Thursday, March 19, 2015

မြန်မာ-တရုတ်အရေးနှင့် စိတ်မအေးဖွယ်ရာ နယ်စပ်သူပုန်အရေး

စစ်တပ်နှင့် လက်နက်ကိုင်သူပုန်များ မြောက်ပိုင်း စစ်မြေပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ အရပ်သားအမြောက်အမြား တရုတ်ပြည်ဘက်သို့ စုပြုံ ထွက်ပြေးနေကြခြင်း ကလည်း တရုတ်အတွက် ခေါင်းရှုပ်စရာ ပြဿနာတစ်ခု ဖြစ်သည်။ ဆယ်ရက်ခန့် ဖြစ်ပွားလိုက်သည့် စစ်ပွဲအတွင်း ထောင်ပေါင်းများစွာသော ဌာနေပြည်သူတို့သည် တရုတ်ပြည်ဘက်သို့ ရောက်ကုန်ကြသည်။ တရုတ်ပြည်ဘက်မှ မိမိတို့ထံရောက်လာသော စစ်ပြေး ဒုက္ခသည်ပေါင်း ၃၀,၀၀၀ ခန့်ရှိသည်ဟု ဆိုကြသည်။ အချို့ကလည်း ၅၀,၀၀၀ ခန့် ရှိမည်ဟု ဆိုသည်။

မြန်မာတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသော MNDAA (Myanmar National Democratic Alliance Army) ဟု ခေါ်သည့် သူပုန်တပ်သည် ၂၀၀၉ ခုနှစ်ကတည်းက ကိုးကန့်ဒေသကို သိမ်းပိုက် ထားခဲ့သော သူပုန်တပ်များ ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ ကတည်းက တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး လူမျိုးစုများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုများမှာ မြန်မာအစိုးရ အတွက် အခက်တွေ့စရာဖြစ်ခဲ့ရသည်။
ဖေဖော်ဝါရီလအတွင်းမှာပင် မြန်မာသမ္မတ ဦးသိန်းစိန်သည် ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ရသည်။ သို့ဖြစ်ရာ ကိုးကန့်သည် စစ်အုပ်ချုပ်ရေး ဒေသဖြစ်သွားပြီး ဒေသတစ်ခုလုံး စစ်တပ်၏ အုပ်စိုးမှုအောက်သို့ ရောက်သွားခဲ့ရသည်။ ဖေဖော်ဝါရီလအတွင်း မြန်မာအစိုးရ၏ ထုတ်ပြန်ကြေညာချက်အရ တိုက်ပွဲတွင် တပ်မတော်သား ၅၀ ခန့်ကျဆုံးပြီး ၇၅ ဦးခန့် ဒဏ်ရာရခဲ့သည်။ ကိုးကန့်သူပုန် ၂၆ ဦးကို သုတ်သင်နိုင် ခဲ့ကြောင်းလည်း မြန်မာအစိုးရဘက်က ကြေညာခဲ့သည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံသည် နှစ်နိုင်ငံနယ်စပ်ကြားတွင် ရှိနေသည့် ကိုးကန့်နှင့် ဝဒေသများအတွက် စိတ်မအေးဖွယ်ရာ ဖြစ်လာခဲ့ရသည်။ တရုတ်ကလည်း မိမိတို့ဘက်တွင် ရှိနေသော ယူနန်နယ် တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်အရေးကို ပူပန်စိုးရိမ် သောက ရောက်နေရသည်။ အဘယ်ကြောင့် ဆိုသော် ယူနန်နယ်ဘက်ကို မြန်မာဘက်မှ စစ်ပြေးဒုက္ခသည်များ ရောက်လာသောကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွချန်းရင် ကလည်း ယခင်ကတည်းက ပဋိပက္ခများကို ကြိုတင်မြင်ထားပြီးသား ဖြစ်နေသဖြင့် တရုတ်ဘက်မှ ကြိုတင်ကာကွယ်မှုများ ပြုထားသည်ဟု ဆိုသည်။ ထို့ပြင် သူက တရုတ်-မြန်မာ ဆက်ဆံရေးအတွက် ငြိမ်းချမ်းမှုကို အလေးပေးဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယူနန်နယ်ဘက်တွင် တရုတ်တို့က နယ်ခြားစောင့်တပ်များကို ကြိုတင်ချထားပြီးသား ဖြစ်သည်။ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကလည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ မစွက်ဖက်ရေးကို အလေး ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ကိုးကန့်နေပြည်သူများသည် တစ်နည်းအားဖြင့် တရုတ်မျိုးနွယ်များဖြစ် ကြသည်။ သူတို့က မြန်မာတို့သည် သူတို့အပေါ် တစ်ဖက်သတ် နှိမ်သည်ဟုဆိုကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ တောင်းရင်းက ဆူပူတိုက်ခိုက်မှုများကို လုပ်ဆောင်နေကြ ခြင်းသာ ဖြစ်သည်။

ကိုးကန့်သူပုန်အုပ်စုမှ အထွေထွေ အတွင်းရေးမှူးတာဝန် ယူထားသည့် ထွန်းမြတ်လင်းဆိုသူက ကိုးကန့်ဒေသရှိ တရုတ်မျိုးနွယ်တို့အား မြန်မာတို့က ဒုတိယအဆင့် နိုင်ငံသားများသဖွယ် သဘော ထားကြကြောင်း Associated Press သတင်းဌာနသို့ ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ အမြင့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရချင်တယ်။ ကိုယ့်ဒေသအရေး ကိုယ်စီမံ ဆောင်ရွက်ချင်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကနေ ခွဲထွက်ဖို့ဆန္ဒ မရှိပါဘူး” ဟုလည်း ပြောကြားသည်။ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က ထုတ်ပြန်သည်ဆိုသော တရုတ်နိုင်ငံက ကိုးကန့်ပြည်သူများကို ထောက်ခံရန် တောင်းပန်စာများလည်း ထွက်လာသည်။ မြန်မာနိုင်ငံ သမ္မတကြီးထံသို့ ပေးပို့သော အိတ်ဖွင့်ပေးစာဆိုသည့် စာတွင်လည်း နိုင်ငံတော်၏ အကျိုးအမြတ်ကို ဦးစားပေးပြီး လူမျိုးကြီးဝါဒကို စွန့်လွှတ်၍ စိတ်ရင်း စေတနာမှန်ဖြင့် တိုင်းရင်းသားများကို လက်ခံပြီး တန်းတူအခွင့်အရေးများ ပေးသင့်ကြောင်း တောင်းဆိုထားသည်။ သို့သော် ထိုစာသည် အမှန်တကယ် ဖုန်ကြားရှင်ထံမှစာ ဖြစ်ကြောင်း အထောက်အထားများ ခိုင်လုံစွာမသိရပေ။

တရုတ်တို့သည် ကိုးကန့်သူပုန်များကို လက်နက်နှင့် အခြားအထောက်အပံ့များ ပေးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ တစ်နည်းပြောရလျှင် တရုတ်တို့သည် မြန်မာတို့ကို အမေရိကန်တို့ လွှမ်းမိုးသွားမည့် အရေးကိုစိုးရိမ်ပြီး ထိုသို့ ကိုးကန့်သူပုန်များအား ထောက်ပံ့နေသည်ဟုလည်း ယူဆရသည်။ သို့သော် တရုတ်က ကိုးကန့်တို့အား ထောက်ပံ့နေသည်ဆိုသော စွပ်စွဲချက်အပေါ် အမြဲငြင်းဆန်လေ့ရှိသည်။ တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဟွချန်းရင်ကမူ တရုတ်အစိုးရသည် မြန်မာတို့၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားကြောင်း၊ သို့ဖြစ်ရာ နယ်စပ်ဒေသတွင် မငြိမ်းချမ်းအောင် ဆူပူနေသည့် အဖွဲ့အစည်းများကို ခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ကိုးကန့်သူပုန် တို့ကလည်း သူတို့သည် တရုတ်တို့ထံမှ လက်နက် အထောက်အပံ့များ ရရှိနေသည်ဆိုသော အချက်ကို ငြင်းဆိုကြပြန်သည်။

Henry L. Seimson Center မှ ယွမ်ဆန်းဆိုသူကမူ တရုတ်တို့သည် နယ်စပ်ဒေသရှိ သူတို့လူမျိုးစုများ အပေါ် ထောက်ပံ့နေကြကြောင်း၊ တစ်နည်းအားဖြင့် သူတို့၏သြဇာ ပိုမိုသက်ရောက်မှုရှိစေရန် ဗျူဟာမြောက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။ သို့သော် တရုတ်နိုင်ငံအတွင်း မူဝါဒချမှတ်သူများနှင့် ထိပ်ပိုင်းခေါင်းဆောင်များက မြန်မာတို့အပေါ် စွက်ဖက်ရေးကို လက်မခံကြောင်း၊ သူတို့က ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းရေး ကိုသာ အလေးထားကြောင်း ကိုလည်း ယွမ်ဆန်းက ရေးသားခဲ့သည်။

တရုတ်နိုင်ငံမှ ဘလော့ဂ်ဂါများသည် အွန်လိုင်းပေါ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး တစ်ဖက်သတ် ရေးသားနေမှုများကို တွေ့ရသည်။ ကိုးကန့်ကို ရုရှားမှခွဲထွက်သော ယူကရိန်းကဲ့သို့ ဇောင်းပေးပြီး ရေးသားမှုများ၊ လောက်ကိုင်မှ တရုတ်လူမျိုးများကို သတ်နေပြီဆိုသည့် ဝါဒဖြန့်မှုများကိုလည်း တရုတ်တွင် နာမည် ကြီးနေသည့် Weibo ဆိုရှယ်ကွန်ရက် လိုင်းပေါ်တွင် ပျံ့နှံ့နေကြောင်း တွေ့ရသည်။ သို့သော် မဟုတ်မမှန် လုပ်ကြံရေးသားမှုများကို တရုတ်အစိုးရကလည်း တောက်လျှောက် ဖျက်ပေးနေသည်ကိုလည်း သတိပြုမိသည်။

ဖုန်ကြားရှင်နှင့် မြန်မာစစ်ခေါင်းဆောင် များသည် ပလဲနံပ သင့်ခဲ့ကြသော်လည်း ၂၀၀၉ ခုနှစ်လောက်ကစပြီး သဘောထားများ ကွဲလွဲလာခဲ့ခြင်း ဖြစ်သည်။ အဓိက သဘောထား ကွဲလွဲခဲ့ရသည့် ပြဿနာမှာ တပ်ဖျက်သိမ်းရေးကိစ္စများ စတင်ဆွေးနွေးချိန် ၂၀၀၈ ခုနှစ် ဧပြီလလောက်က တည်းက စတင်ခဲ့သည်။ နအဖအဖွဲ့သည် အပစ်အခတ် ရပ်ထားသည့် အဖွဲ့များအား နယ်ခြားစောင့်တပ်များ အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေးအတွက် အရေးဆိုလာချိန်တွင် ဖုန်ကြားရှင်နှင့်အဖွဲ့သည် လက်မခံခဲ့ကြပေ။ သူက အမျိုးသားသွေးစည်းညီညွတ်မှု ကိုလိုလားပြီး အပြန်အလှန် လေးစားကြရန်နှင့် နိုင်ငံရေးပြဿနာများကို စားပွဲဝိုင်းတွင်သာ ဖြေရှင်းကြရန်နှင့် လူမျိုးရေးခွဲ ခြားမှုနှင့် အဓမ္မ လက်နက်အင်အားသုံး ဖြေရှင်းမှုများကို ကန့်ကွက်ကြောင်း ကိုးကန့်တပ်ဖွဲ့ နှစ် (၂၀) မြောက် စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် မြန်မာစစ်တပ်ကို ဆန့်ကျင်ပုန်ကန်ပြီး လိုက်ဖမ်းသောအခါ ထွက်ပြေးသွားသည့် ဖုန်ကြားရှင်အား တရုတ်တို့ကလည်း သူတို့နယ်ဘက်တွင် မရှိကြောင်း ငြင်းဆိုသည်။ သို့သော် ဖုန်ကြားရှင်သည် စာများထုတ်ပြီး ကမ္ဘာအရပ်ရပ်ရှိ တရုတ်များက သူ့ကို အကူအညီပေးရေး မေတ္တာရပ်ခံနေသည်မှာ မြန်မာနှင့် တရုတ်ဖြူတို့ ဖြစ်ခဲ့သည့် စစ်ပွဲမျိုးကို ပြန်လည် ဖော်ဆောင်လိုသူမှန်း ထင်ရှားလှသည်။

တရုတ်အစိုးရကမူ မြန်မာနှင့် ချစ်ကြည်ရေး မပျက်လိုသောကြောင့် ကိုးကန့်အရေးကို သူတို့နှင့် မဆိုင်သလို ရှောင်ဖယ် ရှောင်ဖယ်လုပ်နေသည်။ မြန်မာလူမျိုးတို့ ကြားတွင် တစ်ချိန်က ဖြစ်ပေါ်ခဲ့ သော တရုတ်-မြန်မာ အရေးအခင်းမျိုး ပြန်ပြီး ပေါ်ပေါက်လာမည်ကို တရုတ်အစိုးရက စိုးရိမ်ပူပန်နေသည်။ ထို့ကြောင့်လည်း သူတို့နိုင်ငံ Weibo ဆိုရှယ်ကွန်ရက် စာမျက်နှာပေါ်တွင် တက်လာသမျှသော မြန်မာဆန့်ကျင်ရေး မှန်သမျှကို ဖျက်ကာ တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ပတ်သက်သည့် သမိုင်းများကို ပြန်လည် ဖော်ကျူးပေးနေကြောင်းလည်း တွေ့ရသည်။

ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်သူပုန်တပ်နှင့် မြန်မာ့စစ်တပ်များ တိုက်ပွဲဝင်မှုသည် ပိုပြီးပြင်းထန်လာသည် ဟုဆိုရမည်။ တပ်မတော် တိုက်လေယာဉ်များဖြင့် ရန်သူရှင်းလင်းရေး လုပ်ဆောင်ခဲ့ရမှုများ ရှိခဲ့သည်။ မတ်လ ၁၃ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်အနီးတွင် ဖြစ်ပွားသော တိုက်ပွဲတွင် တရုတ်နိုင်ငံဘက်၊ ယူနန်နယ် Lincang နယ်စပ်မြို့မှ တရုတ်နိုင်ငံသား လေးဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့ကြောင်း တရုတ်နိုင်ငံအစိုးရပိုင် သတင်းစာများတွင် ဖော်ပြမှုများကို တွေ့ရသည်။ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းစာ တွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး လျူဇန်မင်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ခေါ်ယူပြီး ဗုံးကြဲတိုက်ခိုက်မှု အတွက် တာဝန်ရှိသူများကို ခေါ်ယူအပြစ်ပေးပြီး နောက်နောင် ဤသို့ ထပ်မံမဖြစ်ပေါ်ရေးနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေး အတွက် ဆောင်ရွက်ရန် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်ဟု ဖော်ပြထား ကြောင်းလည်း တွေ့ရသည်။

တရုတ်နိုင်ငံထုတ် People’s Daily သတင်းစာတွင်လည်း တရုတ်-မြန်မာ နယ်စပ်အနီး တိုက်ပွဲများ ဖြစ်ပွားရာ၌ မြန်မာ့တပ်မတော်၏ ပစ်ခတ်မှုများကြောင့် တရုတ်နိုင်ငံသားများ ထပ်မံ သေဆုံးလျှင် ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံ စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဖန်ချန်လုံးက သတိပေးလိုက်ကြောင်း သတင်းများ ဖော်ပြထားပြန်သည်။

မြန်မာ့တပ်မတော် မြေပြင်သတင်း အချက်အလက်၊ ရေဒါနှင့် GPS စနစ်များအရ ကိုးကန့်တပ်ဖွဲ့များကို ဗုံးကြဲ တိုက်ခိုက်သည့် တပ်မတော်လေယာဉ် များသည် တရုတ်နိုင်ငံဘက် အခြမ်းသို့ ရောက်ရှိခြင်းမရှိကြောင်း၊ ကိုးကန့် လက်နက်ကိုင်များကသာ နှစ်နိုင်ငံ နယ်စပ်ဒေသ တင်းမာရေးအတွက် ပုံမှားရိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ကလည်း သတင်း ထုတ်ပြန်ခဲ့သည်။

သူပုန်ကို မွေးထားကျွေးထားခဲ့သည့် စစ်အစိုးရသည် ယခုအခါ သူပုန်ကြောင့်ပင် နယ်မြေအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အခက်တွေ့နေရသည်။ အမှန်တော့ ဖုန်ကြားရှင် ခေါင်းဆောင်သည့် သူပုန်အဖွဲ့သည် တရုတ်အားကိုးဖြင့် မြန်မာအစိုးရအပေါ် ရန်စ လုပ်ဆောင်နေရုံမက မြန်မာနိုင်ငံကို တရုတ်နှင့် စစ်မြေပြင်အသွင် ဖန်တီးရန် ပက်စက်စွာ လုပ်ကြံနေခြင်း ဖြစ်ကြောင်း တရုတ်အမျိုးသား အားလုံးသို့ အကူအညီ တောင်းခံနေမှုများက သိသာလှသည်။ သူပုန် အမြစ်ဖြတ် သုတ်သင်ရေးမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းလက်တွဲနိုင်ရန် အရေးကြီးပါသည်။ တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဆက်လက် တည်မြဲစေလိုလျှင် ကိုးကန့်သူပုန်အရေးကို တရုတ်ဖြူအရေး ကဲ့သို့ လက်တွဲဆောင်ရွက်နိုင်မှ သာ ရရှိနိုင်မည်ဟု ထင်ပါသည်။

(Ref: The Economist; The Diplomat Feb, 2015, ၁၅.၃.၂၀၁၅ နှင့် ၁၆.၃.၂၀၁၅ နေ့ထုတ် The Voice Daily သတင်းစာများ)

အယ်ဒီတာတစ်ဦး
The Voice Weekly

0 comments:

Post a Comment