Tuesday, October 1, 2013

ရုပ်သံလုပ်ငန်းနှင့် ပုံနှိပ်မီဒီယာ ပူးတွဲလုပ်ကိုင်ခွင့် မပြုသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအား ဝေဖန်မှုများ ရှိနေ

ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲသည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ရုပ်သံလုပ်ငန်းနှင့် ပုံနှိပ်မီဒီယာ ပူးတွဲလုပ်ကိုင်ခွင့် မပြုခြင်း အပါအ၀င် အစိုးရ မီဒီယာများက အသာစီး ရစေမည့် အချက်များအပေါ် ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

ယင်းဥပဒေကြမ်းမှာ လက်ရှိပြန်ကြားရေး ၀န်ကြီးဌာနမှ လုပ်ကိုင်နေသော ရုပ်မြင်သံကြား၊ အသံလွှင့်ခြင်းနှင့် သတင်းစာထုတ်ဝေခြင်းများကို အမည်ပြောင်းလဲရန် စီစဉ်ထားသည့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ လုပ်ငန်းအား အကာအကွယ် ပေးထားပြီး ပုဂ္ဂလိက မီဒီယာများ၏ လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို ကန့်သတ်ထားသည်ဟု ဝေဖန်မှုများ ရှိနေသည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် အခန်း ၁၄ ခန်းနှင့် ပုဒ်မ ၁၀၉ ခု ပါဝင်ပြီး ပူးတွဲလုပ်ကိုင်ခွင့်ကို ကန့်သတ်ထားကြောင်း သိရသည်။

အဆိုပါ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက "ဥပဒေမှာ ပုံနှိပ်လုပ်ငန်းနဲ့ ရုပ်သံလွှင့်လုပ်ငန်း ပူးတွဲလုပ်ကိုင်ခွင့် မပြုဖို့ ထည့်သွင်းရေးဆွဲ ရတာကတော့ မီဒီယာ လက်ဝါးကြီး အုပ်မှုတွေ ပေါ်မလာစေဖို့ပါ။ ကျွန်တော်တို့ အနေနဲ့ မီဒီယာ ဖွံ့ဖြိုးတိုးတက်ဖို့၊ မီဒီယာ ဗဟုဝါဒ ဖြစ်လာစေချင်ပါတယ်။ စီးပွားဖြစ် မီဒီယာတွေ၊ State မီဒီယာတွေ၊ တိုင်းရင်းသား မီဒီယာတွေ စတဲ့ကွဲပြားတဲ့ မီဒီယာတွေ ပေါ်လာစေချင်ပါတယ်။ အင်အားကြီး မီဒီယာတွေက လက်ဝါးကြီး အုပ်သွားမှာကို မလိုလားပါဘူး။ ဒါကြောင့် ဒီအချက်ကို ထည့်သွင်းရေးဆွဲ ရတာပါ" ဟု ပြောကြားသည်။

သတင်းစာ ထုတ်ဝေသူများ ရုပ်သံထုတ်လွှင့်ခွင့် မပြုခြင်းအပေါ် မိုးဆမ်းပန်း မီဒီယာမှ စီအီးအို ဦးဇော်မင်းအေးက "မြန်မာ့အသံ၊ မြန်မာ့အလင်းနဲ့ ကြေးမုံက ပြည်သူ့ဝန်ဆောင်မှုဆိုပြီး သူ့ဥပဒေ ပြဋ္ဌာန်းပြီး သူသွားတယ်။ ဟုတ်ပြီ။ ဒါဖြင့် မြ၀တီလို တပ်မတော်ပိုင်တာ ကျတော့ ဘယ်လိုသတ်မှတ် မှာလဲ။ တပ်မတော်ကို အစိုးရလို့ သတ်မှတ်မှာလား။ ပုဂ္ဂလိကလို့ သတ်မှတ်မယ် ဆိုရင်ရော သူတို့ကျတော့ ဘယ်လိုလုပ်မလဲ။ ဥပဒေအရ ကန့်သတ်ဖို့ကို မလိုဘူးလို့ ထင်တယ်" ဟု ပြောကြားသည်။
မြန်မာနိုင်ငံမှာ Printed မီဒီယာ လုပ်တာက အများအားဖြင့်တော့ လူထုကို ကိုယ်စားပြုတဲ့ သူတွေ၊ လူထု မီဒီယာတွေက များတယ်။ Broadcasting မီဒီယာမှာ လုပ်ကိုင်သူတွေက ငွေရှိတဲ့ ခရိုနီတွေ၊ အရင်အစိုးရ အာဏာရှင် စနစ်ကို ထောက်ပံ့ပေးတဲ့သူတွေ များနေတယ်။  ဒီအချက်ကို ကြည့်ခြင်းအားဖြင့်၊ ဒီ Broadcasting Media Law ကို ကြည့်ခြင်းအားဖြင့် အစိုးရက ဘယ်လမ်းကြောင်း သွားချင်တယ်ဆိုတာ သိပ်ထင်ရှားနေတယ် . . . . .

သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးအောင်သန်းကလည်း "အစိုးရက လုပ်ခွင့်ရှိရင်တော့ ပုဂ္ဂလိကလည်း လုပ်ခွင့်ရှိရမယ်။ နောက်ပြီးတော့ ဒီကိစ္စက ပုဂ္ဂလိကက လုပ်တဲ့နေရာမှာလည်း ပုဂ္ဂလိကမှာလည်း သူ့စည်းသူ့ကမ်းနဲ့ ရှိပြီးသားပဲ။ အဲဒီဟာအတွက် ဘာမှပူပင်စရာမှ မရှိတာဗျ။ ဒါဟာ ငါတို့ပဲ လုပ်မယ်၊ တခြားသူ မလုပ်ရဘူး ဆိုတာကတော့ မသင့်တော်ဘူး။ ဒီကိစ္စမှာ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ စာနယ်ဇင်း တာဝန်ရှိသူတွေ ညှိပြီးတော့ ဘယ်လိုဖြစ်သင့်သလဲ ဆိုတာကို ဆောင်ရွက်သင့်တယ်။ ဒီအတိုင်း တစ်ဖက်သတ်ကြီးကတော့ သင့်တင့်လျောက်ပတ်မှု မရှိဘူး" ဟု ဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် လက်ရှိလုပ်ကိုင်နေသော ရုပ်သံနှင့် သတင်းစာ လုပ်ငန်းများကို ၂၀၁၅ ခုနှစ် မတိုင်မီ အတည်ပြုမည့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေအတိုင်း အများပြည်သူ ၀န်ဆောင်မှု ရုပ်သံနှင့် အများပြည်သူ ၀န်ဆောင်မှု သတင်းစာအဖြစ် ထုတ်ဝေသွားမည်ဖြစ်ပြီး အချိန်ကာလ တစ်ခုအတွင်း အစိုးရ၏ အစိတ်အပိုင်း တစ်ခုမဟုတ်ဘဲ လွတ်လပ်သော အယ်ဒီတာအဖွဲ့ မူဝါဒဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်သည်လည်း အဆိုပါ ဥပဒေ အတိုင်းသာ လုပ်ဆောင်သွားမည် ဖြစ်သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

မီဒီယာ လက်ဝါးကြီးအုပ်မှု ဆိုရာတွင် "ကျွန်တော်ကတော့ အဲဒါကို လုံးဝကန့်ကွက်တယ်။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်လလောက်က မီဒီယာ လောကက မိတ်ဆွေနိုင်ငံခြားသား တစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူက ဘာကိုဥပမာ ပြောလဲဆိုတော့ စင်ကာပူမှာ မီဒီယာ အကုန်လုံးကို အစိုးရ ပိုင်ထားတာ။ သတင်းစာ ရှိတယ်။ တီဗွီချယ်နယ် ရှိတယ်။ နှစ်ခုစလုံးက အောင်မြင်တယ်။ အဲဒီလို အောင်မြင်တော့ သတင်းစာ ထုတ်တဲ့သူကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်သွားတယ်။ တီဗွီလုပ်တဲ့ သူကလည်း သတင်းစာလုပ်ခွင့် တောင်းတယ်။ သတင်းစာ လုပ်တဲ့သူကလည်း တီဗွီလုပ်ခွင့် တောင်းတယ်။ တောင်းတော့ အစိုးရ ဖြစ်တဲ့အတွက် နှစ်ယောက်စလုံးကို ချပေးလိုက်တယ်တဲ့။ ဒါပေမဲ့ လုပ်ကြည့်လိုက်တော့ အလွန်မအောင်မြင်တဲ့ ဘက်ကို ရောက်သွားတယ်။ မြန်မာပြည်မှာ ဒါမျိုးဖြစ်မှာလို့ ပြောချင်တာ မဟုတ်ဘူး။ ဒီဥစ္စာကြီးက ၅၀-၅၀ လို့ပဲ သတ်မှတ်တယ်။ ဒါကြီးကိုကြောက်လို့ ကြိုပိတ်တယ် ဆိုတာမျိုးကတော့ အဓိပ္ပာယ် မရှိဘူးလို့ မြင်တယ်" ဟု ဦးဇော်မင်းအေးက ဆိုသည်။

"တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုကို ရည်ရွယ်ပြီး ရေးဆွဲထားတာ မဟုတ်ပါဘူး။ ယူနက်စကိုမှာ Media Development  Indicator ဆိုတာ ရှိပါတယ်။ Monopolize လုပ်မှာကို ကာကွယ်တဲ့ဟာတွေ ရှိပါတယ်။  ဒီအချက်တွေ အပေါ်မှာ မူတည်ပြီး ဥပဒေကို ရေးတာပါ။ အများအမြင်မှာတော့ ဒီနှစ်ခုကို Conflict ဖြစ်နိုင်ပါတယ်။ အခုဟာက ဥပဒေကြမ်း အဆင့်မှာပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ကလည်း ဒီဥပဒေကြမ်းအပေါ်မှာ မြင်လာတဲ့ အချက်တွေကို ပြန်လည်ဆွေးနွေး ဦးမှာပါ။ မကြာခင်မှာ ရှေ့နေချုပ်ရုံးကို ပို့သွားဖို့ ရှိပါတယ်။ အဲဒီက ထောက်ပြတဲ့ အချက်တွေကို ပြင်ဆင်ပြီးမှ အစိုးရ အဖွဲ့ကို တင်ပြမယ်။ ပြီးမှ လွှတ်တော်ကို တင်မှာပါ။ ဒီလွှတ်တော် အစည်းအဝေးမှာတော့ တင်ပြဆွေးနွေးနိုင်မယ် ထင်ပါတယ်" ဟု ဦးတင့်ဆွေက ပြောကြားသည်။

ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် ရုပ်သံဥပဒေကြမ်းအား စက်တင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပကာ တင်ပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ အပြီးတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ပြန်ကြားရေး ၀န်ကြီးဌာနသည် မီဒီယာနှင့် ပတ်သက်သော အငြင်းပွားဖွယ်ရာ ဥပဒေကြမ်းနှစ်ခု ထုတ်ပြန်အပြီးတွင် နောက်ထပ်အငြင်းပွားဖွယ်ရာအဖြစ် ရုပ်/သံ ဥပဒေကြမ်းအား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"ကမ္ဘာကြီးမှာ ဒီဂျစ်တယ် မီဒီယာနဲ့ ပုံနှိပ်မီဒီယာဆိုတာ ခွဲလို့မှ မရတာ။ ဒီဂျစ်တယ် မီဒီယာရဲ့အောက်မှာ Broadcasting မီဒီယာရယ်၊ Printed မီဒီယာရယ် အကုန်ရောက်နေပြီ။ တစ်ခုနဲ့တစ်ခု ဘယ်လိုမှ ခွဲလို့မရတော့ဘူး။ မြန်မာနိုင်ငံမှာ ဒီလိုမျိုးခွဲခြားပြီး လုပ်နေတယ်။ နောက်ပြီး Printed မီဒီယာ ဆိုတာက ကမ္ဘာကြီးမှာ Down Stream ကို သွားနေပြီ။ မြန်မာနိုင်ငံမှာ Printed မီဒီယာ လုပ်တာက အများအားဖြင့်တော့ လူထုကို ကိုယ်စားပြုတဲ့ သူတွေ၊ လူထု မီဒီယာတွေက များတယ်။ Broadcasting မီဒီယာမှာ လုပ်ကိုင်သူတွေက ငွေရှိတဲ့ ခရိုနီတွေ၊ အရင်အစိုးရ အာဏာရှင် စနစ်ကို ထောက်ပံ့ပေးတဲ့သူတွေ များနေတယ်။  ဒီအချက်ကို ကြည့်ခြင်းအားဖြင့်၊ ဒီ Broadcasting Media Law ကို ကြည့်ခြင်းအားဖြင့် အစိုးရက ဘယ်လမ်းကြောင်း သွားချင်တယ်ဆိုတာ သိပ်ထင်ရှားနေတယ်။ ပြန်ကြားရေးကဆွဲတဲ့ ဥပဒေတွေ အားလုံးနဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ရင် ဂျာနယ်လစ် တစ်ယောက် အနေနဲ့ သမ္မတကြီး အပေါ်မှာ ယုံကြည်ထားတဲ့ ယုံကြည်မှုတွေကို ကျွန်တော်တော်တော် စိတ်ပျက်တယ်။ ဒီဥပဒေတွေ ကြည့်ရင်တော့ အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို သွားတဲ့ အစိုးရလို့ မယူဆနိုင်ပါဘူး" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment