Friday, December 19, 2014

ဆင်ဆာပြန်လည် တင်းကျပ်မည့် အသံထွက် ပေါ်ခဲ့ပြီးနောက် ရုပ်ရှင်အရေး အတွက် နှစ်ဦးနှစ်ဖက် ထိပ်တိုက် တွေ့ဆုံခဲ့သည့် လွန်ဆွဲပွဲ


ဒစ်ဂျစ်တယ် စနစ် ရုပ်ရှင်ရုံ များကို မြို့ ကြီးများ၌ပင်မဟုတ်၊ မြို့နယ်ကျေးရွာ များမှာပင် မည်သို့ရောက်ရှိအောင် ပြုလုပ်၍ ရင်းနှီးမြှုပ်နှံမည့် သူပေါ် လာအောင် မည်သို့ လုပ်ဆောင် ရမည် လဲဆိုသည့် အကြောင်းများ၊ Rating ဇာတ်ကား အဆင့်အတန်း သတ်မှတ် နိုင်ရေးအတွက် ကိုယ့်နိုင်ငံ ယဉ်ကျေး မှုနှင့် အံဝင်မှု ရှိအောင် မည်သို့ ဆက် လက်ဆောင်ရွက် သွားကြမလဲ ဆိုသည့် အကြောင်း များကို ဆွေးနွေးပြောဆို ခဲ့ကြသည်။မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း ကတော့ အခုလို နှစ်ဖက် တွေ့ဆုံဖြစ်တာနှင့် ပတ်သက်ပြီး “အခုဖြစ်လာတာ ကတော့ ဒီဇင်ဘာ ၁ ရက်နေ့ ကစပြီး ဆင်ဆာပြန် တင်းကျပ်မယ် ဆိုတဲ့အပေါ် ကျွန်တော် တို့ ရုပ်ရှင်လောကသားတွေ က ရရှိထား တဲ့ ဆင်ဆာ လွတ်လပ်ခွင့်တွေ ဆုံးရှုံး သွားမလား ဆိုတဲ့ စိုးရိမ် ပူပန်မှုတွေ ဖြစ်ပွား လာပြီးတော့ အခုလိုတွေ့ဆုံ မှုဖြစ်ပွား လာတာပါ။ လွန်ဆွဲနေသ လို ပါပဲ။ အနုပညာ ဖန်တီးသူနဲ့ ဆင်ဆာ ကြပ်မတ်သူတို့ အကြား ခေတ် အဆက် ဆက် လွန်ဆွဲ ခဲ့ကြပါတယ်။ ဒီနေ့ဟာ လည်း လွန်ဆွဲပွဲလေး တစ်ခုပါပဲ”ဟု ပြောခဲ့သည်။

ယခင် ကာလ ဆင်ဆာမူဝါဒ မလျှော့ခင်တုန်း ကဆိုလျှင် တင်းကျပ် မှုများစွာ ရှိခဲ့သော်လည်း ဆင်ဆာ ဖြေ လျှော့ပြီးနောက် လက်ရှိ ဆင်ဆာ အဖွဲ့ သည် ယခင်ကလို မျိုး တင်းကျပ်စွာ ဖြတ်တောက်ခြင်းမျိုး မရှိတော့ဘဲ ထောက် ညွှန်ချက် များကိုသာ ပေးပို့လျက်ရှိ သည်ဟု မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ဦးစီး ဌာန၏ ဦးဆောင် ညွှန်ကြားရေး မှူးချုပ် ဦးသိန်းအောင်က ပြောခဲ့သည်။

“အခု အတော်ကို လွတ်လပ်စွာ နဲ့ ရိုက်လာနေတာပါ။ လွတ်လပ်စွာ ရိုက်တဲ့ အပိုင်းမှာ ထောက်ညွှန်ချက် ကိုပဲ ပေးပါတယ်။ ဟိုတုန်း ကလို တင်း ကျပ်စွာလုပ်တာမျိုး မရှိပါဘူး။ ပရိသတ် ဆီကလည်း အသံ ထွက်လာတယ်။ ဆင်ဆာ အဖွဲ့တွေက မကြည့်တော့ဘူး လားဆိုတဲ့ အသံတွေ ရှိလာတယ်။ ဒါ ကြောင့်မို့ ဒီအပေါ်မှာ မတင်းကျပ် ခင်၊ တင်းကျပ်တော့မယ် ဆိုပြီးတော့ သတိပေးတာပါ။ ဘယ်လို တင်းကျပ် မယ် ဆိုတာ ကိုလည်း ရှင်းပြပါတယ်။ ဟိုလိုမျိုး ဖြတ်တောက်တာ မဟုတ်ပါဘူး” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်က ပြောပြခဲ့သည်။ အဆိုပါ ထိပ်တိုက် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောဆို ဆွေးနွေးခဲ့ကြသည့် ရုပ်ရှင် အရေး ကိစ္စများစွာ ထဲမှ စကားသံ အချို့ကို ဖော်ပြပေးလိုက်ပါသည်။

ဦးဇင်ဝိုင်း

”ညစ်ညမ်းတဲ့ ပြကွက်တွေ မောင်နဲ့ နှမသားနဲ့ အမိကြည့်လို့ မတင့် တယ်တဲ့ ကားမျိုးကို ကျွန်တော်တို့ မရိုက်ပါဘူး။ ဆန့်ကျင်ပါမယ်။ ဒါ ကျွန်တော်တို့ အားလုံးရဲ့ ဆန္ဒ တစ်ခု ပါ။ တကယ်လို့များ အဲဒီ အဓိပ္ပာယ်ကို မထင်မှတ်ဘဲ သက်ရောက် သွားခဲ့ရင် တောင် သက်ဆိုင်ရာ ဌာနများ ဖြတ် တောက်ပေးမယ် ဆိုရင် ကျွန်တော်တို့ က ကျေးဇူးတောင် တင်ရမှာပါ။ ကျွန် တော်တို့ သတိ လက်လွတ်ပြီး ပါသွား ခဲ့ရင် ဒီထက် ဆိုးကျိုးတွေ ဘယ် လောက် ဖြစ်သွားနိုင်မလဲ၊ ဒီအတွက် ဒါလေး ကို ဖြတ်တောက်ဖို့ ကျွန်တော် တို့ကို ညွှန်ပြပေးခဲ့ရင် ဝမ်းသာအား ရ လက်ခံရမှာပါ။ ကျွန်တော်တို့ နိုင်ငံ မှာ လွတ်လပ်စွာ ကိုးကွယ် နေထိုင် ကြတဲ့ ဘာသာ တရား များကို ထိပါး စော်ကား ရိုက်ကူးမှု လုံးဝ မပြုလုပ် ပါဘူးလို့ ကျွန်တော် တို့ဘက်က တာဝန်ယူ ပါတယ်။ တာဝန်ခံ ပါတယ်။ မတော်တဆ ကျွန်တော်တို့ ရိုးရိုးသား သားဖန်တီး လိုက်တဲ့ ပညာသည် အဲဒီ အဓိပ္ပာယ်မျိုး သက်ရောက် သွားနိုင် တယ်လို့ ထင်မြင်ယူဆလို့ ဒီဘက်က နေ ထောက်ပေးတာမျိုး ဆိုရင်လည်း အလွန်ကျေးဇူး တင်ပါတယ် လို့ ကျွန် တော် ပြောချင်ပါတယ်။ ဒါတွေ ကတော့ ကျွန်တော်တို့ အနုပညာ သမား ဘက် က တာဝန်ယူနိုင်ပါတယ် ဆိုတဲ့ အကြောင်း ပြောကြားခြင်း ဖြစ်ပါတယ်။ “အကြွေးတော်ပုံ အောင်ရမည်” ဆိုတဲ့ ကိုခန့်စည်သူ ရဲ့ ဇာတ်ကားဟာ အချက်ပေါင်း ၁၉ချက် နဲ့ ဖြတ် တောက်ရန် ဆိုတဲ့ မှတ်ချက်နဲ့ ထွက်လာပါတယ်။ ကျွန်တော် တို့ ရည်ရွယ် တာက ဒီကနေ့အထိ ကျွန်တော်တို့ နိုင်ငံရဲ့ အောက်ခြေမှာ ဖြစ်ပျက် နေတဲ့ အခြေအနေ ကို ပြသထားပြီး သားထဲမှာ သုံးနှုန်းထားတဲ့ အသုံးအနှုန်း များသည် လုပ် ကြံပြောဆို ထားတဲ့ အသုံးအနှုန်း များတစ်ခုမှ မပါပါဘူး။ အမှန်တကယ် တရားဝင်နိုင်ငံတော် က တာဝန်ရှိ သူများကိုယ်က လေလှိုင်း ကြားက လည်းကောင်း၊ မီဒီယာ များမှ တစ်ဆင့်သော် လည်းကောင်း၊ စာနယ်ဇင်း များမှ တစ်ဆင့် လည်းကောင်း၊ ထုတ်ခဲ့ တာပါ။ ပြည်သူတွေကို ထမင်း တစ်နပ် လျှော့စားဖို့ ပြောခဲ့တာ မဟုတ်ဘူး လားလို့ မေးရင် ပြန်ဖြေပေးစေချင် ပါတယ်။ မီးပျက်နေရင် ဖယောင်းတိုင် ထွန်းကြပါလို့ သမ္မတရဲ့ အကြံပေးက နေပြောကြား ခဲ့တာ ဟုတ်သလား၊ မဟုတ်သလား သိလို ပါတယ်။ ဒီလိုပါ ပဲ တစ်နေ့ကို ၂ဝဝဝ ရှိရင် တစ်မိသားစု လုံး လုံလောက်ပြီ လို့ ကျွန်တော် တို့က တင်မြှောက် လိုက်တဲ့ ကျွန်တော် တို့ရဲ့ အကျိုးကို ဆောင်ရွက်ရမယ့် အစိုးရ အဖွဲ့ဝင် တစ်ဦးက ပြောခဲ့တာ မဟုတ်လား။ သိချင်ပါတယ်။ ပြန်ပြောတဲ့ သူကို ပါးရိုက်မယ် ပြောခဲ့တာကို လည်း ဒီနေရာမှာ ငြင်းမယ့်သူ ရှိရင် ကျွန်တော်မေးချင် ပါ တယ်။ ဒီလိုပါ ပဲ မိုက်တီး ကလည်း ဗိုက်ကြီး လှန်ပြတယ် ဆိုသလို ဗိုက်ကြီး လှန်ပြတဲ့သူတွေ ရှိ ပါတယ်။ ဒါဟာ တကယ့် အဖြစ်ပျက် တွေပါ။ ကျွန်တော် တို့ ဒီရုပ်ရှင်ထဲ မှာ ထည့်ရိုက်ပြလိုက် မှ မဟုတ်ပါ ဘူး။ တစ်နိုင်ငံလုံး သိပြီးသားဖြစ်ကြ ပါတယ်။ ခုနပြောပါတယ်။ လွှမ်းမိုး မှုအရ စာနယ်ဇင်း တစ်စောင်က လူ တစ်ယောက် ပဲ သိနိုင်သလို ရုပ်ရှင် ဟာ လူပေါင်း များစွာ ကြည့်နိုင် သိ နိုင်ပါတယ်။ အဲဒီ လွှမ်းမိုးမှုအားကို ကျွန်တော်တို့ ယူတာပါ ခင်ဗျာ။ စာနယ် ဇင်းများက တာဝန်ကျေစွာ နဲ့ ပေးဆပ် လိုက်တာ သန်းပေါင်း ၆ဝ လောက် ပြည်သူလူထု က သန်း၂ဝ လောက်ပဲ သိတယ် ဆိုရင် နောက်ထပ် သန်း၃ဝ လောက် ပိုသိလာအောင်လို့ ကျွန်တော် တို့ ရုပ်ရှင် အနုပညာ နဲ့ ထပ်မံ တာဝန် ကျေစွာ ပံ့ပိုးတာပါ။ ဒါကိုမှ ကျွန်တော် တို့ ပံ့ပိုးတဲ့ စေတနာကို နိုင်ငံတော် အကြီးအကဲတွေ သိစေချင် ပါတယ်။ တိုင်းပြည် ရဲ့ တကယ့် လက်ရှိ အခြေ အနေ ပြည်သူတွေ ၂ဝဝဝနဲ့ မလောက်ဘူး ဖြစ်နေတယ် ဆိုတာ သိစေချင် တာပါ။ ပြည်သူ အတွက် ကျွန်တော် တို့ ရိုက်တာပါ။ ဒီဇာတ်ကား နိုင်ငံတော် အကြီး အကဲတွေ ၊ နိုင်ငံရဲ့ ရှေ့ရေးကို ပိုပြီး တွက်ဆနိုင်အောင်လို့ ကျွန်တော်တို့ ဥာဏ်မီသမျှ အသိ ပညာ အတတ်ပညာ၊ အနုပညာတွေ နဲ့ ပံ့ပိုးပေးတာပါ။ ပံ့ပိုးခွင့်ပေး ကြပါလို့ တစ်လောက သားလုံး ရဲ့ ကိုယ်စား ပြောချင်ပါတယ်။”

ဒါရိုက်တာမိုက်တီး

“အခုခေတ်မှာ ဆို စာပေလောက အတွက် မီဒီယာတွေက တာဝန်ကျေ နေပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်က လည်း မီဒီယာပါပဲ။ အဲဒီတော့ ကျွန်တော်တို့ မီဒီယာ မိသားစု ဖြစ်ရဲ့ သားနဲ့ ကျွန်တော် တို့တွေက မလုပ် နိုင်ရင်လည်း ရှက်စရာ ကောင်းပါတယ်။ စာပေကို လွတ်လပ်ခွင့် ရသလို ကျွန်တော်တို့တွေ လည်း လွတ်လွတ် လပ် လပ် လုပ်ခွင့်ရရင် ကောင်းမယ် လို့ထင်ပါတယ်”

ဒါရိုက်တာဝိုင်း

“ဆင်ဆာ အဖွဲ့ဝင်များနှင့် တကွ လူကြီးမင်း များကို ပန်ကြားလိုတာက ကျွန်တော်တို့ ရုပ်ရှင် လောကသားတွေ ကို (၁) စိုးရိမ်ပူပန်မှု မများပါနဲ့ (၂) စိတ်ရှည်ပေးပါ၊ သည်းခံပေးပါ လို့ ပြော ချင်ပါတယ်။ ကျွန်တော် တို့ခေါင်းတွေ က နှစ်ပေါင်း ၄ဝ လောက် Self – censor ရဲ့ ရိုက်ခတ်မှုကို ခံထား ရပါ တယ်။ ရှင်းရှင်းပြော ရရင် သံချေး တက် နေတဲ့ ကျွန်တော် တို့ရဲ့ တီထွင် ဖန်တီး လို စိတ်တွေ၊ ကျွန်တော် တို့ရဲ့ Creation ပါဝါတွေ အားလုံးက သံချေး တက်နေပါတယ်။ အခု ကျွန်တော် တို့ကိုဖြေ လျှော့ပေး တဲ့ သုံးနှစ်မှာပဲ ဒီသံချေးကို ခွာချဖို့ အကြိမ်ကြိမ် ကြိုး စားတယ်။ ကျွန်တော်ဆို တကယ် ကားလေး တစ်ကားနိုင်ငံ့ အတွက်၊ ပြည်သူ့ အတွက် တအား ရိုက်ချင် လို့ ရှာတယ်။ ဒါပေမဲ့ ကျွန်တော့်ခေါင်း ကို ခုထက်ထိ မိုင်းစက်ထဲက ထုတ်ဖို့ တအား ခက်တယ်။ အမှန်အတိုင်း ပြောတာပါ။ သို့သော်ငြား လည်း လမ်း စလေး တွေက တဖြည်းဖြည်း ပေါ်လာပါတယ်။ အဲဒီ အတွက်ကြောင့် ကျွန်တော် တို့ ရုပ်ရှင် လောက သားတွေကို စိတ် ရှည် သည်းခံပေးပါ။ လမ်းပြောင်းပြန် လျှောက်နေ တဲ့ သူတွေလည်း ရှိတယ်။ တမင် လုပ်တဲ့ သူလည်း ရှိပါတယ်။ လူ အမျိုးမျိုး၊ စိတ် အထွေထွေ ရှိနေတတ် လို့ပါ။ ကျွန်တော် တို့လို ရုပ်ရှင် အပေါ် ချစ်မြတ်နိုး သလို ကားကောင်းတွေ ကို ရိုက်ချင်တဲ့ သူတွေလည်း ရှိနေမှာပါ။ သူတို့ရဲ့ မျှော်လင့်ချက်တွေ ကို နားလည်ပေး ရမှာပါ။ သူတို့ဇာတ် ကားတစ်ကား ရိုက်ဖို့ အတွက် တစ်နှစ် လောက် ကြိုစဉ်းစား ရတာပါ။ စဉ်းစားတဲ့ အခါမှာ Self – censor ကိုလည်း ဖြတ်ရသေးတယ်။ ဒီဘက်က ရှိနေတဲ့ မူဝါဒတွေ ကိုလည်း ကြည့်ရသေး တယ်။ အဲဒါတွေ ကို တွက်ဆပြီး ဇာတ်လမ်း တစ်ပုဒ်ဖြစ်ဖို့ အင်မတန်မှ ကြာပါတယ်။ အနည်းဆုံး တစ်နှစ်၊ တစ်နှစ်ခွဲလောက် ကြာပါတယ်။ ရုတ်ခြည်း ပြောင်းလဲမယ် ဆိုရင် စဉ်းစား ထားတဲ့ ဟာတွေက ဖရိုဖရဲ ဖြစ်သွားနိုင် တယ်။ ပိုပြီးတော့လည်း ဆိုးသွား နိုင်တယ်။ နောက်တစ်ချက် က ဆင်ဆာ ကိုခွင့်ပြုတယ်။ DCP တွေ ပြောင်း တယ် ဆိုတဲ့နေရာ မှာ မရွေ့ဘူး ဆိုတာ ကိုတော့ ကျွန်တော် လက်မခံပါဘူး။ အနည်းငယ်လေး လက်မလောက်ဖြစ် ရင်ဖြစ်မယ်၊ cm လောက်တော့ ဖြစ် သွားနိုင်မှာပါ။ ၂ဝ၁၃ က ရုံတင်ငွေ စာရင်းပိုက်ဆံ နဲ့ရုံကြည့်နှုန်း နဲ့ အခု ၂ဝ၁၄ နှိုင်းယှဉ် ကြည့်မယ် ဆိုရင် ကျွန်တော်တို့ သုံးဆယ် ရာခိုင်နှုန်း ဒါမှမဟုတ် နှစ်ဆယ့် ငါးရာခိုင်နှုန်း တိုးတက် လာမှာ ပါ။ ဒါကလည်း DCP ကြောင့်ဖြစ်သလို မူဝါဒ လျှော့ပေါ့ပေး မှုတွေကြောင့်လို့ ယူဆမိ ပါတယ်။ ပရိသတ် နိုင်ငံခြား ကားတွေလိုပဲ တန်း တူ ခံစားနိုင်မယ့် ပညာ အရည် အသွေး၊ ရုပ် အရည်အသွေး၊ အသံ အရည်အသွေး ကြောင့် ဖြစ်လာတယ် လို့ ကျွန်တော့် အနေ နဲ့မြင်ပါတယ်။ ပြီးတော့ ဒီထက် ပိုပြီး ကျွန်တော် တို့ အနေနဲ့ အနု ပညာ ဖန်တီးတဲ့ နေရာမှာ အတတ်နိုင် ဆုံး ရုပ်ရှင် အဆင့်အတန်း သတ်မှတ် ရေး စနစ်ကို အမြန်ဆုံး ပြောင်းလဲနိုင် မယ်လို့ ထင်ပါတယ်”

လူမင်း

”အရင်တုန်းက ဆင်ဆာတင်း ကျပ်မှုကြားထဲ ကနေပြီး ရုန်းထွက်ချင် တဲ့ အနုပညာ လောကသားတွေ တစ်စုံ တစ်ရာ အတိုင်းတာ တစ်ခုထိ လွတ် လပ်မှု ရတဲ့ အတွက် အနုပညာ ဖန်တီး မှု ပိုမိုချဲ့ထွင် လာနိုင်တယ်။ လတ်တလော ဖြစ်လာတာက ဒီဇင်ဘာလ ၁ ရက်နေ့ ကစပြီး ဆင်ဆာတွေ ပြန်တင်းကျပ် တော့မယ် ဆိုတဲ့ အတွက် ကျွန်တော် တို့ အနုပညာ လောကသားတွေ က ဒီလို တင်းကျပ်မှုတွေ ပြန်ရှိလာတော့ အရင် လို လွတ်လပ်ခွင့်တွေ ပြန်လည် ဆုံးရှုံး သွားမလား ဆိုတာ ကိုတော့ စိုးရိမ်နေ ကြမှာပါ။ ခု လုပ်ရပ်တွေက လွန်ဆွဲ သလိုပါပဲ။ ခုနပြသွားတဲ့ ကားတွေ ကြည့်မယ်ဆိုရင် ကျွန်တော် တို့ငြင်းချက် ထုတ်စရာ ဟုတ်သလို၊ ဝန်ခံစရာ တစ်ခုလည်း ဟုတ်ပါ တယ်။ ဒီလိုကား တွေကို ၁နှစ်မှာ တစ်ထောင်ကျော် ထွက်ပါတယ်။ ရာခိုင်နှုန်းအရ ကြည့် မယ်ဆိုရင် ခုနက ပယ်ကားတွေက သုည ဒသမ ၁ ရာခိုင်နှုန်းလောက် ပဲရှိ ပါတယ်။ ဒီလို လွတ်လပ်မှု တစ်ခုရလာတဲ့ အပေါ်မှာ ဒီလိုမျိုးတွေ လည်း တွဲပြီး ပါလာမှာပါ။ လွတ်လပ်မှုအပေါ် ဒါတွေ ပါလာတာက သဘာဝပါပဲ။ ဗီဒီ ယိုကား ထုတ်လုပ် တယ် ဆိုတာက လည်း သူတို့ရဲ့ အထွာလေး နဲ့ သူတို့ ထွာနေရတဲ့ အချိန်မှာ သူတို့ရဲ့ အား နည်းချက်၊ လိုအပ်ချက်တွေ ကို အပြစ် လို့ မမြင်ရက်ပါဘူး။ ကရုဏာတောင် ပိုမိ ပါတယ်။ သူတို့ အနေ နဲ့ကလည်း မဖြစ်စလောက် ငွေလေးနဲ့ ရင်းနှီးမြှုပ်နှံ ထားရတာ ကလည်း အင်မတန်မှ ပင်ပန်း ဆင်းရဲ လှပါတယ်။ သူတို့တွေ တောထဲ တောင်ထဲမှာ ရိုက်ရတယ်။ ရှုတင်ကား ရှုတင်အိမ် ဆိုတာ မရှိပါဘူး။ တစ်နေရာ ကနေ တစ်နေရာ ရွေ့ ရင်လည်း စက်ပစ္စည်းတွေ ကို ကိုယ် တိုင်ထမ်းပြီး ခြေကျင် လျှောက်ရပါ တယ်။ ဖြစ်သလိုနေ၊ ဖြစ်သလိုစားပြီး ဇာတ်ကားကို ဖန်တီး ရိုက်ရတဲ့ သူတို့ရဲ့ အားနည်းမှုတွေကြောင့် လိုအပ်ချက်တွေ ဖြစ်လာတဲ့ အတွက် ကရုဏာသက် ပါ တယ်။ နောက်တစ်ခု ကတော့ လွတ်လပ်လာတဲ့ အပေါ် ကောင်းခြင်း နဲ့အတူ ဆိုးကျိုးတွေ ကိုတော့ ခံစားရမှာ ဖြစ်ပါတယ်။ မောင် နဲ့နှမ သားနဲ့အမိ မကြည့်သင့် တဲ့ ပြ ကွက်တွေ ကို ဖန်တီးမှာ မဟုတ်သလို တိုင်းရင်းသား စည်းလုံး ညီညွတ်မှု၊ အခြား ဘာသာတရားကို ထိခိုက်စေဖို့ အတွက် စော်ကားမှုတွေ ကို လိုလားတောင်း ဆိုကြဖို့ သူတွေ လည်း မဟုတ်ပါဘူး။ လောကသားတွေ နဲ့ လက်ရှိ တည်ဆဲ ဥပဒေအရ တည်ရှိတဲ့ ဆင်ဆာဘုတ် အဖွဲ့တွေနဲ့ လွန် ဆွဲပွဲ တစ်ခုပါပဲ။ ကျွန်တော် တို့က အနိုင် မယူ သလို အရှုံးလည်း မပေးပါ ဘူး။ ကျွန်တော် တို့က ကောင်းမွန်တဲ့ တစ်ခုကို လိုလားတဲ့ သူချင်း တူမယ် ဆိုရင် ကျွန်တော်တို့ ဘက် ကလည်း လက်ကြီး ပဲဖြန့်ချင်တာ မဟုတ် ပါဘူး။ ပြန်ပေးချင်ပါတယ်။ ကျွန်တော်တို့ အနုပညာ သမား လောကသားတွေ လိုအပ်နေတဲ့ လွတ်လပ်ခွင့်၊ အနုပညာ ဖန်တီး ခွင့်တွေ အတွက် ဘာတွေ စောင့်ထိန်း သင့်တယ် ဆိုတာ ပါလာကြ မှာပါပဲ။ ဒီ ပွဲလေး ကတော့ ဆင်ဆာ အတွက်ဆွေး နွေးတဲ့ လွန်ဆွဲ ပွဲလေးပါပဲ။

ခန့်စည်သူ

“ကျွန်တော်တို့ ဒီဇာတ်ကားကို ရိုက်တဲ့အခါမှာ လောကမှာ ဖြစ် ပျက်တတ် တဲ့သဘောအတိုင်း တရားသူကြီးထဲ မှာလည်း ကောင်းတဲ့ တရားသူကြီး ရှိသလို ဆိုးတဲ့ တရား သူကြီး လည်း ရှိပါတယ်။ ကျွန်တော်တို့ အရပ်သား ထဲမှာလည်း ဒီလိုပါပဲ။ ကျွန်တော် သည် ရပ်/ကျေး အုပ်ချုပ်ရေးမှူး တစ်ယောက် ရဲ့ အသွင်ကို ရိုက်ပြခြင်း ဖြစ်ပါတယ်။ ဒီထဲမှာ လည်း ဆင်ဆာ တော်တော် များများ အဖြတ်ခံရတဲ့ အချက် အလက်တွေက ပြောမယ် ဆို ရင် အနုပညာ သမား တစ်ယောက် အနေနဲ့ တစ်ခါတလေ အရှိန်လွန်တာ ရှိခဲ့ရင် ရှိမယ်။ တချို့ဟာတွေ ရဲ့ အချက် အလက်တွေက တကယ် မရှိဘူးလား ဆိုရင် စာပေ၊ စာနယ်ဇင်း မှာ ရှိတဲ့ ဆောင်းပါးတွေ၊ ကာတွန်းတွေ ပြည်သူ များကြား သိတဲ့ ကိစ္စတွေ အပေါ် မှာ အခြေခံ ထားတာပါ။ ကျွန်တော် ဒီ ၁၉ ချက်ထဲ မှာ မင်းဘာသာ မင်း တီထွင်ပြီး ရိုက်ထားတဲ့ အချက် ရှိသလား၊ ကျွန်တော့်ကို ထောက်ပြပါဦး ခင်ဗျ။ တစ်ခုမှ မရှိပါဘူး။ နောက် တစ်ခုက ကျွန်တော် တို့ဒီထဲမှာဖြတ် သွား တဲ့ အချက်တစ်ချက် ဆိုရင် ကျွန်တော် တော်တော် အံ့သြပါတယ်။ မင်းတို့ ဘယ်သွား တာလဲတဲ့။ အာဇာနည်နေ့မှာ သွားပြီးတော့ ကျောက်တိုင် မှာ အလေးပြုကြတာ ပါလို့ပြောတယ်။ ပြောပြီးတော့ မင်းတို့ကကွာ တော်တော် အားနေလားတဲ့။ မဟုတ်ပါဘူး။ ဗိုလ်ချုပ် ကိုလေးစားလို့ပါ။ သူက မစားဘဲ စွန့်သွားလို့ပါ။ ဒါဆိုရင် မစွန့်ဘဲစားတဲ့ သူက ဘယ်သူလဲ လို့ မေးတာ လေးလေးတို့ လေလို့ပြော တာကို အဖြတ်ခံ ရတယ်။ ဒါကို တော်တော် အံ့သြပါတယ်။ နောက်တစ်ချက် က နောက်ဖေးပေါက်က ပစ္စည်းလာ ပေးသမျှ လက်ခံ။ ပြောတဲ့ စကားက မသင့်ပါဘူး။ ဖြတ်ပေးပါတဲ့။ အဲဒီ စကား မျိုးပြောတာ မရှိဘူးလား။ ရှိ မှာပါ။ ကျွန်တော် ရိုက်ပြတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး သည် လုံးဝ ကိုယ့် အတွက်ပဲ ကြည့်ပြီး ကိုယ်ကျိုးကိုရှာ တဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက် ကို ရည်ရွယ်ပြီး ရိုက်သွားတာ ဖြစ်ပါတယ်။ ဒီလိုပါပဲ ကျွန်တော် တို့လောကမှာ ရှိတဲ့ ဆရာဝန်၊ စာရေးဆရာ၊ အနုပညာရှင် အားလုံး အတူတူပါပဲ။ တပ်မတော်ထဲ မှာလည်း ဒီလို လူမျိုးတွေ ရှိနေတယ် ဆိုတာတင်ပြခြင်း ဖြစ်ပါတယ်။ နောက် တစ်ချက်က ဂျာနယ်ထဲ မှာပါတဲ့ ကိစ္စပါ။ တိုင်ရင် ရှင်းမယ်၊ နိုင်ရင် ဗျင်း မယ်၊ ပိုင်ရင်ဗျင်းမယ် ဆိုတာက လည်း မဂ္ဂဇင်း၊ ဂျာနယ်ထဲမှာ ပါနေ တဲ့ကိစ္စ ပါပဲ။ ကျွန်တော် ပြောချင်တာက ဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ပြောခြင်း မဟုတ်ပါဘူး။ ဒီနေ့ ထွက်လာတဲ့ အင်တာနက် စာရင်းကို ကြည့်မယ် ဆိုရင်လည်း မကြာမီက ဥက္ကဋ္ဌ ရာထူး လွှဲပေးလိုက်တဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံဟာ ဆိုရင်လည်း အာဆီယံ အဆင့် အကျင့်ပျက် ခြစား ကံဆိုးမှု စာရင်း ထဲမှာ ပထမ ရသွားပါပြီ။ ကျွန်တော် တို့ အနုပညာ သမားတွေ ကလည်း တစ်ဖက် တစ်လမ်း ကနေ မှားယွင်းတဲ့ အချက် ကလေးတွေကို တတ်သလောက်၊ မှတ် သလောက် ထောက်ပြတာ ကို ၁၉ ချက် အဖြတ် ခံရတာ ဖန်တီးသူ တစ်ယောက် အနေ နဲ့ ကျွန်တော် စိတ်မကောင်း ဖြစ်မိပါတယ်။ ဒုဝန်ကြီး ကိုလည်း တင်ပြခဲ့ ပါတယ်။ ၁၉ ချက် အဖြတ်ခံရတယ်။ ပြောမယ် ဆိုရင်တော့ ဒီ ၁၉ ချက်က ကျွန်တော့် ကားအတွက် တော်တော် များနေပါပြီ။ ရှေ့ဘုန်းကြီး တစ်ချက် ခေါက်တယ်၊ နောက် ဘုန်းကြီး က ကျွန်တော့်ကို နှစ်ချက် ခေါက်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်း မှာ ကျွန်တော်က ဗဟို အမှုဆောင်ပါ။ လက်ရှိ ဝန်ကြီးက လည်း နာယက ပါ။ လာလှူတဲ့ စာအုပ် မှန် သမျှကို အကုန် လက်ခံပါတယ်။ ဟိုတလောက ဆို လာလှူပါတယ်။ “ကြာကြာ သိမ်းဖို့အတွက် အာဏာ သိမ်းတာ မဟုတ်ဘူး” ဒီ စာအုပ် လာ လှူတယ်။ ကျွန်တော်တို့ လက်ခံပါ တယ်။ ဒီစာအုပ်တွေ ကို ဖျောက်ဖျက် မပစ်ပါဘူး။ ဒါကို ဝန်ကြီးလည်း သိ ပါတယ်။ နယ်မှာ ရှိတဲ့ စာကြည့်တိုက် တွေမှာဝေပါတယ်။ စာဖတ်ချိန် မြှင့်တင်ရေးတွေ လုပ်ပေးပါတယ်။ ဒီ အချက်အလက်တွေ ပါလို့ ကျွန်တော် တို့လွှင့်ပစ် ရမှာလား။ ဒါ ကျွန်တော် တို့ရဲ့ စာကြည့်တိုက် ဖောင်ဒေးရှင်း အနေနဲ့ တစ်ဖက် တစ်လမ်းကနေ အကျိုးပြုတာပါ။ ဒီကားကလည်း ရုပ်ရှင် ဗီဒီယိုဘက်ကနေ တတ်နိုင် သလောက် ပြန် အကျိုးပြုတာပါ။ ဒါ တွေကိုတော့ တစ်ချက်လောက် ပြန် စဉ်းစားပေး သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။”

ထက်လူ၊ ဇင်မာနွယ်
Popular Journal

0 comments:

Post a Comment