Sunday, March 22, 2015

အပူဆုံးအချိန်ကို ရောက်လာခဲ့မယ်ဆိုရင်

ရန်ကုန်မြို့၏ နေ့အပူရှိန် ပြင်းပြင်းအောက်တွင် သွားလာနေကြသော ၀န်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် ခရီးသွားပြည်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ယခုနှစ် ဆောင်းအကုန် နွေအကူးကာလအစ၏ ပူပြင်းမှုသည် နွေရာသီအပူဆုံးလဖြစ်သည့် ဧပြီလအပူချိန်သို့ ရောက်ရှိရန် အနည်းငယ်သာ လိုတော့သည်။ ထိုကဲ့သို့ အပူချိန်မြင့်တက်နေမှုနှင့်အတူ အားပျော့သည့် အယ်လ်နီညိုရာသီဥတု (ပူးပြင်းခြောက်သွေ့သော ရာသီဥတု) ဖြစ်ပွားရန် တာစူလျက်ရှိနေသည်။နှစ်အလိုက် နေ့အပူချိန်များအား ပြန်လည် စမ်းစစ်ကြည့်ပါက လက်ရှိတွင် နွေရာသီကာလ၏ အပူဆုံးအချိန်ကို မရောက်ရှိ သေးသော်လည်း၂ဝ၁၂၊ ၂ဝ၁၃ ခုနှစ်များထက် ပိုမိုပူပြင်းနေကြောင်းလည်း သိရသည်။

“အခုနွေရာသီအစမှာပဲ ပြီးခဲ့တဲ့နှစ်က ထက်ပိုမိုပူပါတယ်။ နောက်ထပ်ပြီးတော့ အပူချိန်တွေက ထပ်တိုးနိုင်တယ်။ နွေရာသီရဲ့ အပူဆုံးကာလဖြစ်တဲ့ ဧပြီလကိုသတိ ထားသင့်ပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် ၂ဝဝ၉၊ ၂ဝ၁ဝ ခုနှစ် တွင် အယ်လ်နီညိုရာသီဥတုကို ခံစားခဲ့ရပြီး ၂ဝ၁ဝခုနှစ် မတ်၊ ဧပြီ၊ မေလများတွင် မြို့ နယ် ၁၆ မြို့နယ်အတွင်း စံချိန်တင်ပူပြင်းမှု (၂၁) ကြိမ်အထိဖြစ်ပွားခဲ့ကြောင်းလည်း မိုးဇလဌာနမှ သိရသည်။

၂ဝ၁၂ ခုနှစ် မတ် ၁၈ ရက်တွင် နေ့ အပူချိန်များအနေဖြင့် နေပြည်တော်(ရေဆင်း) တွင် ၃၈ ဒီဂရီစင်တီဂရိတ်၊ မိတ္ထီလာမြို့တွင် ၃၅ ဒီဂရီစင်တီဂရိတ်၊ ပြည်မြို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့တွင် ၃၆ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန် (ကမ္ဘာအေး)တွင် ၃၄ ဒီဂရီစင်တီဂရိတ်၊ မုံရွာမြို့တွင် ၃၆ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့တွင် ၃၅ ဒီဂရီ စင်တီဂရိတ်၊ ပုသိမ် ၃၆ ဒီဂရီစင်တီ ဂရိတ် ရှိခဲ့သည်ဟု သိရသည်။

၂ဝ၁၃ ခုနှစ် ဧပြီ ၂၆ ရက်အမြင့်ဆုံး အပူချိန်များအနေဖြင့် ရန်ကုန်မြို့တွင် ၃၆ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့တွင် ၃၈ ဒီဂရီ စင်တီဂရိတ်၊ နေပြည်တော်တွင် ၃၈ ဒီဂရီစင် တီဂရိတ်၊ မော်လမြိုင်မြို့တွင် ၃၃ ဒီဂရီစင် တီဂရိတ်၊ ပဲခူးမြို့တွင် ၃၇ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့တွင် ၃၄ ဒီဂရီစင်တီဂရိတ်၊ မုံရွာ မြို့တွင် ၃၈ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီး မြို့တွင် ၃၁ ဒီဂရီစင်တီဂရိတ်၊ မြင်းခြံမြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ် အသီးသီးရှိခဲ့ကြောင်းလည်း သိရသည်။

၂ဝ၁၄ ဧပြီ ၂၂ရက် နေ့အပူချိန်များသည် ရန်ကုန်မြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်တွင် ၃၉ ဒီဂရီစင်တီဂရိတ်၊ မကွေးတိုင်းဒေသကြီးတွင် ၄၃ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၃ ဒီဂရီစင် တီဂရိတ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ် တွင် ၃၅ ဒီဂရီစင်တီဂရိတ်၊ ကယားပြည်နယ်တွင် ၃၆ ဒီဂရီစင်တီဂရိတ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၃၄ ဒီဂရီစင်တီဂရိတ် အထိရှိခဲ့သည်။

၂ဝ၁၅ မတ် ၂၂ ရက် နေ့အပူချိန် ခန့်မှန်းချက်များသည် နေပြည်တော်တွင် ၄ဝ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်တိုင်းဒေသကြီး တွင် ၄ဝ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်း ဒေသကြီးတွင် ၃၇ ဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ်တွင် ၃၃ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်တွင် ၃၈ ဒီဂရီစင်တီဂရိတ်၊ မကွေးတိုင်းဒေသကြီးတွင် ၄ဝ ဒီဂရီစင်တီဂရိတ်၊ ရခိုင်ပြည်နယ်တွင် ၃၆ ဒီဂရီစင်တီဂရိတ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၄ဝ ဒီဂရီစင်တီဂရိတ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ကြောင်းလည်း မိုးဇလဌာနမှ သိရသည်။

အပူချိန်မြင့်မားသော မွန်းတည့်ချိန်မြင်ကွင်းတစ်ခု

လက်ရှိ အပူချိန်များ မြင့်တက်နေမှုနှင့် အတူသတိပြုသင့်သည့် အယ်လ်နီညိုသည် ယခုနှစ်တွင် အားနည်းသော အယ်လ်နီညို ဖြစ်ပွားနိုင်သည့် အခြေအနေများ မြင့်တက်နေကာ မြန်မာနိုင်ငံသို့ သက်ရောက်နိုင်မှုအား ဆက်လက်စောင့်ကြည့်ရန် လိုအပ်ကြောင်းလည်း သိရသည်။

“အယ်လ်နီညို ရာသီဥတု အခြေအနေက ကမ္ဘာ့ရာသီဥတုဗဟို သိပ္ပံဌာနက ထုတ်ပြန်ချက်အရ အလားအလာ ရှိနေတယ်လို့ ထုတ်ပြန်ထားတယ်။ အားနည်းတဲ့ အယ်လ်နီညိုဖြစ်နိုင်တဲ့ အခြေအနေကို ဦးတည်နေတယ်။ နောက်လေးငါးခြောက်လ အတွင်းမှာ အယ်လ်နီညိုဖြစ်နိုင်တဲ့ အလားအလာတွေရှိတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

မတ်လဒုတိယပတ်တွင် ပစိဖိတ်သမုဒ္ဒရာ တောင်ကမ္ဘာချမ်းနှင့် မြောက်ကမ္ဘာချမ်းတွင် မုန်တိုင်းနှစ်ခု တစ်ပြိုင်တည်း ဖြစ်ပေါ်ခဲ့သဖြင့် သမုဒ္ဒရာအတွင်း ပိုမိုပူနွေးလာကာ အားနည်းသော အယ်လ်နီညို ဖြစ်ပွားနိုင်မှုကို အားပေးသလို ဖြစ်ခဲ့ကြောင်းကိုလည်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ စံချိန်တင်ပူပြင်းခဲ့သည့်နှစ်တွင် အမြင့်ဆုံးအပူချိန် ၄၇ ဒီဂရီစင်တီဂရိတ် အထိရောက်ရှိခဲ့ပြီး၊ မြစ်များတွင် ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းများ၊ ကျန်းမာရေးချို့တဲ့ခြင်းများ၊ လူသေဆုံးရခြင်းများပင် ဖြစ်ပေါ်ခဲ့သည်။

“ပစိဖိတ်သမုဒ္ဒရာ အတွင်းမှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်က တောင်ကမ္ဘာ့ခြမ်းနဲ့ မြောက်ကမ္ဘာခြမ်းမှာ မုန်တိုင်းနှစ်လုံး တစ်ပြိုင်တည်း ဖြစ်ပေါ်ခဲ့တဲ့အတွက် ပင်လယ်သမုဒ္ဒရာကို ပူနွေးစေဖို့ အားပေးသလို ဖြစ်ခဲ့တယ်။ အခိုက်တန့်ဖြစ်တဲ့ ပူနွေးမှုမျိုးလား၊ တောက်လျှောက်ဖြစ်မယ့် ပူနွေးမှုမျိုးလား ဆိုတာကိုတော့ စောင့်ကြည့်နေပါတယ်” ဟု ဦးကျော်လွင်ဦးက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ပြီးခဲ့တဲ့ ၂ဝ၁၄ ဆောင်းရာသီကနေပြီး ဒီနှစ် ဖေဖော်ဝါရီလောက်ထိ ပစိဖိတ်သမုဒ္ဒရာက နွေးတဲ့ဘက်မှာပဲရှိတယ်။ ပြန်ပြီးတော့ မြင့်တက်လာလိုက် လျော့ကျသွားလိုက် ဖြစ်နေတယ်။ အယ်လ်နီညိုဖြစ်စဉ်က သမုဒ္ဒရာရဲ့ ရေပြင်ပူရုံနဲ့တင် မရဘဲ အနီးနားက အထက်လေထုလွှာတွေရဲ့ တုံ့ပြန်မှုလည်းလိုတယ်။ သမုဒ္ဒရာနဲ့ လေထုအပြန်အလှန် သက်ရောက်မှုရှိတော့မှ အယ်လ်နီညို ဖြစ်စဉ်ဆိုတာမျိုး ဖြစ်ပြီးတော့ အရှေ့အနောက် ကမ္ဘာပတ်ပြီးတော့ ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်ဘက်ဒေသတွေ အချို့ကိုလည်း အနည်းငယ် သက်ရောက်မှုရှိတာပေါ့” ဟု ပြောကြားသည်။

အားပျော့သော အယ်လ်နီညိုဖြစ်ပွားနိုင်မှု အခြေအနေနှင့် ပတ်သက်၍ ဩစတြေးလျ မိုးလေဝသဌာနနှင့် NATIONAL OCEANIC AND ATMOSPHERIC ADMINISTRATION (NOAA) တို့မှ အယ်လ်နီညို ဖြစ်ပွားနိုင်မှု အခြေအနေသည် ရာခိုင်နှုန်း ၅ဝ ခန့်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွင်ဖြစ်ပွားသော အယ်လ်နီညိုသည် အားပျော့ကာ မြန်မာနိုင်ငံသို့ သက်ရောက်နိုင်မှု အားနည်းပြီး၊ ဒီဇင်ဘာလတွင် ဖြစ်ပွားပါက အယ်လ်နီညိုသည် အားကောင်းပြီး မြန်မာနိုင်ငံသို့ သက်ရောက်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို့ အယ်လ်နီညိုသက် ရောက်ပါက မုတ်သုံပြောင်းလဲခြင်း၊ အချိန်အခါမဟုတ် မုန်တိုင်းများဖြစ်ပွားခြင်း၊ မိုးရေချိန်လျော့နည်းခြင်း၊ အပူချိန်မြင့်မားခြင်းနှင့် ပုံမှန်မဟုတ်သည့် ရာသီဥတုများဖြစ်ပွား နိုင်ကြောင်းလည်း သိရသည်။

အယ်လ်နီညိုဖြစ်ပွားမှုသည် နှစ်နှစ်ဆက်တိုက် ဖြစ်ပွားလေ့ရှိပြီး နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပွားရန် အနည်းဆုံးနှစ်နှစ်မှ အများဆုံး ခုနစ်နှစ်အထိ ကြာမြင့်ကြောင်းလည်း သိရသည်။

“အခု မတ်လဆန်းကတည်းက ရုတ်တရက်ဆိုသလို သိသိသာသာကို အပူဒဏ် ခံစားလာရတယ်။ ညဘက်တွေမှာ အရင်က ၁ဝ နာရီလောက်အထိပဲပူပြီး ၁၂ နာရီ သန်းခေါင်ချိန်လောက်ဆို အေးသွားရော။ ဒီရက်ပိုင်းကျတော့ နေ့တင်မက ညဆိုလည်း ၁ဝ နာရီလည်းပူ၊ ၁၂ နာရီလည်း ပူနေတုန်းပဲ၊ မနက်စောစောပိုင်းကျမှ တဖြည်းဖြည်းအေးပြီး အိပ်လို့ရတယ်။ တစ်နေ့လုံးပူ၊ တစ်ညလုံးပူဆိုတော့ မနက်မိုးလင်းတာနဲ့ ရေတန်းချိုးတော့တာပဲ” တချို့ရွာတွေမှာ နွေစပါးစိုက်နေကြတဲ့ သူတွေရှိတော့ ကောက်စိုက်သမတွေ အပူလျှပ်ပြီး ကိုယ်ပူခေါင်းကိုက် ဖြစ်ကြတယ်။ တချို့လည်း နေပူမိပြီး ဖျားနာကြတယ်။ နေပူတယ်ဆိုပေမယ့် အရိပ်ထဲ မနေနိုင်တဲ့ ဘဝတွေဆိုတော့ ဒီလိုပဲ ဆေးလေးဘာလေးသောက်ပြီး အလုပ်လုပ်နေကြ ရတာပါပဲ” ဟု ပေါင်းတည်မြို့မှ ဒေါ်သောင်းသောင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၁၊ ၂ဝ၁၂၊ ၂ဝ၁၃ နှင့်၂ဝ၁၄ ခုနှစ်များတွင် တွေ့ကြုံခဲ့ရသော ဆောင်းရာသီသည် ပုံမှန်ဆောင်းရာသီများထက် အအေးပေါ့ခဲ့ပြီး ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်စသော ဒေသများမှအပ မြို့ကြီးများတွင် နေ့အပူချိန်များ ပုံမှန်ဆောင်းရာသီများထက် ပိုမိုခဲ့ကာ ရန်ကုန်မြို့တွင် နေ့အပူချိန်မြင့်တက်မှုများကို သိသာစွာ ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုသည် ၂ဝဝ၆ ခုနှစ်နောက်ပိုင်းတွင် သိသာလာပြီး ပူပြင်းခြောက်သွေ့သော ကာလရှည်လျားလာမှုသည် ရာသီဥတုပြောင်းလဲမှု၏ သိသာသော အချက်တစ်ချက် ဖြစ်လာခဲ့သည်။ သိသာထင်ရှားသော ရာသီဥတုဖောက်ပြန်မှုများကို ၂ဝဝ၉ ခုနှစ်တွင် စတင်ကြုံတွေ့လာရပြီး မိုးခေါင်ခြင်း၊ မြစ်ရေနည်းခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ရေအရင်းအမြစ် နည်းပါးခြင်း၊ သောက်ရေသုံးရေ ရှားပါးသည့်အတွက် မသန့်ရှင်းသောရေများကို အသုံးပြုမှုများ သိသာစွာ ခံစားခဲ့ရသည်။

မြန်မာနိုင်ငံ၏ နွေရာသီကာလသည် မတ်လမှ မေလအထိ ဖြစ်သော်လည်း ယခုနောက်ပိုင်းတွင်မူ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ အပူဒဏ်ကို ခံစားလာရသည်။ မေလကုန်ပြီး နောက်တွင်လည်း မိုးရာသီ ကာလအတွင်း၌ မုတ်သုံမိုးရရှိမှု အနည်းအများပေါ်မူတည်ကာ ဒေသအများစုတွင် အပူကို တွေ့ကြုံခံစားရသည်။

ပူပြင်းသည့် အပူရှိန်ကြောင့် အပူလျှပ်မှုသည် အသက်အရွယ် အပိုင်းအခြားမရွေး ဖြစ်ပွားတတ်လေ့ရှိသော်လည်း ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ၌ ရောဂါခံစားရမှုပိုမိုတတ်ကာ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေထိ ဖြစ်ပေါ်တတ်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များက ဆိုသည်။

ရာသီဥတုပူပြင်းမှုများကြောင့် အသက်လေးနှစ်အောက် ကလေးများနှင့် အသက် ၆ဝ ကျော် သက်ကြီးရွယ်အိုများမှာ အပူဒဏ်ကြောင့် မေ့လဲခြင်း၊ အပူကြောင့် ခြေလက်ရောင်ရမ်းခြင်း၊ အပူကြောင့်ကြွက်တက်ခြင်း၊ အပူကြောင့် အားအင်ကုန်ခန်း ချည့်နဲ့ခြင်းနှင့် အပူကြောင့် ချွေးမထွက်ဘဲ သတိလစ် မေ့မြောသည့် ကျန်းမာရေး ဖြစ်စဉ်များလည်း ဖြစ်ပွားနိုင်သည်။

“ရာသီဥတုပူပြင်းလာတာနဲ့အမျှ လူတွေမှာ ရေဓာတ်ခန်းခြောက်တာ၊ အရေပြား နေလောင်တာ၊ ကိုယ်ခန္ဓာအပူချိန် မြင့်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောတတ်တဲ့ Heat Stoke ဖြစ်နိုင်ခြေ များနိုင်ပါတယ်။ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ရဲ့ အပူချိန်ကြောင့်လည်း လူ့ခန္တာကိုယ်မှာ ထိခိုက်မှုတွေ ရှိတတ်ပြီး ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်တဲ့ လက္ခဏာတွေလည်း ဖြစ်တတ်တဲ့အတွက် သတိပြုနေဖို့ လိုပါတယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒေါက်တာစည်သူက ပြောကြားသည်။

ယခင်နှစ်အတွင်း ပူပြင်းမှုကြောင့် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့မှုများလည်း ရှိခဲ့သည်။

ထို့ကြောင့် ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ အပြင်သို့ သွားလာမှုအား ရှောင်ရှားရန်လိုအပ်ကာ မဖြစ်မနေ သွားရောက်မည် ဆိုပါကလည်း ထီး၊ ဦးထုပ်၊ လက်ရှည်အင်္ကျီကဲ့သို့သော အရာများကို အသုံးပြုသင့်ပေသည်။

ရာသီဥတု ပြောင်းလဲခြင်းသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၏ ရိုက်ခတ်သက်ရောက် ခြင်းလည်းဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၏ အကြောင်းတရားများထဲတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာမှု၊ လူဦးရေ တိုးတက်မှု စသည်တို့ အပါအဝင်ဖြစ်ပြီး လူဦးရေ တိုးတက်လာမှုအတွက် မြေနေရာ ချဲ့ထွင်ရှင်းလင်းရမှုများ၊ စိုက်ပျိုးရန် မြေနေရာချဲ့ထွင်မှုများ၊ သစ်ပင်ခုတ်ယူမှုများ ပါဝင်လာခဲ့သည်။

၂ဝ၁၄ ခုနှစ်သည် စံချိန်တင်အပူဆုံး နှစ်ဖြစ်ခဲ့ကြောင်း၊ စံချိန်တင်ပူနွေးမှုသည် ကမ္ဘာတစ်ဝန်းပျံ့နှံခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ပျှမ်းမျှ အပူချိန် ၁ ဒသမ ၂၄ ဒီဂရီ ဖာရင် ဟိုက်ရှိခဲ့ကြောင်း၊ ယင်းအပူချိန်သည် ၁၈၈ဝ ပြည့်နှစ်က စတင်မှတ်တမ်းရယူခဲ့ပြီး နောက်ပိုင်းအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း ၂ဝဝ၅ ခုနှစ်က စံချိန်တင်ခဲ့သည့် အပူချိန်ထက် ဝ ဒသမ ဝ၇ ဖာရင်ဟိုက်မြင့်မားကြောင်း အမျိုးသားသမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးအဖွဲ့ (NOAA)က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ယခင်နှစ်တွင် အယ်လ်နီညိုဖြစ်ပွား ခြင်းမရှိခဲ့ဘဲ တစ်ကမ္ဘာလုံးတွင် စံချိန်တင် ပူပြင်းမှုဖြစ်ပွားခဲ့သဖြင့် ယခုနှစ်နွေရာသီ အစကာလတွင်ပင် အလွန်ပူပြင်းနေပြီး အားပျော့သော အယ်လ်နီညိုဖြစ်ပွားရန်လည်း တာဆူနေသဖြင့် နွေရာသီ၏ အပူဆုံးကာလဖြစ်သည့် ဧပြီလနှင့် မေလများတွင် အပူဆုံး အချိန်ရောက်ရှိလာနိုင်မည့် အခြေအနေများကို သတိထားရမည် ဖြစ်ပေသည်

Eleven Media Group

0 comments:

Post a Comment