Wednesday, December 3, 2014

ပညာရေးသည် သာမည၊ ဆူပူရေးသည်အဓိက





ပြီးခဲ့သည့် နိုဝင်ဘာလတွင် ရန်ကုန်မြို့အတွင်း အမျိုးသားပညာရေး ဥပဒေမူကြမ်း ကန့်ကွက်ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ၎င်းဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သူများကတော့ လက်ရှိပညာသင်ကြားနေ သော ကျောင်းသူ၊ ကျောင်းသားများမဟုတ်ကြပဲ တက္ကသိုလ်မှဘွဲ့ရပြီးသူ၊ တက္ကသိုလ်တက်ရောက်ခွင့်မရရှိတော့သူ နှင့် နိုင်ငံရေးသမားများ၊ လူမှု့အဖွဲ့အစည်းခေါင်းစဉ်တပ်ပြီး ကိုယ်ကျိုးရှာသူများသာ ပါဝင်ခဲ့ကြတာတွေ့ရှိရပါတယ်။ အမေရိကန် သမ္မတ အိုဘားမား ရန်ကုန်ရောက်ရှိသည့်နေ့ရက်မှ စတင်ပြီး လေးရက်ကြာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲများကို ဦးဆောင်နေသူများဟာ ဆန္ဒပြပွဲများသို့ ကျောင်းသားများနှင့် ပြည်သူများပါဝင်လာလိမ့်မည်ဟု မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ မဖြစ်လာနိုင်မှန်းသိလိုက်တဲ့အတွက် ဟန်ကိုယ့်ဖို့ ဆိုတဲ့ စကားအတိုင်း အစိုးရကို အခွင့်အရေးပေးသည့်အနေဖြင့် ရက်ပေါင်း ၆၀ အတွင်း အစိုးရတာဝန်ရှိသူများမှ ၎င်းတို့ နှင့်လာရောက် ဆွေးနွေးရန်နှင့် လာရောက်မဆွေးနွေးပါက ယခုထက်ပိုမိုကြီးကျယ်သည့် ဆန္ဒပြပွဲများကိုလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရာဇသံပေးလိုက်တယ်လို့ ကြေညာပြောဆိုပြီး ဆန္ဒပြပွဲများကိုရပ်ဆိုင်းလိုက်ပါတယ်။

လက်ရှိအစိုးရအနေနဲ့ တိုင်းပြည်အတွင်း ဆူပူမှုများဆက်လက်မဖြစ်ပွားစေလိုတဲ့ ဆန္ဒရှိဟန်တူပါတယ်။ ၎င်းဆန္ဒ ပြပွဲများကို ညင်သာစွာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ချက်က သက်သေပြနေပါတယ်။ အစိုးရမှတာဝန်ရှိ သူများကလည်း ကျောင်းသားများအနေဖြင့် အမျိုးသားပညာရေးဥပဒေကြမ်းမှ အားနည်းချက်များ၊ သဘောမတူသည့် အချက်များကို သက်ဆိုင်ရာ တက္ကသိုလ်၊ တန်းခွဲ နှင့် ကျောင်းများအလိုက် ကျောင်းသားအားလုံး၏ ဆန္ဒခံယူပြီး တင်ပြနိုင်တယ်လို့ ဖိတ် ခေါ်ထားပါတယ်။

ဒါပေမယ့် ဆန္ဒပြပွဲဦးဆောင်သူများရဲ့ ရည်ရွယ်ချက်ဟာ အမျိုးသားပညာရေးကို ပြင်ဆင်လို၍ ဆန္ဒပြနေတာ မဟုတ်ပဲ၊ တိုင်းပြည်ဆူပူပြီး ပြည်သူတွေလမ်းပေါ်ထွက်လာအောင် လုပ်ဆောင်လိုရင်းကအဓိကဖြစ်နေပါတယ်။ ဒါကြောင့် အစိုးရ၏ တိုက်တွန်း ဖိတ်ခေါ်ချက်ကို ဆွေးနွေးတိုင်ပင်ကြဖို့မစဉ်းစားပဲ နယ်မြို့အသီးသီးသို့ သွားရောက်ပြီး သွေးထိုးလှုံ့ ဆော်ဖို့အတွက်ပဲ ကြိုးပမ်းနေတာကို တွေ့မြင်နေရပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့က တောင်ငူမြို့မှာ ပညာရေးဥပဒေမူကြမ်း ကန့်ကွက်ဆန္ဒပြစဉ်က ခွင့်ပြုချက် မရယူခဲ့တဲ့ အတွက် တောင်ငူရဲစခန်းမှ ဆန္ဒပြပွဲဦးဆောင်သူများကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လိုက်ပါတယ်။ ဦးဆောင် သူများကတော့ အောင်ထက်၊ အောင်ကိုခန့်၊ မင်းသွေးသစ်၊ မြတ်သူ၊ အောင်နေပိုင်၊ မင်းမင်းဇော် တို့ပဲဖြစ်ပါတယ်။ ၎င်းတို့ဟာ တောင်ငူရဲစခန်းတွင် တရားဥပဒေအရ ခံဝန်ကတိမထိုးနိုင်ကြောင်းနှင့် ဖမ်းဆီးလိုကဖမ်းဆီးနိုင်ကြောင်း ပြန်လည်ပြော ကြပါတယ်။

သူတို့ဘာကြောင့်များ အဖမ်းခံချင်နေကြသလဲလို့ စဉ်းစားကြည့်မိတော့ အချက်နှစ်ချက် စဉ်းစားမိပါတယ်။ ပထမ တစ်ချက်က အဖမ်းခံရလဲ ပုဒ်မ (၁၈) နဲ့ဆိုတော့ ထောင်ဒဏ်က လပိုင်းပဲကျခံရမှာပါ။ အဲဒီအတွက် ရရှိမယ့် အကျိုးအမြတ် ကတော့ မြန်မာနိုင်ငံမှာ ထောင်ကျဖူးရင် ဘေးကနေ ၀ိုင်းဝန်းမြှောက်ပင့်လုပ်တတ်ကြတဲ့ အဖွဲ့အစည်းတွေကြောင့် နိုင်ငံရေး သူရဲကောင်း အလိုလိုဖြစ်သွားတဲ့ အချက်ဖြစ်လို့ပါပဲ။ နောက်တစ်ချက်က ၎င်းတို့ဖမ်းဆီးခံရမှုကို အကြောင်းပြပြီး ပြည်သူတွေကို ပိုမိုသွေးထိုးလှုံ့ဆော်နိုင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့ အဓိကလိုချင်တာ ပညာရေးဥပဒေပြင်ဆင်ဖို့မဟုတ်ပဲ ပြည်သူများ လမ်းပေါ်ထွက် ဆူပူဆန္ဒပြလာအောင် လုပ်ဆောင်လိုရင်း က အဓိကဖြစ်နေတယ်လို့ သုံးသပ်မိကြောင်းတင်ပြလိုက်ရပါတယ်။

မင်းကို
Today Myanmar

0 comments:

Post a Comment