Saturday, December 27, 2014

ဆိုမာလီတွင် အာဖရိက သမဂ္ဂတပ်ဖွဲ့ ဌာနချုပ်အား စစ်သွေးကြွများက ၀င်ရောက်တိုက်ခိုက်

ဆိုမာလီယာ နိုင်ငံ၏ မြို့တော် မိုဂါဒစ်ရှူးရှိ အာဖရိက သမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ ဌာနချုပ်အား စစ်သွေးကြွများက ဒီဇင်ဘာ ၂၅ ရက်တွင် ၀င်ရောက် တိုက်ခိုက်ခံခဲ့ရာ တပ်ဖွဲ့ဝင်သုံးဦး နှင့် အရပ်သား ကန်ထရိုက်တာ တစ်ဦး သေဆုံးသွား ခဲ့ကြောင်း အာဖရိကသမဂ္ဂ တပ်ဖွဲ့က ထုတ်ပြန် ထားသည်။

အမ်မစ်ဆမ် အခြေစိုက် စခန်း တိုက်ခိုက်မှု အပြီး မီးလောင်နေသည့် ကားတစ်စီး။ ဓာတ်ပုံ - BBC

အယ်လ်ရှာဘက် သေနတ်သမား များသည် ဆိုမာလီ အစိုးရ တပ်ဖွဲ့ဝင်များ အသွင် ဟန်ဆောင်ကာ အာဖရိက သမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ ဌာနချုပ် အတွင်းသို့ ဝင်ရောက် လာခဲ့ကြခြင်း ဖြစ်ကြောင်း အာဖရိက သမဂ္ဂ၏ ကြေညာချက် တစ်စောင်က ဆိုသည်။ စစ်သွေးကြွ ငါးဦးလည်း သေဆုံး သွားခဲ့ကာ အများအပြားကို ဖမ်းဆီး နိုင်ခဲ့ကြောင်းလည်း ကြေညာချက် ထဲတွင် ဖော်ပြ ထားသည်။အယ်လ်ရှာဘက် သူပုန် များအား တိုက်ခိုက်လျက် ရှိသော အားနည်း နေသည့် အစိုးရအား ကူညီရန် ရည်ရွယ်၍ ဆိုမာလီယာ နိုင်ငံ ထဲတွင် အာဖရိက သမဂ္ဂ တပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော် ရှိနေသည်။

အယ်လ်ရှာဘက် သူပုန်များနှင့် နာရီပေါင်း များစွာ တိုက်ခိုက် ပြီးနောက် အာဖရိက သမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့သည် မိုဂါဒစ်ရှူးရှိ စစ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း အမ်မစ်ဆမ်ဟု အများက သိရှိကြသည့် အာဖရိက သမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့က ဆိုသည်။

“အမ်မစ်ဆမ် တပ်ဖွဲ့ဝင် သုံးဦး နှင့် အရပ်သား ကန်ထရိုက်တာ တစ်ဦးတို့ ကံဆိုးစွာဖြင့် အသက်ဆုံရှုံး ခဲ့ရသည်” ဟု အာဖရိက သမဂ္ဂ၏ ကြေညာချက် ထဲတွင် ရေးသား ထားသည်။ အစောပိုင်းကမူ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အာဖရိက သမဂ္ဂက ဆိုခဲ့သည်။

အယ်လ်ရှာဘက်များသည် ဆိုမာလီယာ နိုင်ငံရှိ နိုင်ငံခြားသား တပ်ဖွဲ့ဝင် များ၏ ဌာနချုပ်ကို တိုက်ခိုက်ခဲ့ကြောင်း အယ်လ်ရှာဘက် အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ရှိတ်ခ်အက် ဒိုင်းယပ်စစ် အဘူမုစ်ဆက်ဘ်က အစောပိုင်းက ပြောခဲ့သည်။

ပေါက်ကွဲသံများနှင့် သေနတ်သံများ နာရီပေါင်းများစွာ ထွက်ပေါ် ခဲ့ပြီး နောက်တွင် ထိုစစ်စခန်းတွင် ဘေးအန္တရာယ် ကင်းရှင်း သွားပြီ ဖြစ်ကာ စစ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း အာဖရိက သမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့က တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။ “အခြေအနေအား ပြန်လည် ထိန်းချုပ် နိုင်အောင် ကြိုးပမ်းရာတွင် အမ်မစ်ဆမ် တပ်သားများသည် ရဲရဲဝံ့ဝံ့ အားထုတ် တိုက်ပွဲဝင်ခဲ့ ကြသည့် အတွက် ချီးကျူးအပ် ပါသည်” ဟုလည်း တွစ်တာ စာမျက်နှာတွင် ရေးသား ထားသည်။

အမ်မစ်ဆမ် စစ်စခန်း ထဲသို့ အနည်းဆုံး စစ်သွေးကြွ ၈ ဦး ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း အမ်မစ်ဆမ် တပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး အလီဟူမက် က ပြောကြား ခဲ့သော်လည်း အနောက်အုပ်စု လုံခြုံရေး သတင်းရင်းမြစ် တစ်ခုကမူ စစ်သွေးကြွ ဦးရေမှာ ၂၀ ခန့်အထိ ရှိခဲ့ နိုင်ကြောင်း အေအက်ဖ်ပီ အား ပြောကြား ခဲ့သည်။

Ref: BBC

Mizzima

0 comments:

Post a Comment