Wednesday, October 2, 2013

သံသယစိတ်များ၊ ခွဲခြားဆက်ဆံမှုများနှင့် အပြစ်ဒေါသများသည် ပြဿနာများ ဖြေရှင်းရာတွင် ပိုမိုဆိုးရွားဖို့သာ ရှေးရှုဟု ကမ္ဘာ့ဘာသာပေါင်းစုံဆွေးနွေးပွဲသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

w1-2-10-4
ရန်ကုန်မြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အတူလက်တွဲနေထိုင်ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ဒုတိယနေ့မြင်ကွင်း

မတူကွဲပြား ခြားနားမှုများအပေါ် အခြေခံသည့် သံသယစိတ်များ၊ ခွဲခြားဆက်ဆံမှုများ၊ အပြစ်ဒေါသများသည် ပြဿနာကို ဖြေရှင်းသည့်နေရာတွင်အားမပေးသည့်အပြင် ပိုမိုဆိုးရွားဖို့ကိုသာ ရှေးရှုနေသည်ဟု အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသော ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့်အတူ လက်တွဲနေထိုင်ရေးဆိုင်ရာ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

ဘာသာပေါင်းစုံ ညီလာခံကြီးတစ်ရပ် မြန်မာနိုင်ငံတွင် ကျင်းပနိုင်ခြင်းသည် မြန်မာနိုင်ငံတစ်ခုတည်းသာမက တစ်ကမ္ဘာလုံးတွင်ရှိသော ပြည်သူများ၏ အနာဂတ်တစ်ခုလုံး ငြိမ်းချမ်းရေးအတွက်ပါ အရေးကြီးသည်ဟု ယူဆနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ သ၀ဏ်လွှာတွင် ပြောကြားထားသည်။
တိုးတက်လာသော နည်းပညာများကြောင့် ကမ္ဘာကြီးသည်  ရွာတစ်ရွာလို ကျဉ်းမြောင်းလာသည်ဟု ဆိုကြကြောင်း၊ ယင်းကဲ့သို့ နည်းပညာ တိုးတက်လာသည်နှင့်အတူ ကမ္ဘာ့ရပ်ရွာထဲတွင် အတူယှဉ်တွဲနေထိုင်ကြသော ရပ်ရွာသူ၊ရပ်ရွာသားများအနေဖြင့် ယနေ့ ကမ္ဘာမှာ တွေ့ကြုံနေရသည့် ပြဿနာများကို အတူတကွ ရင်ဆိုင်ဖြေရှင်းကြဖို့ တာဝန်ရှိလာခြင်းသည်လည်း သဘာဝကျပါသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ''ဆင်းရဲချမ်းသာ၊ ကိုးကွယ်တဲ့ဘာသာ၊ လူမျိုး ကျား/မ မရွေး တိုင်းသူပြည်သားတိုင်းဟာ အခြေခံအကျဆုံး လုံခြုံမှုဖြစ်တဲ့ စိတ်လုံခြုံမှုမရှိရင် ငြိမ်းချမ်းရေးတို့၊ အတူယှဉ်တွဲနေထိုင်ရေးတို့ဟာလည်း လက်တွေ့ကျကျ ဖြစ်ပေါ်လာနိုင်မယ် မထင်ပါဘူး။ မတူကွဲပြားခြားနားမှုတွေ အပေါ်အခြေခံတဲ့ သံသယစိတ်တွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ အပြစ်ဒေါသတွေဟာ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အားမပေးတဲ့အပြင် ပိုမိုဆိုးရွားဖို့ကိုသာ ရှေးရှုနေပါတယ်။ ဒီလို အခြေအနေမျိုးမှာ ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့ကို ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်ပါဘူး''ဟု ဆိုသည်။

အမုန်းတရားဆိုသည်မှာ အကြောက်တရားပေါ် အခြေခံသည်ဟု ယူဆနိုင်သလို အကြောက်တရားဆိုသည်မှာလည်း စိတ်မ လုံခြုံမှုအပေါ် အခြေခံခြင်းဖြစ်ကြောင်း၊ နောက်ဆုံးတွင် စိတ်လုံခြုံမှုကို မိမိတို့ ကိုးကွယ်အားထားရာ သက်ဆိုင်ရာ ဘာသာတရားနှင့်သာ ရှာဖွေတည်ဆောက်ကြတာဖြစ်ကြောင်း ၎င်း၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
''ဘာသာရေးဆိုင်ရာ အကြီးအကဲတွေ၊ ခေါင်းဆောင်တွေဟာ ကမ္ဘာ့ရွာသူရွာသားတွေရဲ့ စိတ်လုံခြုံမှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ နိုင်ငံတကာက ဘာသာ ရေးဆိုင်ရာ ပညာရှင်တွေပါဝင်တဲ့ အခုလို ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲဟာ ကျွန်မတို့ ပြည်သူလူထုရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေဖြစ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ တိုင်းသူပြည်သားများ၏ စိတ်လုံခြုံရေးအတွက် တရားဥပဒေစိုးမိုးမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ လူမှုစီးပွား ဖွံ့ဖြိုးမှုများကိုပဲ တိုးတက်အောင်လုပ်ရုံနှင့် မပြီးဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment