Wednesday, October 2, 2013

မြန်မာရွှေ့ပြောင်းကျောင်းသားများ ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်း သင်တန်းပေး


ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ရှိ လူငယ်များ၏ ရောင်စဉ်အဖွဲ့ (Rays of Youth) တွင် မြန်မာရွှေ့ ပြောင်းကျောင်းသား၊ ကျောင်းသူများအား ဗီဒီယိုရိုက်ကူးနည်းပညာနှင့် တည်းဖြတ်နည်းပညာသင် တန်းကို စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဖြစ်မြောက်အောင် လူငယ်များ၏ ရောင်စဉ်အဖွဲ့နှင့်အတူ Volunteer Service Oversea (VSO) အဖွဲ့တို့မှ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး သင်တန်းသားများမှာ လူငယ်များ၏ ရောင်စဉ်အဖွဲ့မှရွေး ချယ်ထားသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၀ တက်ရောက်ခဲ့ကြသည်။

"ကျွန်မတို့ အခုလိုဗီဒီယိုနဲ့ ပတ်သက်တဲ့ သင်တန်းပေးရတာက လူငယ်တွေအနေနဲ့ သူတို့ရဲ့ ပတ်ဝန်း ကျင်မှာ တွေ့မြင်နေရတဲ့ လူနေမှုဘဝတွေ၊ သူတို့မိသားစုအကြောင်းအရာ စတာတွေကို ဗီဒီယို အတတ်ပညာနဲ့ တင်ပြလို့ရမယ်လေ" ဟု လူငယ်များရောင်စဉ်အဖွဲ့မှ တာဝန်ခံ ဒေါ်ဆုထက်လွင်က ပြောသည်။

သင်တန်းတွင် လူငယ်များအား ဗီဒီယိုရိုက်ကူးနည်း၊ တည်းဖြတ်နည်း၊ ဇာတ်ညွှန်းရေးနည်းတို့ကို သင်ကြားပေးခဲ့ပြီး Music Video Short Video နှင့် Documentary တို့ကို အဖွဲ့များခွဲပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် ဇာတ်လမ်းရွေးချယ်ပြီး ရိုက်ကူးခြင်းနှင့် တည်းဖြတ်ခြင်းလုပ်ငန်းများအထိ လက်တွေ့လုပ်ဆောင်ကြခြင်းဖြစ်သည်။

"သမီးအနေနဲ့ အခုလိုဗီဒီယိုရိုက်ကူးနည်းနဲ့ အက်ဒစ်လုပ်နည်းသင်တန်းကနေ မီဒီယာနဲ့ပတ်သက်ပြီး ဗီဒီယိုရိုက်ကူးနည်းနဲ့ တည်းဖြတ်နည်းကို သိရတဲ့အတွက် အများကြီးတန်ဖိုးရှိတယ်လေ" ဟု သင်တန်း သူတစ်ဦးကပြောသည်။

The Yangon Times Daily

0 comments:

Post a Comment