Sunday, May 10, 2015

အခက်ထန်ဆုံး စစ်မြေပြင်တွင် အရက်စက်ဆုံး ရန်သူကို ကြံ့ကြံ့ခံတွန်းလှန်နေသည့် ကာ့ဒ်စစ်သမီးများ


ကာ့ဒ်အမျိုးသမီးစစ်သည်တော်များ ချီတက်နေစဉ်
မွတ်စလင်ဓလေ့ထုံးစံအရ အမျိုးသမီးများ လက်နက်ကိုင်ဆောင်ပြီး အမျိုးသားများနှင့် ရင်ပေါင်တန်း စစ်တိုက်နေခြင်းမျိုးကို ကျပ်ကျပ်တည်းတည်း ကန့်သတ်တားမြစ်မည်သာ ဖြစ်သည်။ သို့သော်လည်း အဆိုပါအခြေအနေသည် ကာ့ဒ်အမျိုးသမီးစစ်မှုထမ်းများအတွက်မူ ခြွင်းချက်ဟု ဆိုနိုင်သည်။ အရွယ်ကောင်း ကာ့ဒ်အမျိုးသမီးများစွာတို့သည် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) တပ်ဖွဲ့များကို စစ်ခင်းနေသည့် မိမိတို့၏ မျိုးနွယ်စု စစ်တပ်များတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြပြီး အချို့ဆိုလျှင် တပ်ဖွဲ့အလိုက် ဦးစီးမှူးများအဖြစ်ပါ တာဝန်ယူခွင့် ရရှိထားကြသည်။

ကာ့ဒ်အမျိုးသမီးစစ်သည်တစ်ဦး သေနတ်ပစ်လေ့ကျင့်နေစဉ်

တူရကီအရှေ့တောင်ပိုင်း၊ ဆီးရီးယားမြောက်ပိုင်း၊ အီရတ်မြောက်ပိုင်းနှင့် အီရန်အနောက်ပိုင်း ဒေသများတွင် ကာ့ဒ်မျိုးနွယ်များ ဖြန့်ကြက်နေထိုင်ကြသည်။ ကာ့ဒ်တို့တွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးစံများ သီးခြားရှိနေပြီး အဆိုပါ ဒေသတစ်ခုလုံးကို ကာဒစ်စတန်ဟု ဖြန့်ကြက်ခေါ်ဝေါ်ကြသည်။ ကာ့ဒ်တို့သည် အခြားသော အာရပ်အနွယ်များနှင့် အငြင်းပွားမှုအချို့ ရှိခဲ့သည့်တိုင် သာမန်အားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရန် လိုလားလေ့ရှိသည်။ သို့သော်လည်း ထိုအခြေအနေသည် အိုင်အက်စ်တို့ အင်အားကောင်းလာပြီး ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအမြောက်အမြားကို သိမ်းပိုက်လိုက်ချိန်တွင် ပျက်ပြားသွားတော့သည်။

ရက်စက်ကြမ်းကြုတ်မှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အိုင်အက်စ်တို့သည် ကာ့ဒ်အနွယ်များကို အကြီးအကျယ် ခြိမ်းခြောက်လာသည်။ ဆီးရီးယားပိုင်နက်ထဲရှိ ကိုဘာနီမြို့နှင့် ကာ့ဒ်ကျေးရွာ ၁၀၀ ကျော်ကို အိုင်အက်စ်တို့က သိမ်းပိုက်လိုက်ချိန်တွင် ကာ့ဒ်မျိုးနွယ်များအနေဖြင့် စစ်ပွဲကို ရှောင်၍မရတော့ချေ။ ကာ့ဒ်တို့သည် အီရတ်အစိုးရစစ်တပ်နှင့် ပူးပေါင်းပြီး အိုင်အက်စ်တို့ကို တွန်းလှန်ခဲ့ပြီး ကာ့ဒ်အမျိုးသမီး အများအပြားသည်လည်း နုနယ်သောပုံရိပ်ကို ဖယ်ခွာကာ ရှေ့တန်းစစ်မျက်နှာရောက် ကျားကျားလျားလျား စစ်သမီးများအဖြစ် ပြောင်းလဲခံယူခဲ့ကြသည်။

အသက် (၁၉)နှစ်အရွယ်ရှိ ဒိုင်လာနှင့် သူငယ်ချင်းအချို့သည် စစ်တပ်ထဲ ဝင်ရောက်အမှုထမ်းပြီး အိုင်အက်စ်တို့ကို တွန်းလှန် တိုက်ခိုက်ရင်း ကျဆုံးသွားသည့် ကာ့ဒ်လူမျိုးကျောင်းဆရာမတစ်ဦး၏ အကြောင်းကို ကြားသိသွားသည်။ အဆိုပါ ဆရာမအတွက် အလွန်လေးစားဂုဏ်ယူသွားသည့် ဒိုင်လာတို့ အဖွဲ့သည် ဆီးရီးယားကာ့ဒ်စစ်တပ်၏ အမျိုးသမီးသီးသန့်တပ်စိတ်တွင် ပါဝင်ရန် ချက်ချင်းစာရင်းပေးသွင်းခဲ့သည်။

တူရကီနယ်ခြားရှိ ရက်စ်အယ်လ်အန်းမြို့တွင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွများနှင့် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ရာ၌ ဒိုင်လာသည် ရှေ့တန်းမှ ရဲရဲရင့်ရင့် ပါဝင်ခဲ့သည်။ ကံအားလျော်စွာ ဒိုင်လာတစ်ယောက် ဒဏ်ရာမရခဲ့ချေ။ ၎င်း တပ်မှခွင့်ရပြီး နေရပ်သို့ ပြန်လာချိန်တွင် သူရဲကောင်းတစ်ဦးအဖြစ် ကြိုဆိုခြင်းခံခဲ့ရသည်။ နောက်ပိုင်းတွင် ဒိုင်လာသည် ကိုဘာနီမြို့ကို ပြန်လည်သိမ်းယူသည့် တိုက်ပွဲ၌လည်း ပါဝင်ခဲ့သည်။

‘‘သေနတ်ကိုကိုင်ဆွဲပြီး ရွာထဲကို လမ်းလျှောက်ဝင်သွားတဲ့အခါ ယောက်ျားတော်တော်များများက မျက်နှာလွှဲသွားတယ်။ ကျွန်မရဲ့ရဲရင့်မှုအတွက် သူတို့ကိုယ်သူတို့ ပြန်ရှက်သွားတတ်တယ်လေ’’ ဟု ဒိုင်လာကဆိုသည်။ ၎င်းက မိမိ၏မျိုးရိုးအမည်ကို ထုတ်ဖော်ပြောဆိုရန်မူ ငြင်းဆိုခဲ့သည်။

ကာ့ဒ်အမျိုးသမီးစစ်သည်တစ်ဦးကို တွေ့ရစဉ် (Asmaa Waguih /Reuters)

ကာ့ဒ်အမျိုးသမီးစစ်သမီးများသည် အစောပိုင်းက ရန်သူ့သတင်းကို ကင်းထောက်ရန်၊ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန်နှင့် စစ်မြေပြင်သူနာပြုများအဖြစ် တာဝန်ပေးခံရလေ့ရှိသည်။ သို့သော်လည်း ၂၀၁၄ နှစ်လယ်ပိုင်းမှစပြီး အိုင်အက်စ်တို့ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေသည့် ကာ့ဒ်အမျိုးသမီးများ၏ သူရဲကောင်းပုံပြင်များသည် ဆီးရီးယားနှင့် အီရတ်တို့တွင် လျင်လျင်မြန်မြန် ပျံ့နှံ့လာခဲ့သည်။

အသက်(၂၇) နှစ်အရွယ်ရှိ ကာ့ဒ်စစ်သမီး ဘာရီတန်က အိုင်အက်စ်တို့သည် အမျိုးသမီးစစ်သည်များကို မုန်းတီးကြောက်ရွံ့လေ့ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

‘‘ရှင်က အမျိုးသမီးတစ်ယောက် ဖြစ်နေပြီဆိုရင် ရိုင်ဖယ်သေနတ်ကိုဆွဲပြီး ထွက်တိုက်ပါ။ အဲဒီအကြမ်းဖက်သမားတွေကို ရင်ဆိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်ထားပါ။ ရှင့်အနေနဲ့ သူတို့ကို မသတ်နိုင်ဘူးဆိုရင်တောင် သူတို့ကို စိတ်ချောက်ချားသွားအောင် လုပ်နိုင်ပါလိမ့်မယ်’’ဟု ၎င်းကဆိုသည်။

လက်ဖြောင့်ခြင်းသည် ဘာရီတန်၏ တိမ်မြုပ်နေသော ပါရမီတစ်ခုဖြစ်သည်။ အဆိုပါ ပါရမီသည် စစ်ပွဲကာလတွင် ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။ ၎င်းသည် ကာ့ဒ်တပ်ဖွဲ့များအတွက် အားထားရသည့် စနိုက်ပါလက်ဖြောင့်တပ်သားတစ်ဦး ဖြစ်လာခဲ့သည်။

‘‘ကျွန်မက စနိုက်ပါတစ်ယောက်ပါ။ နောက်ဆုံးစစ်ဆင်ရေးမှာ အိုင်အက်စ်အဖွဲ့သားသုံးယောက်ကို ကျွန်မ ပစ်သတ်ခဲ့တယ်။ ကျွန်မလက်ချက်နဲ့ တစ်ယောက် ဒဏ်ရာရသွားတယ်လေ’’ ဟု ၎င်းက ဂုဏ်ယူစွာဖြင့်ဆိုသည်။ ၎င်းသည် တောင်ကုန်းတစ်ခုပေါ်တွင် မတ်တတ်ရပ်ရင်း ကိုက်လေးရာမျှအကွာရှိ ရွာတစ်ရွာသို့ မျက်နှာမူကာ အမေရိကန်သတင်းထောက် မာတင်ဟီလ်မာ၏ မေးခွန်းများကို ဖြေကြားနေခြင်း ဖြစ်သည်။ ဟီလ်မာသည် ကာ့ဒ်စစ်သမီးများ၏ ဘဝကို မှတ်တမ်းတင်ရန် ဆီးရီးယားသို့ ရောက်ရှိနေခြင်းဖြစ်သည်။ အိုင်အက်စ်တို့က အမေရိကန်သတင်းထောက်အတွက် ဆုငွေဒေါ်လာရှစ်သောင်း ထုတ်ပြန်ထားရာ အဆိုပါနေရာ တစ်ဝိုက်ကို လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားရသည်။

‘‘အဲဒီဘက် ရွာတွေကို ကြည့်စမ်းပါ။ အိုင်အက်စ်ကကောင်တွေ ထိန်းချုပ်ထားတာလေ။ ဒါပေမဲ့ ကျွန်မတို့ စစ်ဆင်ရေး စလိုက်တာနဲ့ ကျွန်မတို့ လက်အောက် ပြန်ရောက်လာစေရမယ်။ ဒါကို တကယ်ပဲ အလေးအနက် ယုံကြည်ထားတယ်’’ ဟု ၎င်းက ဆိုသည်။

ဘာရီတန်က ဆက်လက်၍ ‘‘အိုင်အက်စ်စစ်သွေးကြွတွေက စစ်ပွဲမှာ သူတို့သေသွားရင် ကောင်းကင်ဘုံမှာ အပျိုစင် ၇၂ ယောက်နဲ့ စံစားရမယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ အမျိုးသမီးတိုက်ခိုက်ရေးသမားတစ်ယောက်လက်မှာ သေခဲ့ရင်တော့ ငရဲကို တိုက်ရိုက်ရောက်သွားမယ်လို့ သူတို့က ထင်နေတယ်လေ။ တစ်နည်းအားဖြင့် ပြောရရင် မိန်းမတစ်ယောက်သတ်တာခံရရင် သေချာပေါက် ငရဲလားမယ့်သဘောမျိုး သူတို့စိတ်ထဲမှာ တွေးထားတယ်။ အဲဒီတော့ ကျွန်မတို့ကို သူတို့က ရွံကြောက်ကြီး ဖြစ်နေတတ်ပါတယ်’’ ဟုလည်း ပြောကြားခဲ့သည်။

တစ်ဖက်တွင် ကာ့ဒ်စစ်ဦးစီးများက အမျိုးသမီးစစ်သည်များကို ရည်ရွယ်ချက်ရှိရှိအသုံးချနေကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။ စစ်ဝတ်စုံနှင့် အမျိုးသမီးများ၏ပုံရိပ်က အနောက်နိုင်ငံမီဒီယာများကို ကောင်းစွာဆွဲဆောင်နိုင်ပြီး တစ်ကမ္ဘာလုံးက ကာ့ဒ်တပ်ဖွဲ့များကို ပိုမိုလေးစားထောက်ခံလာရန် စစ်ဦးစီးများက အကွက်ချ စီမံနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်ခဲ့သည်။

ဘာရီတန်ကမူ အဆိုပါ သုံးသပ်ချက်များအပေါ် အမှန်၊ အမှားခွဲခြားရန် စိတ်မဝင်စားဟု ဆိုသည်။

‘‘ကျွန်မ စစ်တိုက်နေတာဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ။ ပြီးတော့ အမျိုးသမီးထုတစ်ခုလုံးကို တတ်စွမ်းသရွေ့ကာကွယ်ဖို့ပါပဲ။ နောက်တစ်ချက်က အခြေခံအားဖြင့် ကာ့ဒ်တွေဟာ ဒီမိုကရေစီနည်းလမ်းကျကျ ကျင့်သုံးမှုတွေရှိတယ်။ အမျိုးသမီးတစ်ယောက် ခေါင်းဆောင်းခြုံထားဖို့ ဆိုတာက မလုပ်မဖြစ်လုပ်ရမယ့်ကိစ္စမျိုး မဟုတ်ဘူး။ အရမ်းတင်းကျပ်တဲ့ အစ္စလာမ်မစ်စည်းမျဉ်းမျိုးတွေနဲ့ ကြပ်မတ်ထားတာမျိုးလည်း မရှိဘူးလေ။ ဒီတော့ အမျိုးသမီးတွေ စစ်ဝတ်စုံ ဘောင်းဘီဝတ်လို့လည်း ဘယ်သူကမှ အပြစ်တင်နေမှာ မဟုတ်ဘူး’’ ဟု ၎င်းက မှတ်ချက်ပြုသည်။

၎င်းက အမျိုးသမီးစစ်သည်များကို ကြောက်ရွံ့မုန်းတီးသည် အိုင်အက်စ်တို့၏ ပင်ကိုစရိုက်က ကာ့ဒ်စစ်သမီးများအတွက် စိတ်ဓာတ်ခွန်အားတစ်ရပ်လည်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

‘‘သူတို့နဲ့ တိုက်ခိုက်ရတိုင်း ကျွန်မဘက်က အားသာချက်ရှိသလို ခံစားရတယ်။ ပိုပြီးသန်မာလာတယ်၊ အားကောင်းလာတယ်ဆိုတဲ့ ခံစားချက်မျိုး ပေါ်လာတယ်။ သူတို့ရဲ့ အရိုးစွဲယုံကြည်မှုအရ မိန်းမတစ်ယောက် သတ်ဖြတ်တာ ခံရမှာကို အရမ်းကြောက်တယ်လေ။ ဒါကြောင့် ကျွန်မတို့ကိုမြင်ရင် အိုင်အက်စ်တွေက ထိပ်တိုက်ရင်ဆိုင်ဖို့ထက် ထွက်ပြေးဖို့ ပိုပြီးစိတ်စောနေတတ်ကြတယ်’’ဟု ဘာရီတန်က ရယ်ရယ်မောမော ပြောကြားသွားသည်။

—Ref: PBS, CNN
7Day Daily

0 comments:

Post a Comment