Wednesday, December 17, 2014

New Year နဲ့ မွေးနေ့ကို မိသားစုနဲ့အတူ ဘန်ကောက်မှာ ဖြတ်သန်းဖြစ်မှာပါလို့ဆိုတဲ့ အိချောပို



ခုလာမယ့် New Year ကို ဘန်ကောက်မှာ မိသားစုနဲ့အတူ ဖြတ်သန်းဖြစ်မယ်လို့ ပြောပြလာတဲ့ အိချောပိုက လက်ရှိမှာ နေတိုးနဲ့ငိုအားထက် ရယ်အားသန်ဆိုတဲ့ ဖန်စီဟာသအပျော်ကားလေးကို ရိုက်ကူးနေပြီး ဆတ်ဆတ်ထိမခံတဲ့ ကောင်မလေး တစ်ယောက် အနေနဲ့ပါဝင်ရိုက်ကူးထားကြောင်း ဆိုပါတယ်။ “ခုရိုက်နေတဲ့ ကားလေးက ငိုအားထက် ရယ်အားသန်တဲ့။ ကိုနေတိုးနဲ့ပေါ့။ ဒါရိုက်တာက ဦးကျော်ဇောလင်း ( အတွေးပုံရိပ် ) ဟာသ သရုပ်ဆောင်တွေ အများကြီးပါတဲ့ ဇာတ်ကားလေးပေါ့။ ဒီကားထဲမှာ အိချောက ဆတ်ဆတ်ထိမခံတဲ့ ကောင်မလေးတစ်ယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်”တဲ့။လက်ရှိမှာ ပရိသတ်တွေရဲ့ ဝေဖန်ခံနေရတဲ့ ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားလေးနဲ့ပတ်သတ်ပြီးတော့လဲ “အဲ့ဒီဇာတ်လမ်းလေးက ကောင်းတယ်။ စိတ်ဝင်စားဖို့လဲ ကောင်းတယ်။ အဲ့ဒါကြောင့်မို့လဲ အိချော ရိုက်ဖြစ်ခဲ့တာပါ။ ဆင်ဆာထိတယ်ဆိုတာနဲ့ပတ်သတ်ပြီး အိချောလဲ သိပ်တော့ မပြောတတ်ပါဘူး။ အဲ့ဒီအခန်းလေး တစ်ခန်းက တစ်ကားလုံးအတွက် အရမ်း အဓိက ကျနေတာဆိုတော့ ဆင်ဆာကြောင့်သာ ဇာတ်ကားကို ပေးမထွက်ဘူးဆိုရင် အရမ်းကို နှမြောဖို့ကောင်းပါတယ်”လို့ သူမက ပြောပြသွားပါတယ်။

၂၀၁၄ခုနှစ်ရဲ့ New Year ကိုတော့ သူမက “ New Year ကတော့ အိချော မိသားစုနဲ့ ဘန်ကောက်မှာရှိပါမယ်။ ဘန်ကောက်သွားဖို့ကို အစောကြီးကတည်းက အစီအစဉ်ရှိတယ်။ ဒါပေမဲ့ New Year တော့ တစ်ခါမှ ဘန်ကောက်ကို မသွားဖူးဘူး။ အဲ့ဒါနဲ့ New Year ကိုသွားဖို့စီစဉ်ခဲ့တာပါ။ ၂၉ လောက်သွားမယ်။ အိချောမွေးနေ့က ၃ရက်နေ့ဆိုတော့ မွေးနေ့ပြီး ၅ ရက်နေ့မှ ရန်ကုန်ကိုပြန်လာမယ်။ မွေးနေ့ကို ဟိုမှာပဲ မိသားစုနဲ့အတူဖြတ်သန်းဖြစ်မယ်။ ဒီ၂၀၁၄ ထဲမှာဆိုရင် အိချော ကို ပရိသတ်တွေ အရမ်းအားပေးလာကြတယ်။ အဲ့ဒါလေးက အမှတ်တရတစ်ခုပါပဲ။ ပြီးတော့ အနုပညာအလုပ်နဲ့ပတ်သတ်ပြီးတော့လဲ ပြောရရင် လုပ်ချင်တာတွေ တော်တော်များများ လုပ်ဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်လို့ ပြောရင် မမှားပါဘူး။ အိချောရဲ့ ပရိသတ်ကြီးအားလုံးလဲ လာမဲ့ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အလုပ်အကိုင်တွေ အဆင်ပြေကြပါစေ”လို့ ဆုမွန်ကောင်းတောင်းပေးသွားပါတယ်။


ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment