Tuesday, December 30, 2014

နိုင်ငံတော်သမ္မတလစာ ကျပ်သိန်း ၅၀ နည်းပါးသေးဟု သူရဦးရွှေမန်းပြောကြား


နိုင်ငံရေးအာဏာယူထားသည့် နိုင်ငံရေးသမားများ အဂတိကင်းစွာ တိုင်းပြည်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လစာလုံလောက်ရန် လိုအပ်နေပြီး လက်ရှိနိုင်ငံတော်သမ္မတ၏ လစာကျပ်သိန်း ၅၀ မှာ နည်းပါးသေးသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။၎င်းက "ဒီကနေ့ နိုင်ငံတော် သမ္မတကြီးကို သိန်း ၅၀ ဥပဒေက ခွင့်ပြုထားပါတယ်၊ သာမန်ပြောရင် များတယ်ထင်ရပါတယ်၊ ဒီကနေ့ နိုင်ငံခြားသားတယောက်ရဲ့ ၀င်ငွေ ဥပမာ ဘဏ်နဲ့ ငွေကြေးကို နားလည်တဲ့ နိုင်ငံခြားသားတယောက်ရဲ့ ၀င်ငွေ ဒေါ်လာ ၂ သောင်းခွဲလောက်ရှိတယ်၊ တွက်ကြည့်ရင် တစ်လ သိန်း ၂၅၀၊ သူ့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ သမ္မတကြီးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ ဆိုရင် သမ္မတကြီးက တနိုင်ငံလုံးနဲ့ ဆိုင်တယ်၊ ဒီနေ့ ဒီလိုပေးအောင် လုပ်ခြင်းသည် အဂတိကင်းအောင်လုပ်တာ ဖြစ်ပါတယ်" ဟု ဒီဇင်ဘာ ၃၀ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း အသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့ ၇၅ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ပြီး အသင်းအဖွဲ့များ၏ တင်ပြဆွေးနွေးမှုများအား ရှင်းလင်းဖြေကြားမှု ပြုလုပ်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များဘက်မှ တင်ပြသည့် ကဏ္ဍ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက လွှတ်တော်ကိုယ်စားလှယ်များ၏ တိုးမြှင့်လစာအား လာမည့်ရွေးကောက်ပွဲအပြီး ရောက်မှသာ တိုးမြှင့်ခံစားခွင့်ပြုရန် တင်ပြခြင်းအပေါ် ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment