Thursday, October 2, 2014

ကိုယ်အမှားအတွက် သူတစ်ပါးကို တောင်းပန်စကား ဆိုနေချိန်အတွင်းမှာ ထပ်မပြောသင့်တဲ့စကားများ



ကိုယ်က အမှားတစ်ခုခုလုပ်လိုက်လို့ သူတစ်ပါးကို တောင်းပန်ရတော့မယ် ဆိုပါစို့။ တောင်းပန်စကားဆိုနေချိန်အတွင်း ကိုယ့်ဘက်က သူတစ်ပါးထပ်ဝမ်းမနည်းရအောင်၊ စိတ်မတိုရအောင် ရှောင်ကြဉ်ပြောဆိုသင့်တဲ့စကားတွေ ရှိပါတယ်။ အဲ့ဒါတွေကို ပြောလိုက်ရင် ကိုယ်ကအမှားလုပ်ထားလို့ တောင်းပန်ရာ မရောက်တော့ပဲ အထွန့်တက်ရာ ရောက်သွားမှာမို့ လုံးဝမပြောမိပါစေနဲ့။၁။ငါ တောင်းပန်ပါတယ် ဒါပေမယ့်...

ကိုယ်မှားလို့ တောင်းပန်နေရတာကိုတောင်မှ ထပ်ပြီး ဆင်ခြေပေးပြောဆိုချင်တဲ့ ပုံပေါက်အောင် မလုပ်လိုက်ပါနဲ့။ ဒီကိစ္စအတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ဆိုပြီး ဆက်လိုက်မယ်ဆိုရင် ငါတောင်းပန်နေရပေမယ့် တကယ်တော့ ငါ့အမှားမဟုတ်ဘူးဆိုတဲ့ဘက်ကို သက်ရောက်သွားတာကြောင့်ပါ။

၂။နင် ဒီလောက်တောင်ခံစားနေရတဲ့အတွက် တောင်းပန်တယ်..

ဒီလို သူခံစားရအောင် ကိုယ်လုပ်လိုက်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။ ခုလိုတောင် သူ့ဘက်က မလိုအပ်ပါပဲ ခံစားနေရတယ်ဆိုပြီး ကိုယ့်ဘက်က လှောင်ချင်တဲ့သဘော မသက်ရောက်စေပါနဲ့။

၃။ကဲ ဟုတ်ပါတယ်။ ထားလိုက်ပါတော့လေ။ ဒါပေမယ့် နင်ကလည်း တစ်ခါတစ်လေမှာတော့...

ရှေ့မှာတော့ တောင်းပန်လိုက်ပါပြီ။ အလျှော့ပေးလိုက်ပါပြီ။ အဲ့ဒီနောက်မှာမှ နင်ဆို၇င်ရော ဘာထူးလို့လဲဆိုပြီး သူ့ဘက်အမှားကို ပြန်ထောက်ပြတဲ့ စကားအရိပ်အယောင်မျိုး ကိုယ်တောင်းပန်တဲ့အခါ မပါပါစေနဲ့။

၎။ငါသိပါတယ်။ ငါလုပ်တာက ဒီလောက်လေး ...

တောင်းပန်ပြီးပြီဆိုတာနဲ့ ငါ ဒီလောက်လေး လုပ်တာ နင်ဘာဖြစ်သွားတာလဲ ဆိုတဲ့ သဘောမျိုးပါ။ မပြောသင့်ပါဘူး။

၅။နင်က အရေးမဟုတ်တာကို အရေးလုပ်နေတယ်။ ဇာချဲ့နေတယ်။

တောင်းပန်နေချိန်အတွင်း တစ်ဖက်လူကို အပြစ်တင်တဲ့ သဘောမျိုး သက်ရောက်စေတဲ့ စကားပါ။

၆။နင် ရာသီလာနေလို့များလား..။

အမျိုးသားတွေနဲ့ အမျိုးသမီး ရင်းနှီးတဲ့ပတ်သက်မှုမျိုးမှာ ပြောတတ်တဲ့ စကားတစ်ခွန်းပါ။ တောင်းပန်လိုက်ပေမယ့် ခုလို စိတ်ဆိုးတာမျိုးဟာ သာမာန်အခြေအနေမဟုတ်ဘူးမလားဆိုပြီး ရွဲ့သလို စောင်းသလိုပြောတဲ့ စကားပါပဲ။

၇။ဒီကိစ္စနဲ့ ပတ်သက်ပြီး နင်နဲ့ပြသနာမတက်ချင်တော့ဘူး။

တောင်းပန်တဲ့စကားဆိုနေချိန်အတွင်း ခုလို နင်နဲ့ငါရန်ဆက်မဖြစ်ချင်တော့ဘူးလို့ ဆိုလိုက်တာဟာ မြန်မြန်ပြီးအောင် စိတ်ထဲက မပါဘဲ တောင်းပန်လိုက်ရတယ်ဆိုတာ ဖွင့်ပြောလိုက်သလိုပါပဲ။

Ref:cosmopolitan.com

မေသော်
Trend Myanmar

0 comments:

Post a Comment