Sunday, September 1, 2013

အာဆီယံစီးပွားရေး အသိုက်အ၀န်းတွင် ဖွံ့ဖြိုးမှု နောက်ကျနေသည့် မြန်မာနိုင်ငံ အနေဖြင့် သတ်မှတ်ကာလအတွင်း ပါဝင်နိုင်ရန် အမေရိကန် ကူညီမည်

အာဆီယံစီးပွားရေး အသိုက်အ၀န်း (ASEAN Economic Community-AEC) တွင် ဖွံ့ဖြိုးမှု နောက်ကျနေသည့် မြန်မာနိုင်ငံ အနေဖြင့် သတ်မှတ်ကာလအတွင်း အာဆီယံစီးပွားရေး အသိုက်အ၀န်းတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အမေရိကန်နိုင်ငံမှ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း အာဆီယံစီးပွားရေး အသိုက်အ၀န်း အသိပညာ ပြန့်ပွားရေးအဖွဲ့မှ သဘာပတိဖြစ်သူ ဦးတင်ချိုက ပြောကြားသည်။


၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင်မည့် AEC တွင် အာဆီယံနိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်မှု၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်မည် ဖြစ်သည်။ ထိုသို့ အာဆီယံ ၁၀ နိုင်ငံအနက်မှ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသည့်ဖွံ့ဖြိုးမှု နောက်ကျနေသည့် နိုင်ငံများရှိနေပြီး ထိုသို့ဖွံ့ဖြိုးမှု နောက်ကျသည့် CLMV နိုင်ငံများတွင် ပါဝင်ခဲ့သည့် ဗီယက်နမ်နိုင်ငံ အနေဖြင့် လက်ရှိကာလတွင် အဆင်သင့် ဖြစ်နေသည့် အနေအထားတွင် ရှိနေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ အနေနှင့် AEC တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ အဓိက တာဝန်ယူ လုပ်ဆောင်နေကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် AEC နှင့် ပတ်သက်သည့် အသိပညာများ၊ AEC နှင့် ပတ်သက်သည့် အချက်အလက်များ သိရှိမှု အားနည်းနေရုံသာမက ကျန်အာဆီယံ ကိုးနိုင်ငံနှင့် ယှဉ်ပြိုင်ရာတွင် အဓိက ပံ့ပိုးပေးရမည့် အစိုးရအနေဖြင့် ဘဏ်တိုးနှုန်းများ လျှော့ချမှု အားနည်းနေခြင်း၊ လိုအပ်သည့် ဥပဒေများ ထုတ်ပြန်နိုင်မှု မရှိခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ၏ ထုတ်ကုန်များအား အရည်အသွေး မြင့်မားသည့် ထုတ်ကုန်များအဖြစ် ပံ့ပိုးပေးခြင်းများ ပြုလုပ်ရာတွင် အားနည်းမှုများ ရှိနေကြောင်း သိရသည်။

ပုဂ္ဂလိက ကဏ္ဍတွင် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် AEC တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပါရမီ ကုမ္ပဏီများအုပ်စုမှ ရန်ကုန်၊ မန္တလေး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များတွင် အလုပ်ရုံဆွေးနွေးပွဲများ လိုက်လံကျင်းပနေသည်။ ထိုသို့ ဆွေးနွေးပွဲမှ ရရှိသည့် ရလာဒ်များ၊ ဒေသခံများ၏ ဆွေးနွေးမှုများအား နိုင်ငံတော်သမ္မတ အပါအ၀င်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနများသို့ ပေးပို့ပြီး ပြည်တွင်းလုပ်ငန်းရှင်များအတွက် အစိုးရအဖွဲ့မှ ပံ့ပိုးပေးရန် လိုအပ်သည်များကို တာဝန်ရှိသူများသိရန် ပေးပို့ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment