Monday, March 16, 2015

အခုခေတ် မင်းသမီးတွေမှာ တစ်ယောက်တည်းပြေးနိုင်တဲ့ ဇာတ်ကားမျိုး မရှိကြသေးပဲ၊ မင်းသားနဲ့တွဲရိုက်ရတဲ့ အဆင့်တွေချည်းပဲလို့ ထုတ်ဖော်ပြောလိုက်တဲ့ မို့မို့မြင့်အောင်



ဂျပန်- မြန်မာ နှစ်နိုင်ငံ ဖက်စပ်ရိုက်ကူးမယ့် Yangon Run Way ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး သမီးကို ရောင်းစားမဲ့ မိခင်တစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်မယ့် မို့မို့မြင့်အောင်နဲ့ တွေ့ဆုံခိုက် သူမက “ဒီဇာတ်ကားလေးထဲမှာ မမို့နေရာက မပြည့်စုံတဲ့ နေရာဆိုတော့ အ၀တ်အစားတွေလဲ အရမ်းကြီး ပြင်ဆင်စရာ မလိုဘူး။ ဒီကားထဲမှာ အွန်းဆိုင်းရဲ့မိခင် နေရာကပေါ့။ ဒီကလေးက အေးတယ်။ အနုပညာနဲ့ ပတ်သတ်ရင် ရိုးသားတယ်။ သူဝန်ခံထားတာ တစ်ခုရှိတယ်။ သရုပ်ဆောင်ပိုင်းကို သူသိပ် Feeling မလာဘူးတဲ့။ သူက မော်ဒယ်လ်နေရာကိုပဲ ၀ါသနာပါတယ် ဆိုတော့ ဒီနေရာလေးက သူနဲ့ တော်တော်လေး အံဝင်ခွင်ကျဖြစ်တယ်။ သူ့မှာ အနုပညာ အဆိပ်လဲ မရှိဘူး။ လောဘလဲ မရှိဘူး။ ချစ်ဖို့တော့ ကောင်းတယ်။ ဒါပေမဲ့ မမသူ့ကို အနုပညာအဆိပ်တော့ ရှိစေချင်တယ်။ ဒီကားမှာ သူ့အနေနဲ့ မမပါလို့လဲ ပိုပြီး အဆင်ပြေသွားတာပေါ့။ ဇာတ်သိမ်းခန်း ကိုတော့ အကောင်းဆုံး ရိုက်သွားမယ်။ သူတို့ ဒါရိုက်တာကလဲ ဘာတွေခိုင်းဦးမလဲ မသိဘူး။ ကိုယ်ကလဲ ဘာတွေလောဘ တက်ဦးမလဲ မသိဘူးလေ။ ရိုက်တဲ့အချိန်ကျမှ သိရမှာပါ”တဲ့။အခုလက်ရှိမှာ ရုပ်ရှင်ဈေးကွက်က အကြီးတွေ ပျောက်ပြီး အငယ်တွေချည်း နေရာရနေတဲ့အပေါ်မှာတော့ “အခုခေတ် မင်းသမီးဆိုတာ မင်းသားနဲ့တွဲရိုက်ရတဲ့ အဆင့်ပါ။ ကိုယ့်ဟာကို တစ်ယောက်တည်း ပြေးနိုင်တဲ့ကားမျိုး မရှိသေးဘူး။ မမတို့ ငယ်ဘ၀တုန်းကဆိုရင် ဇာတ်လမ်းက မသန်းတို့၊ ချစ်မတို့က မမရဲ့ဇာတ်နဲ့ပဲ ပြေးကြရတာ။ ဒွေးစဖြစ်တုန်းကဆို မမနာမည် အောက်က ထိုးရတာလေ။ အဲ့ဒီတော့ ခုခေတ်အငယ်တွေလဲ အဲ့ဒီလို မှတ်တိုင်ထူနိုင်ဖို့တော့ လိုတယ်။ မင်းသမီးဖြစ်ရင်ပြီးရော မင်းသားနဲ့တွဲရိုက်နေလို့မဖြစ်ဘူး။”လို့ သူမက ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများနဲ့ပတ်သတ်ပြီးတော့လည်း သူမက “အဓိက က ဆယ်တန်းဖြေနေတဲ့ ကလေးတွေ စိတ်အနှောင့်အယှက်ဖြစ်မှာလဲ စိုးရိမ်တယ်။ နောက်ပြီးတော့ အင်တာနက်မှာ မြင်ရတာလဲ မကောင်းဘူးပေါ့ ။ ကိုယ့်သားသမီးဆို ဘယ်လိုဖြစ်မလဲ။ နေပူထဲကြီးမှာ သနားလိုက်တာ။ စာမေးပွဲဖြေနေတဲ့ ကလေးတွေကိုလဲ အနှောင့်အယှက်တွေမဖြစ်စေချင်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်း နေချင်တယ်။ ဘာလို့လဲဆိုတော့ အကုန်လုံးက ကိုယ့်ပရိသတ်တွေကြီးပဲလေ။ အဲ့ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ပဲ အဆုံးးသတ်ချင်ပါတယ်။ မမို့လေးစားအားကျတဲ့ နိုင်ငံခေါင်းဆောင် ကတော့ ဗိုလ်ချုပ်အောင်ဆန်းပါ။ ခေါင်းထဲမှာရော၊ စာထဲမှာရော၊ ဘုရား၊ တရား ၊ သံဃာပြီးရင် ဗိုလ်ချုပ်အောင်ဆန်းပါပဲ”တဲ့။


ခင်ဆွေသက်
Trend Myanmar

0 comments:

Post a Comment