Wednesday, October 9, 2013

ရန်ကုန်မြို့လယ်ကို ယဉ်ကျေးမှု အမွေ စောင့်ကြည့် စာရင်းထဲ ထည့်သွင်း

မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်းလည်းဖြစ် စီးပွားရေးမြို့တော်လည်းဖြစ်တဲ့ ရန်ကုန်မြို့လယ်ဧရိယာကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စောင့်စာရင်းထဲမှာ ထည့်သွင်းလိုက်တယ်လို့ World Monument Fund အဖွဲ့ ကပြောပါတယ်။

အမေရိကန်နိုင်ငံ အခြေစိုက် World Monument Fund အဖွဲ့ဟာ ကမ္ဘာ အနှံ့မှာရှိတဲ့ ဗိသုကာ လက်ရာတွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ၂၀၁၄ စောင့်ကြည့်စာရင်းမှာ ရန်ကုန်မြို့လယ်ဧရိယာကို ထည့်သွင်းလိုက်တာဖြစ်တယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust) က အကြီးတန်း အရာရှိ တစ်ဦးဖြစ်တဲ့ မရွှေယင်းမာဦးက ယခုလို ပြောပါတယ်။

“ကြေညာတာကတော့ World Monument Fund ဆိုတဲ့ အဖွဲ့အစည်းပေါ့နော်။ ဒီယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့် ရှောက်တဲ့ အဖွဲ့အစည်းပေါ့။ အဲဒီအဖွဲ့အစည်းက ၂ နှစ်တစ်ကြိမ်လုပ်နေကျ World Monument Watch ဆိုတဲ့ စောင့်ကြည့်စာရင်းကို ထုတ်ပြန်တာ ရှိပါတယ်။ ရန်ကုန်ရဲ့ မြို့လယ်ခေါင်ကို သူတို့က ယဉ်ကျေးမှု အမွေအနှစ် နေရာတစ်ခု အဖြစ် သတ်မှတ်လိုက်တာပါ။”

မြို့လယ် ဧရိယာအတွင်းမှာ ရှိတဲ့ အချက်အချာကျတဲ့ မြို့နယ် ၆ မြို့နယ်နဲ့ ဆိပ်ကမ်းမြို့နယ် တစ်ခုအတွင်းက ရှေးဟောင်း အဆောက်အဦးတွေကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာဖြစ်ပြီး အဆောက်အဦး အရေအတွက် ၈၉ လုံး ရှိတယ်လို့ ဆိုပါတယ်။

ပါဝင်တဲ့မြို့နယ် ၆ မြို့နယ်တွေကတော့ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ကျောက်တံတား၊ ပုဇွန်တောင်နဲ့ ဗိုလ်တစ်ထောင် မြို့နယ်တွေဖြစ်ပြီး အဆိုပါမြို့နယ်တွေနဲ့ ထိစပ်နေတဲ့ ဆိပ်ကမ်းမြို့နယ်တွေလည်း အကျုံးဝင်တယ်လို့ သိရပါတယ်။

ရှေးဟောင်းအဆောက်အဦးတွေအတွက် ထိန်းသိမ်းဖို့ အကူအညီတွေကို ထပ်မံ ပေးအုံးမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။ ရန်ကုန်မြို့မှာ သမိုင်းအမွေအနှစ် အဆောက်အအုံ စာရင်းဝင် ၁၈၉ လုံးရှိပြီး ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်းက ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေကို အရှေ့တောင် အရှမှာ အများစု တွေ့မြင်နိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

World Monument Fund ဟာ ကမ္ဘာ့ အမွေအနှစ် စောင့်ကြည့်စာရင်းကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ပြီး ၂ နှစ် တစ်ကြိမ် ထုတ်ပြန်ခဲ့တဲ့ အဖွဲ့လည်းဖြစ်တဲ့အကြောင်း သိရှိရပါတယ်။

ABC Radio

0 comments:

Post a Comment