Monday, December 22, 2014

လက်ပံတောင်းတောင် တစ်ကျော့ပြန်အဓိကရုဏ်းတွင် တောင်သူအမျိုးသမီးတစ်ဦး ဦးခေါင်းကျည်ဆန်မှန်သေဆုံး


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် ဒေသခံများ အပြန်အလှန်တိုက်ခိုက်မှုများ မဖြစ် ပွားမီ နှစ်ဖက်ထိပ်တိုက်တွေ့ကာ အခြေအနေတင်းမာနေစဉ် (ဓာတ်ပုံ − အေပီ)

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း ဒီဇင်ဘာ ၂၂ ရက်က မြေယာ လျော်ကြေးယူခြင်းမရှိသော လယ် ယာမြေပေါ်တွင် ခြံစည်းရိုးခတ် ခြင်းကို ရွာသားများကတားဆီး ရာမှ ဒေသခံများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့အကြား အပြန်အလှန်ပစ် ခတ်တိုက်ခိုက်ကြရာ အမျိုးသမီး တစ်ဦး သေနတ်ကျည်ဆန် ထိမှန် သဖြင့် ဦးခေါင်းပွင့်ကာ ပွဲချင်းပြီး သေဆုံးသွားသည်။လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပစ် ခတ်လိုက်သော ကျည်ဆန်ထိမှန်သဖြင့် မိုးကြိုးပြင်အလယ်ရွာမှ အသက် (၅၆) နှစ်အရွယ် ဒေါ်ခင်ဝင်းမှာ ဦးခေါင်းပွင့်၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်ပစ် ခတ်မှုများကြောင့် ဒေသခံတောင် သူအချို့ထိခိုက်ဒဏ်ရာများရရှိခဲ့ ပြီး ဒဏ်ရာရသူ လေးဦးကို ညနေတွင် မုံရွာဆေးရုံကြီးသို့ ပို့ ဆောင်၍ဆေးကုသနေရကြောင်း သတင်းရရှိသည်။ အဓိကရုဏ်း တွင် ရဲတပ်ဖွဲ့ဝင်အချို့လည်း ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိ သည်။


(ဓာတ်ပုံ − မျိုးမင်းဦး)

ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနယ်မြေ အတွင်း မြေယာလျော်ကြေး ယူထားခြင်းမရှိသော လယ်ယာ မြေများပေါ်၌ မြန်မာဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးလာရောက် ကာရံရန် ကြိုးပမ်းခြင်းကို ဒေသ ခံတောင်သူများ တားဆီးရာမှ စတင်ကာ ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့သည်။ ထို့နောက် အခြေအနေတင်းမာနေရာမှ နေ့လယ် ၁၂ နာရီကျော်တွင် တစ်ဖက်နှင့် တစ်ဖက်တိုက်ခိုက်ခဲ့သည်။ ဒေသခံများက လောက်လေးခွ၊ ခဲများဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်သလို ရဲတပ်ဖွဲ့ဝင်များကလည်း အစပိုင်းတွင် ခဲ၊ လေးခွဖြင့် ပစ်ခတ်ခဲ့သည်။

ဒေသခံအချို့က ရဲများနှင့် ၀င်ရောက်လုံးထွေးတိုက်ခိုက်မှုရှိခဲ့ပြီး အခြေအနေပိုမိုရှုပ်ထွေးလာကာ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် စတင်ခြောက်လှန့်ပစ်ခတ်သည်။ ထို့နောက် သေနတ်ဖြင့် အဆက်မပြတ်ပစ်ခတ်ရာတစ်ဦးသေဆုံးပြီး၊ လေးဦးခန့် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

‘‘၁၂ နာရီကျော်လောက်ကစ,ပစ်တာ၊ ၂ နာရီခွဲလောက်အထိပဲ။ ကျွန်တော်တို့သတင်းထောက်တွေရှိတုန်းတော့ ခြောက်လှန့်ပစ်တာတွေ့ရတယ်။ ချိန်ပစ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ပြန်လာပြီး ၁၅ မိနစ်လောက်နေတော့မှတစ်ယောက်သေသွားတယ်လို့ကြားရတာ’’ ဟု အခင်းဖြစ်ပွားရာသို့ သတင်းသွားရောက်ယူခဲ့သောသတင်းထောက်တစ်ဦးက ပြောသည်။ အခင်းဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ရှိပြီး ဒေသခံ တစ်ရာကျော်ရှိသည်။ တူညီဝတ်စုံဝတ် တရုတ်ဝန်ထမ်းများမှာ ပဋိပက္ခဖြစ်ပွားရာတွင် မပါဝင်ဘဲ ရဲများ၏နောက်နား၌ ခပ်လှမ်းလှမ်းမှ ကြည့်နေကြသည်။၎င်းတို့မှာ ခြံစည်းရိုးကာသူများဖြစ်ကြောင်း သတင်းရရှိသည်။

ကျည်ဆန်ထိမှန်၍ လူသေ ဆုံးခဲ့သည်အထိဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် သက် ဆိုင်ရာတာဝန်ရှိသူများထံသို့ ဖုန်း ဖြင့် အကြိမ်ကြိမ်ဆက်သွယ်မေး မြန်းသော်လည်း ဖြေကြားခြင်း မရှိပေ။ ယင်းကိစ္စနှင့်ပတ်သက်၍ဒီဇင်ဘာ ၂၂ ရက်ညအထိ အစိုးရက သတင်းမထုတ်ပြန်သေးပေ။


(ဓာတ်ပုံ − မျိုးမင်းဦး)

‘‘ဒီလယ်ယာမြေတွေက တို့ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်ခဲ့တဲ့ မြေတွေ။ ပြည်သူကို ကာကွယ် ပေးပါတယ်ဆိုတဲ့ ရဲတွေက တရုတ်တွေကို အကာအကွယ် ပေးနေတယ်။ အစိုးရက မြေကို အဓမ္မသိမ်းတဲ့ မြေသိမ်းဓားပြတွေ ပါ။ အခုဆိုလျော်ကြေးမယူတဲ့ မြေတွေကို ခြံစည်းရိုးကာနေတဲ့ အတွက် နေ့ရော၊ ညပါစောင့် ကြည့်နေရပါတယ်’’ဟု မိုးကြိုးပြင်အလယ်ရွာဒေသခံတောင်သူ တစ်ဦးကပြောကြားသည်။

ဒီဇင်ဘာ ၁၃ ရက်ကလည်း လိပ်ခွံတောင်အနီးရှိ တောင်သူ ၃၉ ဦး ပိုင်ဆိုင်ပြီး လျော်ကြေး ငွေမယူထားသည့် မြေဧက ၁၂၀ ကျော်အား ခြံစည်းရိုးကာရံမှုကို ကန့် ကွက်ရာမှ ဒေသခံများနှင့် ရဲတပ်ဖွဲ့ကို ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့ပြီး ဒေသခံ နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းကိစ္စကို ဖြေရှင်းပေးခြင်းမရှိသေးဘဲ အခြားမြေဧကများကိုပါ ခြံစည်းရိုးဆက်လက် ကာရံမှုကြောင့် ပြဿနာထပ်မံ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဒေသခံ များက ဆိုသည်။

ကြေးနီစီမံကိန်းဆောင်ရွက် ရာတွင် ဒေသခံများသို့ ပြန်ပေး အပ်ရမည့် မြေဧက ၂၈၀ ကျော် အနက် ဧက ၂၃၀ နီးပါးပြန်ပေး အပ်ခဲ့ပြီးဖြစ်ကြောင်း ယမန်နှစ် ဇူလိုင်လက တရားဝင်ထုတ်ပြန် ထားသည်။ ထို့အပြင်မြေဧက ပေါင်း ၂,၈၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း သုံးသောင်းနီးပါးကို လျော်ကြေးငွေအဖြစ်ပေးအပ်ခဲ့ ပြီး ဆက်လက်ပေးလျော်နေဆဲ ဖြစ်ကြောင်း ကြေးနီစီမံကိန်းစုံစမ်း စစ်ဆေးရေးကော်မရှင်အစီရင်ခံ စာအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကော်မတီ က ယမန်နှစ်ဇူလိုင်လက ပြော ကြားဖူးသည်။

အဆိုပါစီမံကိန်းအတွင်းရှိ ကျေးရွာ ၃၅ ရွာမှ မြေယာဆုံးရှုံး သူများ၏ ၇၁ ရာခိုင်နှုန်းကျော်ကို မြေယာလျော်ကြေးပေးပြီးဖြစ် ကာ ၂၇ ရွာရှိ ဒေသခံ ၉၁ ရာခိုင် နှုန်းကျော်က နစ်နာကြေးယူရန် သဘောတူပြီဖြစ်ကြောင်း မြန်မာ ၀မ်ပေါင်က သတင်းထုတ်ပြန် သည်။ သို့ရာတွင် မိုးကြိုးပြင် (မြောက်)၊ မိုးကြိုးပြင်(တောင်)၊ မိုးကြိုးပြင်(အရှေ့)နှင့် ဆည် တည်းကျေးရွာဒေသခံအများစုမှာ မူလျော်ကြေးငွေမယူလိုဘဲ စီမံ ကိန်းဖျက်သိမ်းရန် တောင်းဆို နေခြင်းဖြစ်သည်။

၂၀၁၂ နိုဝင်ဘာ ၂၅ ရက်ကလည်း စီမံကိန်းကန့်ကွက်သောဒေသခံများ၏ သပိတ်စခန်းများကိုရဲတပ်ဖွဲ့က မီးလောင်ဗုံးများဖြင့်ဖြိုခွင်းရာ သံဃာများ အပါအ၀င်၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် မကြာခဏ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့သည်။


7Day Daily

0 comments:

Post a Comment