Friday, March 13, 2015

သမိုင်းသစ်ကိုရေးထိုးဖို့ ကေမာကောင်းကို မဲပေးစို့ ( အပိုင်း ၂ )

နိုင်ငံရေးပါတီဟူသည် ပြည်သူလေးစားမှုရှိရေးမှာပဓာနကျ၏။ လေးစားမှယုံကြည်မည်။ ယုံကြည်မှ အားကိုးမည်။ အားကိုးမှ ရွေးချယ်တင်မြှောက်မည်ဖြစ်၏။ ရွေးချယ်တင်မြှောက်မှသာ အစိုးရဖွဲ့နိုင်ပြီး နိုင်ငံ့အချုပ်အခြာအာဏာ ၃ ရပ်ကို ဟန်ချက်ညီထိန်းချုပ်ပြီး ပါတီ၏ လမ်းစဉ်များအတိုင်း ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည်ဖြစ်ရာ ပါတီဝင်များစည်းကမ်းသေဝပ်ရေးသည် ပဓာနကျသည်ဟု ယုံကြည်မိ၏။ ထို့ကြောင့် ပါတီစည်းကမ်းကို တင်းကြပ်ရမည်ဟု ဆိုခြင်းဖြစ်၏။
ကေမာကောင်းပါတီ၏ အမြူတေလေးများဖြစ်သော ပါတီဝင်ညီမလေးများ၏ စည်းကမ်းသည် အခရာကျ၏။ ကေတီဗီ မာဆတ်က ကောင်မလေးများဟု ညီမလေးများကို အချို့က အထင်သေးတတ်၏။ တကယ်တော့ သူတော်ကောင်းလေးများဖြစ်ကြောင်း မသိကြ။ ထို့ကြောင့် စည်းရုံးရေးမှူး ညီမလေးများသည် ပေါပေါပဲပဲ နေလို့မရ။ မိန်းကလေးတို့ အိနြေ္ဒရွှေပေး၍ မရဟူသော မြန်မာစကားကို ဦးထိပ်ပန်ဆင်ပြီး နေထိုင်ရမည်။ ပြည်သူဖြစ်သော ကာစတမ်မာတွေအပေါ် ပါတီစီးပွားရေးရော စည်းရုံးရောအရ ဧည့်ဝတ်ပြုရာတွင် လူလေးစားအောင်နေရမည်ဖြစ်၏။ ဖက်လှဲတကင်း နေလို့မဖြစ်။ မိမိ၏တာဝန်ဖြစ်သော ဆားဗစ်ပေးရာတွင် အရက်ငှဲ့ပေးခြင်း စုံတွဲသီချင်းဆိုခြင်းတို့တွင် ကောင်းစွာ ဧည့်ဝတ်ပြုရာ၏။ ထိုထက်ပို၍ မဖြစ်။ ပါဖောမန့်တွေ မပါဝင်ရ။ အထင်သေးပြီး ပါတီပါ ပရမ်းပတာဖြစ်စေမည်ဖြစ်သည်။ ဤစည်းကမ်းတော့ အရေးကြီးသည်။ ခေတ်သစ်ကို ဦးဆောင်မည့် ပါတီမဟုတ်ပါလော။


ပါတီတွင်းတော့ တစ်မျိုးဖြစ်၏။ ပါတီသည် အဖွဲ့အစည်းဖြစ်၍ အော်ဂနိုက်ဇေရှင်နယ်
ဘီဟေးဗီးယားအရ ပီအာ အရေးကြီးသည်။ အိတ်စတာနယ် ပီအာအတွက် လေးစားမှုယူရမည်ဖြစ်သကဲ့သို့ အင်တာနယ်ပီအာအတွက်လည်း စည်းလုံးမှုယူရမည်သာဖြစ်၏။ ပါတီဝင်မဟုတ်သော ကာစတန်မာများအတွက်မူ လက်ကိုင်ခွင့်ပင် မပြုသော်လည်း ပါတီဝင်များမှာမူ စည်းလုံးမှုရှေ့ရှုပြီး ချစ်ခင်ရင်းနှီးမှုအရ ကိုကြီးတို့ တောင်းဆိုလာလျှင် ညီမလေးတို့ သဘောဖြစ်၏။ ရင်းနှီးမှုရှိလေလေ ပါတီတွင်း စည်းလုံးလေလေ မဟုတ်လော။ မည်မျှပင် ရင်းနှီးစေကာမူ ပါတီမူဝါဒအရ ရင်းနှီးကျွမ်းဝင်မှုကြီးမားလေလေ ပါတီစည်းလုံးမှုအင်အား ကောင်းလေလေမှတ်ယူရမည်ဖြစ်၏။ ဤသို့ဆိုလျှင် ပါတီဝင်သစ်တွေ နေ့စဉ်နှင့်အမျှ တိုးတက်လေလေဖြစ်မည်ကား မလွဲဖြစ်၏။
ပါတီသို့ သာမန်ပြည်သူများသာမက အမတ်မင်းများပင် ပါတီကူးပြောင်းလာဦးမည်ထင်၏။ 
ပြိုင်ဘက်ပါတီကြီးများမှ ထိပ်တန်းဆရာကြီးများရော၊ အလတ်တန်းဆရာများရော အောက်ခြေပါတီဝင်များပါ အစုလိုက်အပြုံလိုက်ကူးပြောင်းလာဖွယ်ဖြစ်၏။ လုပ်ငန်းရှင်ကြီးများမှ ဝန်ထမ်းအထိလည်းကောင်း၊ ဆရာဝန်များ၊ ရှေ့နေများမှ ဆိုက်ကားဆရာအထိ ကိုယ်ပိုင်လုပ်ငန်းရှင်များသည် လည်းကောင်း ပါတီဝင်ကြမည်မှာလည်း မလွဲဧကန်ပင်ဖြစ်၏။ နိုင်ငံရေးလုပ်ချင်သော ကျောင်းသားများလည်း သွေးမြေမကျဘဲ ချွေးထွက်များများဖြင့် သီဆိုကခုန်ရင်း ပျော်ပျော်ရွှင်ရွှင် နိုင်ငံရေးလုပ်နိုင်မည် ဖြစ်၏။ အစိုးရဝန်ထမ်း အရာထမ်း ကြီးကြီးငယ်ငယ်များလည်း ဝန်ထမ်းစည်းမျဉ်းအရ ပါတီမဝင်ရသည့်တိုင် ထောက်ခံကြမည်ဖြစ်၏။ ပါတီဝင်အခွင့်အရေးရရှိရေးအတွက် ဥပဒေပြင်နိုင်ရန် မဲဆန္ဒနယ်အသီးသီးတွင် ကေမာကောင်းပါတီအနိုင်ရရေး တခဲနက်မဲပေးကြမည်ဖြစ်၏။
ပါတီစည်းရုံးရေးမှူး ညီမလေးများ၏ ခေတ်ဆန်သောဝတ်စားမှု၊ လန်းဆန်းသော ဖက်ရှင်တို့ကြောင့် လူငယ်ကျားမ မရွေးကလည်း ထောက်ခံဖွယ်ဖြစ်၏။ မိန်းကလေးများကို ရှေ့တန်းတင်သော ပါတီဖြစ်၍ အမျိုသမီးအခွင့်အရေးလှုပ်ရှားသူများကလည်း ထောက်ခံကြဦင်္းမည်သာဖြစ်၏။ ဝန်ဆောင်မှုလုပ်ငန်း အခြေပြုပါတီဖြစ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများကလည်း မီးခိုးတိတ်စက်ရုံများဖြစ်သော ပါတီရုံးခွဲ ဆိုင်များကို သဘောကျမည်ဖြစ်၏။ ခရီးသွားလုပ်ငန်းရှင်များကလည်း ခရီးသည် ဆွဲဆောင်မှုကောင်း၍ နှစ်သက်ကြမည်ဖြစ်၏။ ဗိုလ်ချုပ်ကိုချစ်သူများကလည်း ဗိုလ်ချုပ်ပြောသောနိုင်ငံကြီး ဖြစ်တော့မည်ဟု လက်ခုပ်တီးကြမည်ဖြစ်၏။ ပါတီတိုးတက်လာသည်နှင့်အမျှ စည်းရုံးရေးမှူး ညီမလေးများလည်း ဝင်ငွေတိုးလာပြီး ကျေးလက်နေပြည်သူများ၏ ဝင်ငွေစီးဆင်းမှု ပိုမိုကောင်းမွန်လာ၍ ကျေးလက်နေ ၇၀ ရာခိုင်နှုံးသော လူထုကြီးကလည်း နှစ်ခြိုက်ကြမည်ထင်၏။ အခြေခံလူတန်းစား အထက်တန်းလွှာဟူ၍ ခွဲခြားမှုမရှိဘဲ အတူစားသောက်နေထိုင်ကာ တန်းတူညီမျှမှုရှိ၍ ကွန်မြူနစ်များပင် လူတန်းစားမဲ့ပါတီအဖြစ် မိတ်ဖက်ပြုမည်မလွဲဖြစ်၏။

ထိုထိုသော အကျိုးတရားတို့ကြောင့် ခေတ်သစ်တစ်ခုတည်ဆောက်နိုင်ရေး ကေမာကောင်းပါတီ တည်ထောင်ရန် ဆုံးဖြတ်မိ၏။ ပါတီတည်ထောင်မှ ရွေးကောက်ပွဲဝင်နိုင်မည်ဖြစ်၏။ မဲပေးမည့်သူတွေလည်းများ၏။ မဲဆွယ်ဖို့အတွက်လည်း ညီမလေးတွေရှိပြီးဖြစ်၏။ ခရိုနီကြီးကြီးတွေချုပ်နိုင်လျှင် မဲဆွယ်စရိတ်စပွန်ဆာပင်ခိုင်သေး၏။ လုပ်သားများများရှိသော စက်ရုံဆိုလျှင် ထိုလုပ်သားတွေကို ကေမာကောင်းပါတီမဲပေးရေးအတွက် သူ့ဘောစိကသူ့ဖာသာ မဲဆွယ်၍ စပွန်ဆာလုပ်ကာ ရွေးချယ်ခံဖွယ်ရှိ၏။ ထို့ကြောင့် သာသာယာယာပင် မဲနိုင်ချေရှိ၏။ ထောက်ခံသူများပြား၍ ဘာကြေငြာချက်ထုတ်ထုတ်ကန့်ကွက်မည့်သူလည်း မရှိသလောက်ဖြစ်၍ စင်ပေါ်က နေနိုင်မည် ဖြစ်၏။

နေရာတိုင်းတွင် ဆန့်ကျင်မှု ရှိတတ်သည်က သဘာဝဖြစ်၏။ အပြောင်းအလဲတိုင်းတွင် စိတ်ခေါ်မှုရှိ၏။ စွန့်စားရ၏။ စွန့်စားမှု အနည်းဆုံးဖြင့် စိန်ခေါ်မှုကို ကျော်လွှားရသည်က သဘာဝဖြစ်၏။ အမုန်းတရားများနှင့် ခံစားမှုဦးစားပေးသော နိုင်ငံရေးကို ပြည်သူတွေ စိတ်ကုန်နေပြီဖြစ်၏ ။ပျော်ရွှင် ချစ်ခင်ဖွယ်နိုင်ငံရေးလောက လိုအပ်နေပြီဖြစ်၏။ ထို့ကြောင့် ခေတ်ပြောင်းရမည်ဟု ခံယူ၏။ ထိုအပြောင်းအလဲကို မကြိုက်သူလည်း ရှိနိုင်၏။ ထို့ကြောင့် ကေမာကောင်းပါတီကိုလည်း မကောင်းတဲ့ပါတီဟု မြင်ဖွယ်ရှိ၏။ သို့သော် မိမိက ဘုရားဟောနှင့် အညီလုပ်ခြင်းဖြစ်၏ ။မြတ်စွာဘုရားက ပုတုဇဉ်တွေဟာ မကောင်းမှုမှာ မွေ့လျော်တယ်ဟု ဟော၏။ ထိုစကားအရ မွေ့လျော်ရာတွင် လူများခြင်းက ပါတီ၏ ပရိတ်သတ်ဖြစ်စေ၏။ ထိုအချက်ကို တော်ရုံ အမျှော်အမြင်ရှိသူတွေ ပမာဒလေခ မှားတတ်၏။

ဒီမိုကရေစီ၏သဘောမှာ မတူတာခွဲ၍ တူတာတွဲလုပ်ခြင်းဖြစ်၏။ နာရေးအကူအညီလုပ်လျှင်ပင် ကောင်းတာဖြစ်၍ လုတိုင်းခေါ်၍ မရ။ ထိုကိစ္စကို အခြေပြု၍ နိုင်ငံရေး ကန်ပိန်းတို့ကို အခြေတည်ကာ လူကြီးလူကောင်းတွေကို စည်းရုံးပြီး ဦးဆောင်လျှင် ဝက်ဝက်ကွဲလွဲမည်သာဖြစ်၏။ တကယ်တော့ လူဆိုသော ပုတုဇဉ်တွေက မကောင်းမှုသာ ပျော်မွေ့၏။ ထိုမှတဆင့် စုစည်းမှသာ ညီညွတ်သော အင်အားကိုရပြီး ခေတ်ပြောင်းမည်သာ ဖြစ်၏။ တူတာကတော့ ပျော်ရွှင်စွာနေလိုခြင်းဖြစ်၍ ကေမာကောင်းပါတီက ပျော်ရွှင်ဖွယ်အရပ်မှ စရခြင်းဖြစ်၏။ တူတာတွေပေါင်း၍ သီဆိုကခုန်ပျော်ပါးခြင်းမှ နားလည်မှုတွေရပြီး ယုံကြည်မှုတွေ တည်ဆောက်နိုင်မည်ဖြစ်၏။ ဘယ်တော့မှ မသာယာသော ရီဘော်လူးရှင်းကန်ပိန်းတွေအစား အီဗော်လူးရှင်း အတီဗတီတို့ဖြင့် ခေတ်သစ်ထူထောင်မည် ဖြစ်၏။ ထို့ကြောင့် ကေမာကောင်းသည် လူထုထောက်ခံမှု မြင့်မားပြီး မြန်မာပြည်အတွက် ပျော်ရွှင်ဖွယ်နိုင်ငံရေးစနစ်နှင့် စည်းလုံးညွ့တ်ကာ နားလည်မှုရှိသော နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်၏။

ဤအချက်တွေကြောင့် ပါတီထောင်ဖို့ ဆုံးဖြတ်၏။ စိုပြေတို့ ရာဇာထွန်းတို့ လော်ဘီအုတ်ခဲတို့ကို တိုင်ပင်သော အခါ ထောက်ခံကြ၏။ သူတို့လည်း ပါတီဝင်မည် ဦးဆောင်လှုပ်ရှားမည်ဟု ဆို၏။ နိုဝယ်အောင်ကတော့ ဘယ်တိုင်းပြည်မှာ ဖြစ်ဖြစ်အစိုးရဆိုတာ စစ်တပ်ထောက်ခံမှ သမ္မတထိုင်ခုံမြဲမှာဟုထောက်ပြ၏။ အန်တီရဲ့ဖေဖေတည်ထောင်ထားသော တပ်မတော်ကြီးကို စည်းရုံးမှသာ အခြေအနေကောင်းမည်ဟု ဆို၏။ ထိုကိစ္စအတွက်ပူစရာမလိုဟု ဆိုလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ဦးပိုင်ထွက် စီးကရက်နှင့် ဘီယာသည် ပါတီပိုင်ဆိုင်တိုင်းတွင် အရောင်းရဆုံးဖြစ်၍ ပါတီသည် ကာစတန်မာဖြစ်၍ ကေမာကောင်းအစိုးရတည်မြဲရေးထောက်ခံမည်သာဖြစ်၏။ ထိုအချက်ကို မောင်ဗြိကလည်း သဘောတူ၏။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲအမီ ပါတီထောင်ကာ စည်းရုံးဖို့အကြံပြုလေ၏။

အဓိက စည်းရုံးရေးမှူးများဖြစ်၍ ပါတီ၏ လုပ်ငန်းစဉ်များ ချပြရှင်းလင်းရန် စည်းရုံးရေးမှူးများရှိရာသို့ ချီတက်ကြမည်ဟု ချက်ချင်းဆုံးဖြတ်၏။ ဆုံးဖြတ်ချက်အရ ဆရာထက်နှင့်အတူ စိုပြေ၊ မောင်ဗြိ၊ ရာဇာထွန်းနှင့် လော်ဘီအုတ်ခဲတို့သည် နိုဝယ်၏ ကားလေးနှင့် ပါတီရုံးခွဲဖြစ်မည့် ကေတီဗီဆိုင်တစ်ခုသို့ ချီတက်ခဲ့ကြလေသည်။ထိုမှတဆင့် မာဆတ်သို့ ချီတက်မည် ဖြစ်၏။ ကေတီဗီရောက်သောအခါ ညီမလေးများများကို ချပြစည်းရုံးသောအခါ သဘောတူကြ၍ မြန်မာ့အနာဂတ် သာယာလှပရေးအတွက် သမိုင်းသစ်ကို ရေးထိုးသောအထိမ်းအမှတ်အဖြစ် ရွှေမြန်မာသီချင်းကို စုပေါင်းဆိုကြ၏။ ခေတ်သစ်ကို ဦးဆောင်မည့်သူများ ပီပီအား ခေတ်မီမီပင် တရုတ်လို စုပေါင်းသီဆိုခဲ့ကြခြင်းဖြစ်၏။
သီချင်းကား အောက်ပါအတိုင်းဖြစ်၏ ။
“ရီတီနာ ရွှီပြည် xxx အီလွန်ကြွယ်ဝသည်။ xxx သီယံဇာတ ပေါလဲ့ ဝ တို့ တိုင်းပြည်။ xxx အီဖိုးထိုက်တဲ့ပြည် xxx အီဖိုးထိုက်တဲ့ မြီ xxx ပိုင်ဆိုင်ပါတီ xxx ဒါ ဝ လို့တိုင်းပြည်။ ”
ဟူသတတ်။

လေးစားလျှက်
ထက်ယံ ( ၁၂-၃-၂၀၁၅ )
Htet Yan
အပိုင်း(၁)-https://www.facebook.com/myanmaronlinemedianews/posts/940605512646754

0 comments:

Post a Comment