Monday, February 2, 2015

ဖေဖော်ဝါရီလ ၃ ရက်နေ့ လေးပွင့်ဆိုင်အစည်းအဝေး ရွှေ့ဆိုင်းရခြင်း အကြောင်းရင်း


ဖေဖော်ဝါရီလ ၁ ရက်နေ့ ရန်ကုန်၊ စိန်ရတုခန်းမမှာ ပြုလုပ်ခဲ့တဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ အစိုးရ၊ လွှတ်တော်က ကိုယ်စားလှယ်များနဲ့ အတူ NNER မှ ၁၅ ဦး၊ ကျောင်းသားများမှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ကြဖို့ သဘောတူညီခဲ့ကြပါတယ်။ဖေဖော်ဝါရီလ ၃ ရက်နေ့ (ယနေ့) နေပြည်တော် ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်ခဲ့တဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာတော့ ကျောင်းသားကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ရေး ကိစ္စနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်အစည်းအဝေးမှာ သဘောတူထားတဲ့ ၁၅ ဦး သတ်မှတ်ချက်၊ ၀န်ကြီးဌာနမှာရှိတဲ့ အစည်းအဝေးခန်းမပြင်ဆင်ထားမှုအနေအထားနဲ့ နေရာပေးနိုင်မှုအခြေအနေအရ ပညာရေးဝန်ကြီးဌာနက နောက်ထပ် ကိုယ်စားလှယ် ၅ ဦး ထပ်တိုးပေးပြီး ကျောင်းသားအစုအဖွဲ့က ၂၀ ဦး တက်ရောက်ဖို့ ညှိနှိုင်းခဲ့ရာမှာ ဆက်လက်ပြီးတော့ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီအချိန်မှာ သတင်းရယူမယ့် မီဒီယာအသီးသီးက သတင်းထောက်တွေ ခန်းမအတွင်း ရောက်ရှိနေကြပါပြီ။ (မီဒီယာတွေ ၀င်ခွင့်မရဘူး ဆိုတာ မဟုတ်ပါဘူး။) ကျောင်းသားများကတော့ အပြင်ဘက်မှ အချင်းချင်း ဆွေးနွေးပြီး အားလုံး ၀င်ခွင့်ရမှ တက်မယ် ဆိုတဲ့သဘောမျိုး ဖြစ်ခဲ့ပါတယ်။ ပြောရရင်တော့ ဆွေးနွေးပွဲမှာ ဘယ်သူတွေ အရေအတွက် ဘယ်လောက် တက်ရောက်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရန်ကုန်ဆွေးနွေးပွဲမှာ ၁၅ ဦးစီ ပြောထားခဲ့တာကို ပြင်ဆင်တောင်းဆိုလာတဲ့အတွက် ဆွေးနွေးပွဲ မစနိုင်ဘဲ ကြန့်ကြာနေခဲ့ရတာပဲ ဖြစ်ပါတယ်။

အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများက နံနက် ၉ နာရီမှ ၁၂ နာရီအထိစိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဆွေးနွေးပွဲကျင်းပမယ့် ပုံသဏ္ဍာန်၊ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားနေတာကြောင့် ဆွေးနွေးပွဲပုံသဏ္ဍန်တွေကို အကြေအလည် ညှိနှိုင်းဆွေးနွေးဖို့လိုတယ်၊ လက်ရှိကာလမှာ နိုင်ငံတော်အစိုးရနဲ့ လွှတ်တော်အနေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုများ ဆောင်ရွက်ဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဖို့ ရှိနေတယ်၊ ဒါကြောင့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းမှာ ပြန်လည်ကျင်းပဖို့ အစိုးရက ကြေညာခဲ့ပါတယ်။

လွှတ်တော်တာဝန်ရှိသူများက ပိုမိုပြည့်စုံအောင် အချိန်ယူဆောင်ရွက်ရန် ရွှေ့ဆိုင်းလိုတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ဆန္ဒအတိုင်း ဆက်လက်ပါဝင်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

NNER ကိုယ်စားလှယ်များက ကျောင်းသားများရဲ့ ဆန္ဒသဘောထားအတိုင်း ဆက်လက် ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကျောင်းသားကိုယ်စားလှယ်များရဲ့ သဘောထားကို မေးမြန်းရာမှာ ကျောင်းသားများအနေနဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

NNER အနေနဲ့ NLD ပါတီရဲ့ ယမန်နေ့ကြေညာချက်အရ ဦးဆောင်မှု တိတိကျကျ ဖြစ်စေလိုကြောင်း၊ ဆန္ဒပြနေတဲ့ ကျောင်းသားတွေက ယနေ့တက်ရောက်လာတဲ့ ကျောင်းသားကိုယ်စားလှယ်များဟာ သူတို့အားလုံးကို ကိုယ်စားပြုခြင်း မရှိဘူး ဆိုပြီး ပြောကြားနေတာတွေ ကြားသိနေရတဲ့အတွက် ကိုယ်စားပြုမှု ရှင်းရှင်းလင်းလင်း ဖြစ်စေရန် အစိုးရက တောင်းဆိုခဲ့ပါတယ်။

ဒီအခါမှာ သူတို့အနေနဲ့ ကျောင်းသားအားလုံးကို ကိုယ်စားပြုခြင်း မရှိတဲ့အကြောင်း ကျောင်းသားကိုယ်စားလှယ်များက ရှင်းလင်းခဲ့ပါတယ်။

အစိုးရက ယခု ဆွေးနွေးမှုများမှာ ဆန္ဒပြနေသည့် ကျောင်းသားများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန် ဖြစ်တဲ့အတွက် ဆန္ဒပြနေတဲ့ ကျောင်းသားများကို ကိုယ်စားပြုနိုင်သူများ ဖြစ်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ ရှင်းလင်းမှုဟာ အစိုးရအနေနဲ့ လေးပွင့်ဆိုင် တွ့ဆုံဆွေးနွေးရေး ငြင်းပယ်ခြင်းမဟုတ်၊ အခြေအနေအရ ရွှေ့ဆိုင်းခြင်းသာ ဖြစ်ကြောင်း ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါတယ်။

Hmuu Zaw

0 comments:

Post a Comment