို့ ကမ္ဘာလှည့်အာမခံအတွက် အများဆုံးလျော်ကြေး ကျပ်၂၅ သိန်းမှ သိန်း ၁၀၀ အထိ ပြောင်းလဲ သတ်မှတ်မှု ကို မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှတစ်ဆင့် ခရီးသွားကုမ္ပဏီများသို့ ၂၀၁၃ ခုနှစ် စက် တင်ဘာလမှ စတင်ကာ အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေး မှူး ဦးအေးမင်းသိန်းက ပြောသည်။ 

အာမခံထားရှိရာတွင် နိုင်ငံခြားခရီးသည်များ၏ အမည်၊ ပတ်စ်ပို့စ်နံပါတ်၊ ခရီးစဉ်ဇယားတို့နှင့်အတူ သက်ဆိုင်ရာအေဂျင်စီမှ ခရီးစဉ်မစတင်မီ လာရောက်ထားရှိရမည်ဟု ထုတ်ပြန်ထားသည်။ 

ခရီးသည်များ ယာဉ်စီးနင်းလိုက်ပါစဉ် ယာဉ်ကြောင့် သွယ်ဝိုက်၍ ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ သေဆုံးဒဏ်ရာ ရရှိခြင်း အတွက် ယူနစ်အလိုက် လျော်ကြေးရရှိမည်ဖြစ်သည်။ 

သို့သော် အာမခံထားရှိထားသော်လည်း ရှိရင်းစွဲ ကိုယ်အင်္ဂါချို့တဲ့မှုနှင့် ရှိရင်းစွဲရောဂါဘယများ ဖြစ်ပွားခြင်း၊ ရူးသွပ်ခြင်း၊ မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သည့် ဆောင်ရွက်မှု များတွင် ပါဝင်ပတ်သက်ခြင်း၊ ရာဇ၀တ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဥပေဒေ ချိုးဖောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အဓိကရုဏ်းဖြစ်ခြင်းနှင့် ပြည်တွင်း မငြိမ်မသက်ဖြစ်ခြင်း စသည့် အချက်များကိုမူ လျော်ကြေးပေးအပ်မည် မဟုတ်ကြောင်း သိရသည်။ 

Mizzima - News in Burmese

0 comments:

Post a Comment