Tuesday, October 1, 2013

မီဒီယာလွတ်လပ်ခွင့်ကို ခုတုံးလုပ်၍ ပုဂ်္ဂိုလ်ရေးတိုက်ခိုက်ပုတ်ခတ်မှု မပြုရန် သမ္မတ သတိပေး

လွတ်လပ်ခွင့်ရှိလာသော မီဒီယာများအနေဖြင့် ပိုမိုတာဝန်ယူမှု လိုအပ်သလို လွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ မပြုလုပ်ရန် သမ္မတဦးသိန်းစိန်က သတိပေး ပြောဆိုလိုက်သည်။

“ဒီမိုကရေစီအတွက် မရှိမဖြစ်လိုအပ်တဲ့ မီဒီယာလွတ်လပ်ခွင့်ကို မျိုးစေ့ချ ဆောင်ရွက်နေတဲ့အချိန်မှာ မီဒီယာကျင့်ဝတ်၊ မီဒီယာစည်းကမ်းများကို လိုက်နာဖို့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေ၊ ပုဂ်္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ်မှုတွေ ပြုလုပ်ခြင်းကို ရှောင်ရှားကြဖို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု သမ္မတက ပြောသည်။

သူ၏ အစိုးရသက်တမ်းအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဖြစ်သည့် လွတ်လပ်ခွင့်များကို အကောင်အထည်ဖော်ပေးနေသည်မှာ မိဘပြည်သူများ အသိပင်ဖြစ်သည်ဟု မီဒီယာလွတ်လပ်ခွင့်ကို ရည်ညွှန်းကာ သမ္မတက သူ၏ လစဉ်ပြောနေသည့် ရေဒီယိုမိန့်ခွန်းတွင် အောက်တိုဘာလ ၁ ရက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

မီဒီယာများနှင့်ပတ်သက်၍ သမ္မတ ပြောဆိုမှုအပေါ် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ အဖွဲ့ဝင် ဦးသီဟစောက “တကယ်တမ်းပြောရရင်တော့ သူတို့ မီဒီယာကို လန့်နေတဲ့သဘော သက်ရောက်တယ်။ လန့်တယ်ဆိုတာ မီဒီယာတွေကလည်း ပိုပြီးတော့ အတင့်ရဲလာတယ်လေ”ဟု မှတ်ချက်ပြုသည်။ သမ္မတ ပြောဆိုသကဲ့သို့ ပုဂ်္ဂိုလ်ရေး တိုက်ခိုက်မှုများ၊ မီဒီယာစည်းကမ်းနှင့် မညီမှုများက မီဒီယာအားလုံးကို ခြုံ၍ ပြောဆိုသည့် သဘောဖြစ်နေသည်ဟု ဆိုသည်။

“တကယ်တမ်းကျတော့ သူပြောတဲ့ပုံစံမျိုးတွေ တာဝန်မဲ့တဲ့ ပုံစံတွေ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် မီဒီယာအများစုက မလုပ်ပါဘူး။ ကိုယ့် ethic (ကျင့်ဝတ်) နဲ့ကိုယ် လုပ်ကြတာပဲလေ”ဟုလည်း ဦးသီဟစောက မဇ္ဈိမကို ပြောသည်။

Eleven Media မှ အယ်ဒီတာချုပ် ဦးဝေဖြိုးကလည်း “ပုဂ်္ဂိုလ်ရေးဆိုတဲ့နေရာမှာ နှစ်ပိုင်းရှိတယ်ဗျာ။ မီဒီယာအနေနဲ့ အများပြည်သူကို အကျိုးသက်ရောက်မှု ပြုနိုင်တဲ့သူတွေနဲ့ ပတ်သက်ရင်တော့ မီဒီယာတွေက စောင့်ကြည့်ရမယ်။ ပြောရမယ်။ ဒါမျိုးတော့ ရေးရမှာ။ အဲ့ဒီလူတွေရဲ့ လုပ်ဆောင်မှုတွေ၊ အဲ့ဒီလူတွေရဲ့ မှားခြင်း မှန်ခြင်းနဲ့ ပတ်သက်လို့ရှိရင်တော့ မီဒီယာတွေရေးတာက ပုဂိ္ဂုလ်ရေးဆန်တယ်လို့ ပြောလို့ မရနိုင်ဘူး”ဟု ထောက်ပြ ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန်က သူ၏ အစိုးရသက်တမ်းအတွင်း မီဒီယာလွတ်လပ်ခွင့်ကို အရှေ့တောင်အာရှိနိုင်ငံအတော်များများထက်ပင် ရှေ့ရောက်အောင် ဖော်ဆောင်ပေးခဲ့သည်ဟုလည်း မိန့်ခွန်းတွင် ထည့်ပြောသွားသည်။

ထိုကဲ့သို့ သမ္မတ၏ ပြောဆိုချက်ကို ဦးသီဟစောက မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်မှာ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ထက်သာ လွတ်လပ်ခွင့် ပိုရနေသည့်အတွက် တတိယအနိမ့်ဆုံးနေရာတွင် ရှိနေသေးသည်ဟု သူက ထောက်ပြသည်။

“ကျွန်တော်တို့က တတိယ အနိမ့်ဆုံးလောက် ရှိနေတာ။ လွတ်လပ်ခွင့်တွေက အများကြီး သွားရဦးမှာ။ အခုက နည်းနည်းလေးပဲ ရသေးတာ။ သူက အကုန်ပေးထားပြီးသဘော ပြောတာပေါ့နော်။ အဲ့ဒါကြီးကတော့ လွဲနေတယ်လို့ ထင်တယ်”ဟု ဦးသီဟစောက ပြောသည်။

မီဒီယာများနှင့်ပတ်သက်ပြီး သမ္မတ၏ ပြောဆိုချက်အပေါ် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေကလည်း “ကျွန်တော့အထင်တော့ ၁၁ ဘီလျံနဲ့ပတ်သက်ပြီး ရေးထားတာလေးတွေကို ပြောချင်တယ်လို့ ကျွန်တော်တော့ ထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရအနေနဲ့ လှုပ်လှုပ်ခတ်ခတ်အဖြစ်ဆုံးက အဲ့ဒီသတင်းဖြစ်နေတာကိုး”ဟု သူ့အမြင်ကို ပြောသည်။

ယခင်က မြန်မာနိုင်ငံတွင် ပုံနှိပ်ထုတ်ဝေနေသည့် စာနယ်ဇင်းများသည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ရေးသားသည့် စာမူများ၊ ဓာတ်ပုံများ အားလုံးကို မထုတ်ဝေမီ တင်ပြရပြီး စာပေစိစစ်ရေးမှ ခွင့်ပြုချက်ရမှသာ ထုတ်ဝေခွင့်ရခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ခုနှစ် သြဂုတ်လ၂၀ ရက်မှစတင်ကာ စာပေစိစစ်ရေးဌာနကို တင်ရန်မလိုတော့ဘဲ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် စာပေစိစစ်ရေး မရှိတော့သော်လည်း ပြန်ကြားရေးဝန်ကြီးဌာနမှ မီဒီယာများ၊ စာနယ်ဇင်းသမားများအား အမျိုးမျိုး ထိန်းချုပ်မှုများ ရှိနေသေးကြောင်း ဝေဖန်မှုများလည်း ရှိနေသေးသည်။

Mizzima - News in Burmese

0 comments:

Post a Comment