မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အရှုပ်အထွေးတွေ ကြားမှာ ပြောဆိုထောက်ပြ ဝေဖန်စရာတွေ ကတော့ ပြောမကုန်အောင် ဖြစ်နေရပါတယ်။ တာဝန် ယူထားတဲ့ အစိုးရ အဖွဲ့ရဲ့လုပ်ဆောင်ချက် အားနည်းမှုတွေကို ပြည်သူတွေ ရင်ဆိုင်နေရဆဲ ဖြစ်သလို ပြည်သူ့ကိုယ်စားလှယ် ဆိုပြီး ဥပဒေပြုရေး အာဏာ ကိုင်ထား ကြသူတွေရဲ့ အားနည်းတဲ့ လုပ်ဆောင် နိုင်စွမ်းတွေကြောင့်လည်း ပြည်သူတွေ ခမျာ အားကိုးရာမဲ့ လာကြရပါတယ်။ဒီအထဲကမှ ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံ လုပ်ကိုင်နေကြရတဲ့ နိုင်ငံ့ ၀န်ထမ်းတွေခမျာ တာဝန် ခံထားကြရတဲ့ ပြည်သူတွေ အတွက်လည်း ထိရောက်အောင် စွမ်းဆောင် ပေးနိုင်စွမ်း နည်းရတဲ့ အပြင် ပြန်လည်တင်ပြ သတင်းပို့ကြရတဲ့ တာဝန် ရှိသူတွေ ဘက်ကနေလည်း ထိရောက်တဲ့ အထောက်အပံ့တွေမရ ဖြစ်ကြရလေတော့ အခြေခံ ပြည်သူတွေ ထက်တောင် ကျဉ်းကျပ်တဲ့ အနေအထားနဲ့ ရင်ဆိုင်နေကြ ရပါတယ်ဆိုရင် လွန်မယ် မထင်ပါဘူးဗျာ။
ပြည်သူတွေ ဘက်ကမှ အဆင်မပြေတာ၊ မကြိုက်တာတွေ ကြုံလာရရင် အပြစ်တင်စရာ၊ ဝေဖန်စရာ၊ လက်ညှိုး ထိုးညွှန်ပြစရာ အာဏာ သုံးရပ်ကို ကိုင်စွဲထားတဲ့ သူတွေ ရှိနေသေးပေမယ့် ပြည်သူနဲ့ သက်ဆိုင်ရာ အာဏာ ယူထားသူတွေ အကြား ရပ်တည် နေကြရတဲ့ အခြေခံ ၀န်ထမ်းလို့ ဆိုနိုင်တဲ့ နိုင်ငံ့ ၀န်ထမ်းတွေခမျာ နှစ်ဖက် မျက်နှာကြည့်ပြီး အားမလိုအားမရ ဖြစ်ကြရတဲ့ အပြင် ကိုယ့်ရဲ့ရှင်သန် ရပ်တည်မှု အတွက်တောင် နိစ္စဓူဝ တွေးပူနေရတဲ့ အခြေအနေတွေကို ရင်ဆိုင် နေကြရတာပါ။
ဆရာကြည်ရေ၊ လတ်တလော ပြည်သူတွေ အကြား စိတ်ဝင်စားစရာ ဖြစ်နေတဲ့ ဒီမိုကရေစီ ပညာရေး ပြုပြင် ပြောင်းလဲမှုနဲ့ ဆက်စပ် ပတ်သက်ပြီး ပြောချင်တယ် ဆိုမှတော့ ပညာရေး အကြောင်းပဲ စကားစပ် ရတော့မှာပေါ့ဗျာ။ အမျိုးသား လွှတ်တော်မှာ စတင် ကြားနာ ဆွေးနွေးနေပြီဖြစ်တဲ့ ပညာရေးဥပဒေ၊ ပြုပြင်ရေး ဆိုင်ရာ ဥပဒေကြမ်းလို လုပ်ဆောင်ချက်တွေရှိနေ၊ ပေါ်ပေါက်နေပြီ ဆိုပေမယ့် လက်ရှိ အချိန်အထိ ရင်ဆိုင် ဖြတ်သန်းနေရတဲ့ ပညာရေး အနေအထား တွေကတော့ အားရစရာ မကောင်းလှဘူးဗျာ။
လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်လဲရေး အမည်ခံ ပြင်ဆင်လိုက်တဲ့ အခြေအနေတွေက စစ်မှန်တဲ့ ပြုပြင် ပြောင်လဲရေးဆီကို ဦးတည်နိုင်စွမ်း မရှိဘူး ဆိုတာကို အဓိက ပြောပြချင်တယ်ဗျာ။ တစ်နေ့ က မိတ်ဆွေဆရာ တစ်ယောက်က အမိန့်စာ တစ်စောင် ယူလာပြတယ်ဗျ။ အခြေခံ ပညာရေး ကဏ္ဍကနေ အလယ်တန်းပြဆရာ၊ ဆရာမတွေဆီကို ထုတ်ပြန်ထားတဲ့ အကြောင်းကြားစာ ဆိုပါတော့ဗျာ။
အကြောင်းကြား စာမှာပါတဲ့ အကြောင်းအရာကို မပြောသေးခင် အစိုးရရဲ့ပြောင်းလဲလာတဲ့ ပညာရေး စနစ်အချို့ကို အရင်မိတ်ဆက်မှ ဒီအကြောင်းကြားစာရဲ့ ဆိုလိုရင်းကို နားလည်နိုင်မယ်။ အခြေခံကဏ္ဍမှာ စတုတ္ထတန်းနဲ့ အဌမတန်းကို ခရိုင် စစ်ဆေးရေးနဲ့ တိုင်းစစ်ဆေးရေး စာမေးပွဲ ပုံစံတွေ ပြောင်းလိုက်တယ်ဗျ၊ စတုတ္ထတန်းကို အရင်လို ကိုယ့်ကျောင်းက ကိုယ်ပိုင် မေးခွန်းထုတ်ပြီး အတန်းတင် ပေးရတဲ့ စနစ် မဟုတ်တော့ဘဲ ခရိုင် ပညာရေးမှူးရုံးကနေ တစ်ခရိုင်လုံးစာ မေးခွန်း တစ်စုံတည်း ထုတ်ပြီး စစ်ဆေးမယ့် သဘောပေါ့ဗျာ။
ဒီလိုပဲ အဋ္ဌမတန်း ကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ပညာရေးမှူး ရုံးတွေဟာ ကိုယ်တိုင်း၊ ကိုယ်ပြည်နယ် တစ်ခုလုံးစာ မေးခွန်း တစ်စုံတည်း ထုတ်လို့ စစ်ဆေးကြရမယ့် ပုံစံပေါ့ဗျာ။ စစ်ဆေးကြမယ့် စနစ်မှာ မေးခွန်းကို တစ်ပုံစံတည်း ဖြစ်အောင်၊ မေးခွန်း ပေါက်ကြားမှုတွေ မဖြစ်အောင် သက်ဆိုင်ရာ ဦးစီးဌာန တွေက ဦးဆောင်ကြီး ကြပ်ကြတာကို ဘာမှ ဝေဖန်စရာ မရှိပေမယ့် ကိုယ်လုပ်ချင်ကြတဲ့ ရည်ရွယ်ချက်ကို အမှန်တကယ်ရော ပေါက်မြောက်မှု ရှိအောင် လုပ်ကြရဲ့လား ဆိုတာ ပြန်လည် မေးခွန်း ထုတ်ရမယ့် ကိစ္စဗျ။
စတုတ္ထတန်း ဖြေတော့တောင် လူမှု မီဒီယာတွေမှာ မေးခွန်း ကြိုတင်ပေါက်ကြားတဲ့ အကြောင်းတွေ ပလူပျံအောင် ကြားလိုက်ရသေးတာ ဘာကြာသေးလို့လဲဗျ။ ဟုတ်တယ်၊ မှန်တယ်လို့ ခိုင်ခိုင်မာမာ မပြောနိုင်ပေမယ့် သက်ဆိုင် သူတွေတော့ ဒီကိစ္စရဲ့အမှားအမှန်ကို သေချာသိကြမှာပါ။ ဟုတ်လိုကျော် ပုပ်လိုပေါ် မဖြစ်စေနဲ့လို့တော့ ဆုတောင်းမိပါရဲ့။
အဲစကားဆက်ရရင် ဒီလိုပြုပြင် ပြောင်းလဲမှု လုပ်လိုက်ပေမယ့် စစ်ဆေးတဲ့ စနစ်တွေကတော့ ရေးဖြေ၊ တစ်နည်းအားဖြင့် အလွတ် ကျက်မှတ်ထားသမျှကို ပြန်လည်ချပြရတဲ့ စနစ်တစ်ခုတည်းကိုပဲ အသုံးပြုပြီး ကလေးတွေရဲ့ အရည်အသွေးကို စစ်ထုတ်ကြမယ်ပေါ့။ မအောင်မြင်သူ မရှိရလေအောင် ကျရှုံး ဘာသာရပ်တွေရဲ့ နောက်ဆက်တွဲ စာမေးပွဲတွေလည်း စီစဉ်ထားတယ်ပေါ့ဗျာ။
အဲဒီစနစ်ကို လက်တွေ့ အကောင်အထည် ဖော်ကြရတဲ့ နိုင်ငံ့ဝန်ထမ်းတွေခမျာ ကြားညပ်ရတဲ့ မသက်မသာ ကိစ္စရပ်တွေ ပေါ်လာတယ် ဆိုပါတော့။
အထက်က ဆိုခဲ့တဲ့ အမိန့်စာ တစ်ဖြစ်လဲ အကြောင်း ကြားစာမှာ ပါလာတာက သက်ဆိုင်ရာ ဆရာ၊ ဆရာမများ ကိုယ့်စရိတ်နဲ့ ကိုယ် စားသောက်ပြီး မိမိတို့ နေထိုင်ရာ ဒေသတွေကနေ တိုင်းပညာရေး ညွှန်ကြားမှု ရုံးတွေရှိရာ မြို့တွေဆီကို အဖြေလွှာ စစ်ဆေးဖို့ လာရောက် ကြရမတဲ့။ ဒီလိုလာကြ တဲ့အခါမှာ ခရီးစရိတ် ကိုတော့ Travel Allowance ဆိုတဲ့ ခရီး သွားခွင့်ပြုစရိတ် ကနေ ပြန်လည် လျှောက်ထား ရယူနိုင်ခွင့် ရှိပေမယ့် တခြား မြို့နယ်ကို သွားရောက်ပြီး စာစစ်စဉ် တစ်နည်းအားဖြင့် နိုင်ငံ့တာဝန် ထမ်းဆောင်စဉ် ကာလမှာ ကိုယ့်စရိတ်နဲ့ ကိုယ်စားသောက် ကြရမယ်တဲ့။
ဒါ့အပြင် ဒီဆရာ၊ ဆရာမတွေ နေထိုင်ဖို့ စာသင်ကျောင်းတွေမှာ စီစဉ် ပေးထားတယ် ဆိုပေမယ့် အတွေ့အကြုံတွေ အရ နေစရာ နေရာပဲ ထားရှိပေးပြီး အိပ်ရာထိုင်ခင်းက အစ လျှပ်စစ်မီးလို၊ သောက်ရေ သုံးရေလို နေ့စဉ်ဘ၀ရဲ့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်း ပစ္စယတွေ မရှိတဲ့ အနေအထား အတွက်လည်း ကိုယ့်ဘာသာပဲ စီစဉ်ကြရတာလေ။
ခရီးသွား ခွင့်ပြုစရိတ် ဆိုတာ ကလည်း ဒီပညာသင်နှစ်မှာမှ တာဝန် ထမ်းဆောင်ပြီးလို့ သက်ဆိုင်ရာ ဌာနကို တင်ပြလိုက်ရင် နောက်ပညာသင် နှစ်မှာမှ ထုတ်ပေးနေကြပေါ့။ တချို့ဆို လုံးဝ ထုတ်မပေးဘဲ အဆင့်ဆင့် ဖြတ်ယူကြတဲ့ တာဝန် ရှိသူတွေလည်း ကြုံနေ၊ ကြားနေရတုန်းပေါ့ဗျာ။
(လွန်ခဲ့တဲ့နှစ်တွေက သွားထားတဲ့ စရိတ်တွေတောင် ထုတ်ယူလို့ မရသေးတဲ့ သူတွေ ခုထိရှိနေပါရဲ့)။ နိုင်ငံ့ဝန်ထမ်း ဘ၀တူချင်း ဇာတ်တူသား စားရက်ကြတာ ကိုတော့ ထူးပြီး ရှင်းပြစရာ လိုမယ် မထင်ဘူး။ ဆိုတော့ဗျာ။ ဒီဆရာ၊ ဆရာမတွေ တာဝန် ထမ်းဆောင်ရမယ့် မြို့တွေကို ခရီး ထွက်ရာကနေ တာဝန် ချိန်ပြီးဆုံးမယ့် နှစ်ပတ်တာ ကာလမှာ ကုန်ကျမယ့် စရိတ်စကကို တွက်ကြည့်လိုက်ရင် အနည်းဆုံးတော့ သိန်းဂဏန်း အထက်ပါဗျာ။
ဒီပမာဏဟာ ဒီဆရာ၊ ဆရာမတွေရဲ့ နိုင်ငံတော်က ပေးချေနေတဲ့ လစာ ပမာဏထက် ပိုများနေတာကို သာမန်ပဲ တွေးမြင်ကြည့်လို့ မရနိုင်ဘူးဗျ။ ခင်ဗျားပဲ စဉ်းစားကြည့်ဗျာ။ ဒီဆရာ၊ ဆရာမတွေဟာ နိုင်ငံ့ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင် နေကြလို့ နိုင်ငံတော်က ပေးချေးနေတဲ့ လစာနဲ့ပဲ ရှင်သန် ရပ်တည် နေကြရတာ။
လစာလို့ ပြောထားတဲ့ အတွက် ရတဲ့ လုပ်အားခကို တစ်လလုံးစာ တွက်ချက်ပြီး သုံးစွဲ နေကြရတာ။ ဒီလစာ ထက် ပိုများတဲ့ ပမာဏကို နိုင်ငံ့တာဝန် ထမ်းဆောင်ရင်း နှစ်ပတ်လောက်နဲ့ ကုန်ကျခံရမယ် ဆိုတော့ ကျန်တဲ့ရက်တွေ အတွက် ဘယ်လိုရှင်သန် ရပ်တည် ကြရမလဲ။ သူတို့တစ်တွေ ရှင်သန် ရပ်တည်ဖို့ တတ်တဲ့ ပညာတွေ အသုံးချပြီး အပိုချိန်လို ကျူရှင်တွေ သင်ပြန်တော့ ပြည်သူတွေကလည်း ဝေဖန်သလို အထက်က တာဝန် ရှိသူတွေကလည်း ဆရာ၊ ဆရာမရဲ့ ကိုယ်ကျိုးအတွက်မို့ အရေးယူပါ့မယ် ဟန်တပြင်ပြင် လုပ်ထားလေတော့ ဒီလိုသာ ရှာမထားတဲ့ ဆရာ၊ ဆရာမတွေဆို ဘယ်လိုများ ရပ်တည် ကြရတော့မလဲဗျာ။
ဒီလို ဆရာ၊ ဆရာမတွေ ကိုယ့်ရဲ့ဝမ်းရေး အတွက် ရုန်းကန် ဖြေရှင်းကြရတယ် မဟုတ်လားဗျ။ ဒီလိုနဲ့ ပြည်သူနဲ့ အစိုးရ နှစ်ခုအကြား ချောင်ပိတ် ခံကြရတဲ့ ကြားထဲက ကျူရှင်တွေ ဖန်တီးပြီး ငွေရှာကြရ လေတော့တာပေါ့။ ဒီအနေအထားကို စဉ်းစားကြည့်လိုက်ရင် ကျူရှင် သင်နေကြသူတွေရဲ့ အားနည်းချက်ကြောင့်လား၊ ကျူရှင်မသင် မဖြစ်သင်ရလေအောင် ဖန်တီး ပေးနေကြသူတွေရဲ့ စနက်ကြောင့်လား ဆိုတာ မြင်သာမယ် ထင်ပါရဲ့ဗျာ။
အဲကျူရှင်သင်တဲ့ အပေါ်ရပိုင်ခွင့်တွေ အပေါ် သာယာလာလို့ သမလောဘကနေ၊ ၀ိသမ လောဘ ဖြစ်လာပြီး လုပ်ပိုင်ခွင့်တွေကို ပိုမို အသုံးချလာကြတဲ့ ဆရာ၊ ဆရာမ တွေကိုတော့ မဆိုလိုဘူးပေါ့ဗျာ။
အမျိုးသား ပညာရေး ဥပဒေလို တစ်ခါတုန်းကမှ မရှိခဲ့တဲ့ ဥပဒေတစ် ခုကိုပြဋ္ဌာန်းဖို့ ကြိုးစားကြတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီဥပဒေနဲ့ ဆက်ဆက် ပတ်သက်ပြီး နိုင်ငံရေး ကစားကွက်မှာ လိုသလို ခင်းကျင်း ကစားနေတာ ကိုတော့ မမြင်လို မတွေ့လိုပေမယ့် မြင်နေတွေ့နေရတာကို စိတ်မကောင်း ဖြစ်ရပါတယ်။ အမှန်တော့ ပညာရေး ဆိုတာ ကစားစရာ မဟုတ်သလို နိုင်ငံရဲ့ပစ္စုပ္ပန်သာမက အနာဂတ်ကိုပါ ဖန်တီး တည်ဆောက်ဖို့ အရေးပါဆုံးသော အရာပါ။
ဒီလိုအရေးပါလှတဲ့ ပညာရေးကို ဥပဒေတစ်ခု ချမှတ်ပြီး လက်တွေ့အကောင်အထည် မဖော် နိုင်သေးချိန်မှာ လက်ရှိ ကျင့်သုံးနေရဆဲ စနစ်တွေ၊ နည်းလမ်းတွေကို တတ်နိုင်သမျှ ပြင်ကြ ဆင်ကြဖို့လည်း မဖြစ်မနေ လိုအပ်တာပါ။ ဒါပေမဲ့ ဒီလို ပြင်ဆင် လုပ်ဆောင်ကြတဲ့ နေရာမှာ ကြားကောင်းရုံ၊ စာရွက်ပေါ်မှာ မြင်ကောင်းရုံလေး လုပ်နေကြတာတွေ များနေပါတယ်။
အခုဖြစ်ရပ်ဆိုလည်း သာမန် ဖြစ်နေကျ ဖြစ်ရပ်လေး တစ်ခုကို မမြင်မိဖို့နဲ့ ဒီဖြစ်ရပ်မျိုးကို သက်ဆိုင်ရာ ဖန်တီးရှင်တွေ သတိပြုမိဖို့ လိုအပ်ပါတယ်။ ဘာလို့လဲ ဆိုတာ ပညာရေး ၀န်ထမ်းတစ်ဖြစ်လည်း၊ နိုင်ငံ့ဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့အကျိုးအတွက် ထမ်းရွက် နေကြရသူတွေပါ။ ဒီဝန်ထမ်းတွေရဲ့ စားဝတ်နေရေးကို အခက်တွေ့စေအောင် ဖန်တီးထားတယ်ဆိုရင် ဒီပြဿနာတွေ ပြေလည်ဖို့ ၀န်ထမ်းတွေ အနေနဲ့ ကိုယ့်ဘာသာ ကြိုးစား ရုန်းကန်ကြရပါတယ်။ ဒီအခါ သူတို့တစ်တွေရဲ့ ပစ်မှတ်ဟာ ပြည်သူတွေသာ ဖြစ်ကြရပြီး လစာနည်း ၀န်ထမ်းတွေရဲ့ အဆင်ပြေရေး ဖန်တီး လုပ်ဆောင်မှုတွေဟာ ပြည်သူတွေသာ နစ်နာစေတဲ့ နည်းလမ်းတွေ ဖြစ်နေကြပါတယ်။ ဒါကြောင့် ၀န်ထမ်းတွေ နစ်နာတယ် ဆိုရင်တော့ အဖက်ဖက်က အခါခါ နာကြရတာ ပြည်သူတွေပဲ ဖြစ်နေတာမို့ ပြည်သူကို အမှန်တကယ် ကူညီရာ ရောက်စေဖို့ဆိုရင် ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံနေကြရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လုပ်ပျော်တဲ့ အလုပ် ၀န်းကျင်ကောင်း ဖြစ်အောင် ဖန်တီးပေးဖို့ အရေးကြီးလှပါတယ်။
လုပ်ပျော်တဲ့ အလုပ် ပတ်ဝန်းကျင် ဆိုရာမှာ ၀န်ထမ်းတွေရဲ့ စားဝတ်နေရေး ပြေလည်မှု သာမက လွှမ်းမိုး ချုပ်ကိုင်ထားတဲ့ ဗျူရိုကရေစီ ဆန်ဆန် အုပ်ချုပ်ရေးစနစ်ကိုပါ ဆိုလိုချင်တာပါ။ ပညာရေး နယ်ပယ်မှာ ဆိုရင် အခြေခံ ပညာကဏ္ဍမှာ ဗျူရိုကရက်တွေ ပိုများလာလို့ အခုလို ပြောရတာပါ။ သက်ဆိုင်ရာ ပညာရေးမှူးတွေ အပြင် ကိုယ့်ကျောင်းရဲ့ ကျောင်းအုပ်ကြီးတွေကိုပါ အာဏာရှင်လို ကြောက်ကြ၊ သတိထားကြရတဲ့ ဆရာ၊ ဆရာမတွေခမျာ အထက်ကဆိုပြီး ခိုင်းသမျှကို ပြန်မငြင်းရဲဘဲ လုပ်ကိုင်နေကြ ရရှာပါတယ်။
အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလှတဲ့ အချိန်ကာလမှာ ရထားတဲ့ အလုပ်အကိုင်လေး တစ်ခု တည်မြဲဖို့အရေး အဆင်မပြေမှုတွေကို ခါးစည်းခံပြီး အစိုးရနဲ့ ပြည်သူနှစ်ဖက်စလုံးရဲ့ အမုန်းကို ခံစားကြရတာ အခြေခံပညာ ကဏ္ဍက ဆရာ၊ ဆရာမတွေပါ။ အကြောက်တရားကို ရင်မှာပိုက်ထားကြတဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ တာဝန် ပေးအပ်လာမှုကို မငြင်းဆန်နိုင်ဘဲ ထမ်းဆောင် လိုက်ကြရင်တောင် စားဝတ်နေရေး မပြေလည်မှုတွေ ရှိနေခဲ့ရင်၊ အထူးသဖြင့် အခုလို ကိုယ့်စရိတ်နဲ့ ကိုယ်ကျခံရမယ့် ခရီးစဉ်မျိုး နဲ့ ကြုံလာခဲ့ရင် တာဝန် ထမ်းဆောင်ချိန်မှာ အပြည့်အ၀ စိတ်နှစ်ပြီး ကိုယ့်ရဲ့အရည်အချင်းကို စစ်စစ်မှန်မှန် အသုံးချလိမ့်မယ်လို့ အာမမခံနိုင်ပါဘူး။
တာဝန်ကျေရုံလေးသာ လုပ်ဆောင်ခဲ့ကြမယ်ဆိုရင် နစ်နာတာက အစိုးရနဲ့ ပြည်သူ တင်မကတော့ဘဲ ဆရာ၊ ဆရာမ ကိုယ်တိုင် အတွက်လည်း နစ်နာ သွားစေနိုင်ပါတယ်။ ၀န်ထမ်းရဲ့လုပ်အားကို အပြည့်အ၀ မရရှိတော့ဘဲ အစိုးရအနေနဲ့ အလုပ်ရှင်ကောင်း အဖြစ် ရပ်တည်နိုင်မှာ မဟုတ်သလို ဒီဝန်ထမ်းတွေရဲ့ စီမံမှုကို ခံရမယ့် ပြည်သူတွေ အနေနဲ့လည်း ပြည်သူ့ ဘဏ္ဍာငွေတွေနဲ့ ထောက်ပံ့ ထားရမှုက မတန်မရာ ဖြစ်သွား စေနိုင်ပါတယ်။
ဒါ့အပြင် ကာယကံရှင် ကိုယ်တိုင်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်း ချို့ယွင်းလာမှုကတော့ အဆိုးရွားဆုံးသော ဆုံးရှုံးမှု ဖြစ်လာစေပါတယ်။ ဒီလိုတွေသာ ဆင့်ပွား စဉ်းစားလိုက်ရင် ဒီအကြောင်းကြားစာ တစ်ခုမှာ ပါလာတဲ့ အကြောင်းတရားတွေက မြန်မာပြည် ပညာရေးစနစ်ကို ဘယ်လောက် အထိ နစ်နာဆုံးရှုံးမှု ရှိစေနိုင်တယ် ဆိုတာ မြင်သာ၊ ထင်သာ ဖြစ်သွားတော့မှာပါ။
ဒါကြောင့်လည်း ဒီကိစ္စကို သာမန် ကိစ္စငယ်လေး တစ်ခုလို သဘောမထားကြဖို့နဲ့ အထူးအလေးပြုမိကြဖို့ သတိပေးရခြင်းပါဗျာ။
ဆရာကြည်ရေ ၊ ဒီဆရာ ၊ ဆရာ မတွေခမျာ လူငယ်တွေရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားတွေမှာ အားမရ ဖြစ်စရာတွေ ကြုံလာပြန်ရင်လည်း အပြစ် တင်ခံရမှုကနေ မလွတ်ကင်း နိုင်ကြပြန်ပါဘူး။ ကလေးတွေရဲ့ ပဲ့ကိုင်ရှင်တွေဟာ အခြေခံပညာက ဆရာ၊ ဆရာမတွေပဲမို့ ဒီကလေးတွေရဲ့ အနာဂတ် ဖြစ်ပျက် နေသမျှကို ဆရာ၊ ဆရာမတွေရဲ့ သွန်သင် ဆုံးမမှု၊ သင်ကြား ပြသမှုတွေနဲ့ အမြဲချိန် ထိုးခံရပါတယ်။
ဘာသာတရား လွှမ်းမိုးမှု အားကြီးလို့ ဆရာဆိုတဲ့ နေရာအပေါ် တန်ဖိုးထားမှု၊ မျှော်လင့်မှုတွေက ပိုကြီးပြန် တာကလည်း ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံရချိန် ပိုများလာတဲ့ ခေတ်ကြီးမှာ ဆရာ၊ ဆရာမတွေရဲ့ လုပ်ရပ်တွေ၊ သင်ကြား သွန်သင် နိုင်စွမ်းတွေက ပိုပြီး အရေးကြီးလာပါတယ်။ ခေတ်ကာလက ဒီလိုအရေး ကြီးတဲ့ အနေအထား တစ်ရပ်ကို တောင်းဆို လာနေပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ကတော့ ဆရာ၊ ဆရာမဆိုတဲ့ ကဏ္ဍအပေါ် တန်ဖိုးထား ဖြည့်ဆည်းမှုက အားမရစရာပါ။
မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေမှာ ပညာရေးလောက ၀န်ထမ်းတွေ အပေါ် ဆက်ဆံမှုတွေကို ကြည့်ရင်ပဲ အစိုးရ နဲ့ ပြည်သူ နှစ်ရပ်လုံးရဲ့ တန်ဖိုးထားမှုကို တွေ့မြင်နိုင်ပါတယ်။ အစိုးရဘက်ကလည်း ဆရာ၊ ဆရာမဆိုတဲ့ အလုပ် တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ လူရွေးချယ်ရာမှာ သတ်မှတ် ထားတဲ့ စည်းမျဉ်း စနစ်ကလည်း အရည်အချင်း အရှိဆုံး အနေအထား တစ်ရပ်ကို အသုံးပြု မထားသလို ပြည်သူတွေဘက်ကလည်း ၀ါသနာနဲ့ စေတနာကို အရင်းခံပြီး ဒီအလုပ်ကို လျှောက်ထား ကြတာမျိုး မဟုတ်ဘဲ လုပ်စရာ အလုပ် မရှိခါမှ ၀င်ရောက် လျှောက်ထားကြတဲ့ အနေအထားမျိုးတွေ တွေ့နေ၊ မြင်နေကြရပါတယ်။
ဒါဟာ လက်ရှိ အစိုးရ လက်ထက်မှာလည်း ပညာရေး ၀န်ထမ်းတွေ ရင်ဆိုင်နေကြရတဲ့ ပြဿနာ တစ်ခုပါ။ လက်ရှိ ပညာရေး နယ်ပယ်က ၀န်ထမ်းတွေကို ကြည့်ရင် အမျိုးသမီး ဦးရေ ပိုများနေတာကို တွေ့မြင်နိုင်မှာပါ။ ဒီလို ဖြစ်နေရတာဟာ မြန်မာ အမျိုးသမီးတွေ အတွက် အလုပ်အကိုင် ရှားပါလာချိန်မှာ နေရာအရ တန်ဖိုးတစ်ခု သတ်မှတ်ခံရတဲ့ ဆရာမဆိုတဲ့ အလုပ်ကို ရွေးချယ် လုပ်ကိုင် လိုကြသူတွေ များလို့လို့ အကြမ်းဖျင်း ကောက်ချက် ချနိုင်ပါတယ်။
အဆင်မပြေကြတဲ့ အလုပ်အကိုင်ချင်း တူရင် ဆရာမ အလုပ်ဟာ ဂုဏ်သိက္ခာပိုင်းမှာ ပိုအလေးသာတာမို့ မြန်မာ အမျိုးသမီးတွေ အတွက် သင့်လျော်တဲ့ အလုပ်တစ်ခု အဖြစ် ရွေးချယ် လာကြတာကို ကိုယ့်ပတ်ဝန်းကျင် အသီးသီးမှာ မေးမြန်း ဆန်းစစ်ကြည့်နိုင်ပါ တယ်။
ဒီလိုရွေးချယ် လာကြတာကို အရည်အသွေး မြှင့်တင်ပေးနိုင်မှု အပိုင်းမှာ အစိုးရဘက်က မဖြည့်ဆည်း ပေးနိုင်တဲ့ အခါ ပညာရေး ၀န်ထမ်းတွေရဲ့ အရည်အချင်းပိုင်းမှာ ထောက်ပြ ဝေဖန်စရာတွေ ဖြစ်လာ၊ ကြုံလာ ကြရပါတယ်။ အထူးသဖြင့် အလုပ်အပေါ် ဂုဏ်ယူမြတ်နိုးစွာ လုပ်ဆောင် လိုကြလို့ မဟုတ်ဘဲ အခြေအနေအရ ၀င်ရောက် လုပ်ကိုင်ကြ သူတွေ များလာခဲ့ရင် ဆုံးရှုံး လိုက်ရမယ့် စိတ်ဓာတ် တန်ဖိုးတွေကိုပါ ထည့်သွင်း တွက်ချက် ရတော့မှာပါ။ ဒီအခြေအနေမျိုးကို တာဝန် ရှိသူတွေ အနေနဲ့ အမြန်ဆုံး ထိန်းမတ်ပေးနိုင်ဖို့ အရေးကြီး လှပါတယ်။
နိုင်ငံ့ဝန်ထမ်း တစ်ယောက်ကို နိုင်ငံအတွက်၊ ပြည်သူ့အတွက် တာဝန် ထမ်းဆောင်ဖို့ လုံလောက်တဲ့ အနေအထား တစ်ရပ် မဖန်တီးပေးနိုင်ဘူး ဆိုတာ အစိုးရအတွက် ၀မ်းမြောက် ဂုဏ်ယူဖွယ်ရာ ကိစ္စတစ်ရပ် မဖြစ်နိုင်ပါတူး။ လုပ်ခ လစာကို နိုင်ငံတကာ အဆင့်နဲ့ ရင်ဘောင်တန်း ပြီး တိုးမြှင့်ပေးဖို့ တောင်းဆိုလိုတာ မဟုတ်ပေမယ့် တာဝန် ထမ်းဆောင် ချိန်တွေ အတွက် ကျခံရမယ့် ကုန်ကျစရိတ်တွေ ကိုတော့ အပြည့်အ၀ ကျခံ ပေးနိုင်ဖို့ ကြိုးစားပေးကြ စေချင်ပါတယ်။
မကြာခင် ရောက်လာတော့မယ့် ဘဏ္ဍာ နှစ်သစ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေကို နိုင်ငံတကာ အဆင့် လစာ နှုန်းထားတွေ စတင် ခံစား ခွင့်ပြုတော့မယ်လို့ ကြားသိထားရတာ မင်္ဂလာ တစ်ပါးပါ။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ခံစားခွင့်တွေကို နိုင်ငံတကာ အဆင့်မီအောင် ပြည်သူ့ ဘဏ္ဍာငွေတွေနဲ့ ပေးချေနိုင်တယ် ဆိုရင် နိုင်ငံ့ ၀န်ထမ်းတွေကိုလည်း ပေးချေ နိုင်သင့်ပါတယ်။
ဒါ့အပြင် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ဖို့ တက်ရောက်ရတဲ့ သင်တန်းတွေ၊ နယ်မြေ ရပ်ခြားမှာ ထမ်းဆောင်ကြရတဲ့ တာဝန်တွေ အတွက်လည်း တာဝန်ယူ နိုင်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘူး ဆိုရင်တော့ လုပ်ပျော်ဖွယ် ကောင်းတဲ့ အလုပ် ပတ်ဝန်းကျင် တစ်ခု ဖြစ်မလာနိုင်ဘဲ တာဝန်ကျေရုံ၊ အပြစ်တင် မခံရရုံ လုပ်ဆောင်ချက် တွေသာ ထွက်ပေါ်လာနိုင်ပြီး၊ အရည်အချင်း ပြည့်ဝတဲ့ လုပ်ဆောင်မှုတွေကို နိုင်ငံ့ အနေနဲ့ရော၊ ပြည်သူတွေ အနေနဲ့ပါ ဆုံးရှုံးရတော့မှာပါ။
ဒီအနေအထား တစ်ရပ်ကို လက်ရှိ အစိုးရ အနေနဲ့ ဘယ်လောက် အထိ ပြု ပြင် ပြောင်းလဲ ပေးနိုင်မလဲ ဆိုတာက လက်ရှိ အစိုးရစတင် တာဝန်ယူချိန်က ပြောကြားခဲ့တဲ့ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်စေရမယ် ဆိုတဲ့ ပြောစကားတွေရဲ့ အဖြေ ဖြစ်လာတော့မှာပါ။ ဒါကို လေ့လာ သုံးသပ်ကြည့်နိုင်ဖို့ အချိန် ကာလက အနည်းငယ်သာ ကျန်တော့တာပါလို့ သတိ ပေးလိုက်ချင်ပါတယ်....
Messenger News Journal
Friday, March 20, 2015
ကိုယ့်စရိတ်ကို စားပြီး နိုင်ငံ့ ၀န်ထမ်းကြရမည် ဆိုပါလျှင်- မင်းသန့်ငယ် (ကလေး)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment