Tuesday, December 2, 2014

ရုပ်ရှင် အကြိုခံစားခြင်း- Sifu & Vampire



လက်ကို အရှေ့ဆန့်တန်းပြီး ခုန်ဆွဆွလာတဲ့ တရုတ်သရဲဇာတ်လမ်းတွေ နှစ်သက်သူတွေအကြိုက် တွေ့နိုင်မယ့် သည်းထိတ်ရင်ဖို သွေးစုပ်ဖုတ်ကောင် ဇာတ်ကား တစ်ကားအကြောင်း ပြောပြချင်ပါတယ်။ တရုတ်သရဲကားတွေရဲ့ ထုံးစံအတိုင်းဟာသနှောပြီး ရိုက်ကူးထားတာမို့ တစ်ချိန်လုံး ကြောက်စရာတွေချည်းပဲ ကြည့်ရမှာ မဟုတ်တဲ့အတွက် လူတိုင်းကြည့်လို့ အဆင်ပြေနိုင်မှာပါ။ရုပ်သံလွှင့်ဌာန တစ်ခုကိုပိုင်တဲ့ သူဌေးကီဗင်ချောင်က သူ့ရဲ့ လုပ်ငန်းဆောင်တာတွေ ပိုပြီးတိုးတက်ကောင်းမွန်အောင် သူ့အဘိုးရဲ့ ဂူသင်္ချိုင်းအသစ်ပြန်လုပ်မှာမို့ လူဆိုးကောင်လေး နစ်ကီနဲ့ သူ့သူငယ်ချင်း ဘူးတို့ဟာ နှစ်ပေါင်းများစွာကတည်းက မြှုပ်နှံထားခဲ့တဲ့ အလောင်းကို ပြန်ဖော်ဖို့ တာဝန်ပေးခံရပါတယ်။ ဒါပေမဲ့ လည်း ဂူသင်္ချိုင်းအသစ်ပြန်လုပ်တာဟာ တကယ်တမ်းတော့ ကီဗင်ကိုကံဆိုးတာတွေပဲ ဖြစ်စေခဲ့ပါတယ်။

ပြန်တူးဖော်ထားတဲ့ ကီဗင်ရဲ့ အဘိုးရုပ်အလောင်းကြီးဟာ သွေးစုပ်ဖုတ်ကောင်ဘုရင်အဖြစ်ကို ပြောင်းသွားခဲ့ပြီး ရုပ်သံလွှင့်ရုံထဲက ၀န်ထမ်းတွေကို ကိုက်ဖြတ်သတ်ပစ်တာတွေ လုပ်တာကြောင့် သူကိုက်တာခံရတဲ့လူတိုင်း သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းကုန်ပါတော့တယ်။

နစ်ကီအဖို့ သွေးစုပ်ဖုတ်ကောင်တို့၊ သရဲတို့ဆိုတာ ရုပ်ရှင်တွေ ပုံပြင်စာအုပ်တွေထဲမှာပဲ ရှိတယ်သိထားပေမယ့်လည်း သရဲမချောချောလေးနဲ့ ဆုံတဲ့အခါမှာတော့ သရဲတစ္ဆေတွေ ရှိနေတာကို လက်ခံသွားခဲ့ပါတယ်။

သွေးစုပ်ဖုတ်ကောင်တွေကို နှိမ်နင်းဖို့အတွက် နစ်ကီဟာ သရဲနိုင်ဆရာဖြစ်တဲ့ ချာလီဂျန်ရဲ့ အကူအညီယူပြီး အစီအရင်တွေလုပ်ကာ သွေးစုပ်ကောင်ကို ဖမ်းဆီးနိုင်ဖို့ လုပ်ရပါတော့တယ်။ သွေးစုပ်ကောင်ကြီးဟာ ထာဝရရှင်သန်နိုင်တဲ့ စွမ်းအင်တွေ ရရှိသွားတဲ့အခါမှာတော့ နစ်ကီနဲ့ သူ့ဆရာချာလီတို့ ဘယ်လိုတွေ ဆက်နှိမ်နင်းပြီး ဇာတ်သိမ်းသွားမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ပါဦးနော်။

ဒီဇာတ်ကားထဲမှာ ရော်နယ်ချန်၊ ဘောလုံးမင်းသားလို့ မြန်မာပရိသတ်အသိများတဲ့ ယွမ်ပေါင်၊ ကီဗင်ကွမ်စသူတွေက ပါဝင်သရုပ်ဆောင်ထားပြီး ဟောလိဝုဒ်၊ ဘောလိဝုဒ်ဇာတ်ကားတွေပဲ ကြည့်နေရလို့ ရိုးနေသူတွေအတွက်တော့ အသစ်အဆန်းလေး ဖြစ်နေမှာပါ။


7Day Daily

0 comments:

Post a Comment