Tuesday, December 30, 2014

ဦးသိန်းစိန် အစိုးရလက်ထက် အောင်မြင်သော ပြုပြင်ပြောင်းလဲရေး ကဏ္ဍကို ထောက်ပြရန်မရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို


အစိုးရသက်တမ်း လေးနှစ်နီးပါး ရှိလာပြီဖြစ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အောင်မြင်သော ပြုပြင်ပြောင်းလဲရေး ကဏ္ဍကို ထောက်ပြရန် မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဒီဇင်ဘာ ၃၀ ရက်နေ့တွင် NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ၎င်းကအထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲရေး တစ်ခုခုကို ပြောပါဆိုရင် အဖြေမရှိပါဘူးလို့ပဲ ပြောရပါမယ်” ဟု ၎င်းကဆိုသည်။

သို့သော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အုတ်မြစ်ကို အချိန်ယူ ချမှတ်နေမှုကြောင့် ပြုပြင်ပြောင်းလဲရေး ကိစ္စတချို့ နှေးကွေးနေခြင်း ဖြစ်ကြောင်း ပြောကြားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် ဆက်သွယ်ရေး ကဏ္ဍနှင့် ပို့ဆောင်ရေး ကဏ္ဍများတွင် ပြောင်းလဲမှုအချို့ ရှိလာသော်လည်း အစိုးရသက်တမ်း သုံးနှစ်ကျော် ကာလအထိ အောက်ခြေ ပြည်သူများ အကျိုးခံစားရသည့် ပြောင်းလဲမှုများ မမြင်တွေ့ရသောကြောင့် ပြုပြင်ပြောင်းလဲရေး ရပ်တန့်နေကြောင်း ပြည်တွင်းပြည်ပ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူများက ထောက်ပြ ပြောဆိုလာကြသည်။
ထို့အပြင် အစိုးရ ဗျူရိုကရေစီ ယန္တရားသည် ဒီမိုကရေစီစနစ်နှင့် အံချော်နေသောကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နှေးကွေးနေခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ထောက်ပြ ပြောဆိုထားသည်။

ယင်းအပြင် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များတွင် လုပ်ငန်းအလိုက် အသေးစိတ် ဖြစ်နိုင်မှုများကို တစ်နှစ်မှ သုံးနှစ်အထိ အချိန်ယူ ဆွေးနွေးပြီးမှသာ အခြေခံ အုတ်မြစ်ချနိုင်ရန် လုပ်ဆောင်နေမှုကြောင့်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အုတ်မြစ်ကို အချိန်ယူ ချမှတ်နေမှုကြောင့် ပြုပြင်ပြောင်းလဲရေး ကိစ္စအချို့ နှေးကွေးနေခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလအတွင်းက ပြောကြားထားသည်။

The Voice Weekly

0 comments:

Post a Comment