သည်နှစ် ကျွန်တော့် သားငယ် လေးတန်းအောင်သည်။ အဆင့်က A။ သူ A အဆင့်ဖြင့်အောင်သည်ကို မယုံမည်စိုး၍ ဖုန်းဖြင့်ဓာတ်ပုံရိုက် လာပြီး သူလိုချင်သည်များကိုဝယ် ပေးရန် ကျွန်တော့်ကို ရာဇသံပေး သည်။ ကျွန်တော်က သူ့အောင် မြင်မှုကိုဂုဏ်ပြုသည့်အနေဖြင့် အိုကေဟု ခေါင်းညိတ်ပြလိုက်တော့ သားငယ်က ပျော်သွားပြီး ဟေးဟုအော်ကာ ပြေးထွက်သွားသည်။ကျွန်တော်ကတော့ A ၏ အဓိပ္ပာယ်ကိုတွေးတောရင်း ကျန်ခဲ့၏။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ ဆိုရှယ်လစ်အတွေး အ ခေါ်များ သွတ်သွင်းထားသည့် သင်ရိုးညွှန်းတမ်းများနှင့်သာ ကျောင်းတက်ခဲ့ရသည့် ကျွန်တော်။ ပညာရေးစနစ်အပြောင်းအလဲ အမျိုးမျိုးကြားမှာ ကြီးပြင်းခဲ့ရသည့် ကျွန်တော့်အနေဖြင့် သားငယ်အဆင့် (A)ဖြင့် အောင်မြင်ခဲ့သည်ကို အကဲမဖြတ်လို။ A,B,C,D ဆိုသောသတ်မှတ်ချက်ကစတုတ္ထတန်းကလေးတွေအတွက် မှန်ကန်သည့်သတ်မှတ်ချက်၊ သင့်လျော်ပြည့်စုံသည့် အကဲဖြတ်ချက် ဟုတ်၊ မဟုတ်ကျွန်တော်မသိ။ သေချာသည်ကတော့ သည်သတ်မှတ်ချက်ကြောင့် ကျွန်တော်တို့ရပ်ကွက်ထဲမှာတော့ ပွက်လောရိုက်သွား ခဲ့သည်။
အမြဲတမ်းအဆင့် (၁)ရနေ သည့်ကလေးက အောင်စာရင်း မှာ B တို့၊ C တို့ဖြင့်ပါလာတော့ မိဘတွေက ဆရာတွေကို အပြစ် တင်ကြသည်။ ကျိန်ဆဲကြသည်။ အချို့ကလေးတွေ D ဖြင့်ကျ၍ မိဘတွေ ဆွေ့ဆွေ့ခုန်ကြသည်။ငါတို့အရှက်ကို ခွဲရကောင်းလား ဆိုပြီး ကလေးတွေကိုလှိမ့်ဆူ၊ လှိမ့်ရိုက်သည်။ ဆရာ၊ ဆရာမများ အပေါ် သိတတ်ခဲ့မှုဖြင့် အလွယ်တကူ အဆင့် (၁) ရခဲ့သော အခြေအနေမှ အစိုးရစစ်ဆိုသောအခြေအနေက ပြောင်းပြန်လန်သွားခဲ့၏။ (A)အဆင့်ဖြင့် အောင်သည့်ကလေးက တကယ်တတ်၊ တကယ်တော်လား ဆိုပြန်တော့ ဒါကလည်းမသေချာ။ သည်လိုဆိုရင် အဖြေစစ်စစ်က ဘာလဲဆိုသည်ကို မည်သူမျှမသိသေး။ ပညာရေးဝန်ကြီးဌာနက စာမေးပွဲနှင့်ပတ်သက်၍ ဆန်းစစ်သည့် ညီလာခံတစ်ခု နေပြည်တော်မှာလုပ်ရန် အခုမှစီစဉ်တုန်း ရှိသေးသည်။ ပြောရလျှင် သူတို့ လုပ်သည့်စနစ်မှန်၊ မမှန်ကို သူတို့ပင် အပ်ကျမပ်ကျမသိသေး။ လေးတန်းက ၇၅ ရာခိုင်နှုန်း၊ရှစ်တန်းက ၅၅ ရာခိုင်နှုန်းပဲအောင်သည်။ ဒါကို မအောင် အောင်အောင် စာမေးပွဲထပ်ဖြေရဦးမည်။ မိဘတွေပျာသွားသလိုသူတို့ကိုယ်တိုင်လည်း ချာချာလည်သွားသည်။ ဆရာ၊ ဆရာမတွေကလည်း ငါတို့သင်ခဲ့တာရေပေါ် အရုပ်ရေးသလိုပါလားဟုသိသွားခဲ့ပုံရသည်။ အစိုးရမင်းများကတော့ ပညာရေးစနစ်ပြောင်းမှရ မည်ဆိုတာကို သိသွားပုံရ၊ မရ တော့မသိ။ ပညာရေးစနစ်ပြောင်း ဖို့ အော်သည့်ကလေးတွေကို ငါတို့ကို အန်တုသလားဆိုပြီး ရွှေ ဖော့ရိုးဖြင့်မဆုံးမဘဲ ထောင်ချပစ် ဖို့ပင် ကြိုးစားနေလေသည်။ ဒါ တွေက တစ်ပိုင်း ထားတော့။
မိဘတွေအနေဖြင့် သား၊သမီးတွေကိုချစ်သည်ဆိုပြီး အစဉ်အဆက်ဆရာ၊ ဆရာမတွေကို မျက်နှာချိုသွေး၊ လက်ဆောင်ပဏ္ဏာဖြင့် အကျင့်ပျက်အောင်လုပ်၊ ကလေးတွေကို ခါးကိုင်းအောင်ကျောပိုး အိတ်တနင့်တပိုးသယ်စေပြီးကျူ ရှင်ပြီးကျူရှင်၊ ဂိုက်ပြီးဂိုက်ဆိုတာတွေ အလုပ်မဖြစ်မှန်းသိဖို့လိုမည်ထင်သည်။ ကလေးတွေမအောင်မြင်တာ၊ ဆုံးရှုံးရတာ ငါတို့ညံ့လို့ဟု တွေးမိမှ တွေးမိပါလေစ၊ အရွယ်နှင့် လိုက်ဖက်စွာရှိရမည့် ပျော်ရွှင်မှုတွေကို ဖျက်ဆီးခဲ့ကြလေသလား စဉ်းစားခဲ့ပါလေစ။ မိဘတိုင်းက သားသမီး တွေကို အောင်မြင်စေလိုသည်။ ကြီးမြင့်စေလိုသည်။ ဒါကငြင်း၍မရသည့် ထာဝရအမှန်တရား။ သို့သော်လည်း မတော်တဆရှုံး နိမ့်သွားခဲ့ရင်ကော။ အဲဒါနင့်ကြောင့်ဆိုသည့် မုန်တိုင်းထန် သောပြစ်တင်သံတို့ဖြင့် ကလေး တွေကို စိတ်ဒဏ်ရာပေးမှာလား။ ညှိုးငယ်သိမ်ဖျင်းစေမှာလား၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပျောက်ဆုံးစေမှာလား။
ကဗျာဆရာ မိုဃ်းဇော်က တော့ ‘လက်ဆောင်’ဆိုသော ကဗျာတစ်ပုဒ်ဖြင့် သူ့သားသမီး တွေကို အားပေးသည်။
လက်ဆောင်
လက်ဝှေ့ထိုးမယ်ဆိုရင်
မိုဟာမက်အလီလောက်တော့
ဖြစ်အောင်လုပ်ပါ ငါ့သား။
ဂေါက်သီးရိုက်မယ်ဆိုရင်တော့
မင်းရဲ့ပြိုင်ဘက်ဟာ
အနည်းဆုံး တိုက်ဂါးဝုဒ်
လောက်ဖြစ်ရမယ်။
ဘာပဲလုပ်လုပ်လေ
ကမ္ဘာကျော်တွေကို မင်းရဲ့
ပြိုင်ဘက်တွေလို သဘောထားမှ
ကမ္ဘာမကျော်သည့်တိုင်အောင်
မင်းစိတ်ဓာတ်ဟာ
ကမ္ဘာ့အဆင့်မီနေမှာပေါ့။
ဒါမှမဟုတ်
ကမ္ဘာ့ထောင့်ကျဉ်းကလေးထဲက
ကြေကွဲစရာထိုင်ခုံကလေးပေါ်မှာ
ဆုတံဆိပ်တွေနဲ့ လွဲချော်ပြီး
မင်းရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင်
စိတ်ဓာတ်မကျလိုက်ပါနဲ့ကွာ။
ကမ္ဘာကြီးမှာ အောင်မြင်သူတွေ ကြည်နူးဖို့အတွက်သာ မဟုတ် ပါဘူး
ရှုံးနိမ့်သူတွေပါ စိတ်သက်သာရ အောင်
ပန်းရောင်စုံတွေ ပွင့်နေဦးမှာပါ။
သည်ကဗျာက သရဖူမဂ္ဂ ဇင်း ၂၀၁၁ ဒီဇင်ဘာမှာ ဖော်ပြခဲ့ သောကဗျာ။ အနက်တွေဝှက် မထား၊ ဂမ္ဘီရဆန်ဆန် စကားလုံး တွေကို အသုံးမပြု၊ သားကိုပေးချင်သည့်မက်ဆေ့ခ်ျမို့ ရှင်းလင်း သည်။ ဖခင်တစ်ယောက်၏ ရိုးရှင်းသောဆန္ဒကိုဖော်ပြသည်။ လက်ဝှေ့ထိုးမယ်ဆိုရင် မိုဟာမက် အလီ၊ ဂေါက်ရိုက်မယ်ဆိုရင် တိုက်ဂါးဝုဒ်တို့လောက်ကို ပြိုင်ဘက်ထားပါဟု ဆိုသည်။ ကတ်စပါရော့လောက်နဲ့ စစ်တုရင် ကစားမှ၊ မက်ဆီ၊ ရောနယ်ဒိုတို့နှင့် အပြိုင်ဘောလုံးကန်နိုင်မှ၊ ရာဖေးနာဒယ်လောက်က ကိုယ့်ရဲ့တင်းနစ်ပြိုင်ဘက်ဖြစ်မှဆိုသည့် စိတ်မျိုးကို သားကိုမွေးမြူခိုင်း သည်။ ကမ္ဘာကျော်တွေကို ပြိုင်ဘက်လိုသဘောထားမှ ကမ္ဘာ မကျော်သည့်တိုင် စိတ်ဓာတ်က ကမ္ဘာ့အဆင့်မီမှပေါ့ဟု စိတ်ဓာတ်ကိုမြှင့်သည်။
ဟုတ်သည်လေ၊ ကိုယ့်ထက် လက်ရည်နိမ့်ကျသောသူကို ပြိုင် ဘက်လုပ်ပြီး ကိုယ်က အမြဲအနိုင် ရနေလိုသည့် စိတ်မျိုးကို မွေးမြူ မိလျှင် ကျွန်တော်တို့ကလေးတွေ ဘယ်တော့မှ လူလားမမြောက်။ ကျွန်တော်တို့သည် ကလေးငယ်များနှင့် ဆော့ကစားလေ့ရှိသည့် အခါတိုင်း ကလေးငယ်များကျေ နပ်မှုရရှိစေရန် အမြဲအရှုံးပေးရလေ့ရှိသည်။ ကလေးငယ်က လည်း သူပင်အမြဲတော်သည်၊ အမြဲနိုင်သည်ဟု ထင်တတ်သည်။ပညာသင်ကြားရသည့်အရွယ်မှ စ၍ ပတ်ဝန်းကျင်သို့ တိုးဝင်လာရ သည့်အခါမျိုးတွင် မိမိအမြဲအနိုင် ရခဲ့သည့် ပတ်ဝန်းကျင်ကမရှိ တော့။ ထိုအချိန်မျိုးတွင် သားကို မိမိနှင့် လက်ရည်မြင့်သူများနှင့် ယှဉ်ပြိုင်လိုစိတ်ရှိအောင် ကဗျာ ဆရာက သွေးထိုးသည်။ သို့သော်လည်း အောင်မြင်မှုက အမြဲထာဝရရှိနေတတ်သော အရာတော့မဟုတ်။ တစ်ခါတလေဆုံး ရှုံးနိုင်သည်။ အခါခါလဲပြိုနိုင်သည်။ ထိုသို့သောအချိန်မျိုးတွင် ကြေကွဲဝမ်းနည်းစိတ်ဓာတ်ကျမှုမျိုး မုချကြုံရပါလိမ့်မည်။ ဒါကို ကဗျာဆရာက ‘ကမ္ဘာ့ထောင့်ကျဉ်း’ဆိုသည့် အသုံးအနှုန်းဖြင့် ပြိုင်ပွဲကြိုးဝိုင်းထက် ကျယ်ပြန့်သော လောကအပြင်သို့ သားကို ဆွဲခေါ်လာပြီး ဆုတံဆိပ်တွေနဲ့ လွဲချော်ပြီး ရှုံးနိမ့်ခဲ့ရင်တောင် စိတ်ဓာတ်မကျဖို့သားကိုအားပေးသည်။
ကျွန်တော်ငယ်ငယ်က ဆရာချစ်စံဝင်း၏ စာတစ်ပုဒ်ကိုဖတ်ခဲ့ ဖူးသည်။ ဒုတိယကမ္ဘာစစ်တွင် ပြာပုံအတိဖြစ်ခဲ့သော ဂျပန်နိုင်ငံ မှ လူငယ်လေးများ စီးပွားရေးလုပ် ငန်းများ စတင်လုပ်ကိုင်သော အခါ အရှုံးနှင့်ရင်ဆိုင်ရသည်။ ထိုအခါမျိုးတွင် သူတို့၏ ရှုံးနိမ့်မှု အတွက် လက်သန်းဖျားမှ လက် တစ်ဆစ်ကိုဖြတ်ပစ်သည်တဲ့။ ထို ခေတ်၊ ထိုကာလက ဂျပန်တွင် လက်တစ်ဆစ်မပြတ်ဖူးသူ ရှာမှ ရှားဟုဆိုသည်။ သို့သော် ဘယ် သူမှတော့ လက်နှစ်ဆစ်မပြတ်။ ပထမတစ်ကြိမ် ရှုံးနိမ့်မှု၏ တွန်း အားက ဒုတိယတစ်ကြိမ် အောင် မြင်မှု၏ အသီးအပွင့်ကိုဖြစ်စေ၏။ ထိုအသီးအပွင့်က သာမန်အသီး အပွင့်တော့မဟုတ်။ မိမိကိုယ်လက်အင်္ဂါနှင့်ရင်းခဲ့ရသည့် အသီး အပွင့်။ ပို၍ကြီးမားသည်၊ ပို၍ မွှေးပျံ့သည်၊ ပို၍ချိုမြိန်ပါလိမ့် မည်။ ဘဝမှာ မရှုံးနိမ့်ခဲ့ရဖူးသူရှိခဲ့ပါသည်ဆိုလျှင် ထိုလူက နတ်ဒေဝတာတစ်ပါးသာ ဖြစ်ပါလိမ့်မည်။ ဒါကြောင့်လည်း
ကမ္ဘာကြီးမှာ
အောင်မြင်သူတွေ ကြည်နူးဖို့ အတွက်သာ မဟုတ်ပါဘူး။
ရှုံးနိမ့်သူတွေပါ စိတ်သက်သာရာ ရအောင်
ပန်းရောင်စုံတွေ ပွင့်နေဦးမှာပါ
ဟု ကဗျာဆရာမိုဃ်းဇော်က ရေးဖွဲ့ခဲ့သည်။ ကျွန်တော်တို့သားသမီး တွေ ဘယ်လောက်ရှုံးနိမ့်ရှုံးနိမ့် သူတို့တစ်နေ့ (A) အဆင့်ဖြင့် အောင်မြင်ရပေလိမ့်မည်။ ဒါကကျွန်တော်တို့၏ သားသမီးတွေ အပေါ် တကယ်ချစ်တတ်၊ မချစ်တတ်အပေါ်မှာ မူတည်နေသည် ဟု ကျွန်တော်ထင်သည်။
7Day Daily
0 comments:
Post a Comment