မိသားစုဝင်များ၏ ရုပ်အလောင်း မြင်တွေ့ခွင့်ရရန် ကယ်ဆယ်ရေးစခန်းတွင် စောင့်ဆိုင်းနေသူအချို့ကို တွေ့ရစဉ်။ အင်္ကျီအကျားနှင့် နံရံမှီထိုင်နေသူမှာ စိုးလင်းနိုင်ဖြစ်ပြီး ဆံပင်အရှည်ကျောပေးထိုင်နေသူမှာ မလှအေးရင်ဖြစ်သည်။ (ဓာတ်ပုံ − အောင်သစ်လွင်)
ကျန်းမာရေးချို့ယွင်းနေသော မိခင်ကို ဆေးကုရန် ကျောက်ဖြူမြို့တွင် နေထိုင်သည့် မိသားစုဝင်လေးဦးစလုံး အောင်တံခွန်(၃)သင်္ဘောဖြင့် မြေပုံမြို့သို့လာရန် ခေါ်မိခြင်းက မလှအေးရင်ကို တစ်ဘ၀စာ နောင်တရစေခဲ့ပါသည်။မလှအေးရင်၏ မိဘနှစ်ပါး၊ အသက်(၁၅)နှစ်အရွယ် န၀မတန်းကျောင်းသား မောင်နှင့် အသက်(၇)နှစ်အရွယ် မောင်ငယ်ဖြစ်သူတို့မှာ ကျောက်ဖြူမြို့တွင် နေထိုင်သည်။ န၀မတန်းကျောင်းသား မောင်အကြီး စိုးလှိုင်ထွန်း စာမေးပွဲဖြေပြီးသောကြောင့် မိခင်ကို ဆေးကုပေးရန်အတွက် မိသားစုလိုက် မြေပုံမြို့သို့လာခဲ့ရန် မလှအေးရင်က ခေါ်ခဲ့သည်။
ထိုနေ့က မတ်လ ၁၃ ရက်။ မြေပုံမြို့ မှ ကြိုစောင့်နေသည့် မလှအေးရင်ထံသို့ အဖေရော၊ အမေရော မောင်လေးနှစ်ယောက်စလုံး ပါ ရောက်မလာခဲ့ပါ။ နစ်မြုပ်သွားသော အောင်တံခွန် (၃) သင်္ဘောက မလှအေးရင်၏ အဖေနှင့် မောင်အငယ်တို့ကို တမလွန်သို့ ခေါ်ဆောင်သွားခဲ့ပါသည်။ မိခင်နှင့် မောင်အကြီး စိုးလှိုင်ထွန်းတို့ကိုမူ ကယ်ဆယ်ရေးစခန်းတွင် ကံကောင်းထောက်မစွာ ပြန်ရှာတွေ့ခဲ့သည်။
‘‘အဖေတို့တွေ သင်္ဘောပေါ် စရောက်ရောက်ချင်း နောက်ဆုံး တစ်ခါ ဖုန်းအဆက်အသွယ်ရခဲ့ တယ်။ အခုတော့ အဖေနဲ့ မောင် လေးက ကျွန်မတို့ကို ထားခဲ့ပါပြီ’’ဟု အသက် (၃၀)အရွယ် မလှအေးရင်က ဝမ်းနည်းစွာ ငိုရင်းပြောပါသည်။
ကျန်းမာရေးမကောင်းသော မိခင်က သင်္ဘောနစ်မြုပ်စဉ် ကံကောင်းထောက်မစွာ ကယ်ဆယ်သူနှင့် တွေ့ခဲ့ပြီး ဒဏ်ရာသာရရှိခဲ့၍ ကျောက်ဖြူဆေးရုံတွင် ဆေးကုသနေသည်။ အဖေနှင့် မောင်အငယ်ဆုံး၏ အလောင်းကိုမူ သင်္ဘောနစ်မြုပ်ပြီး ခုနစ်ရက်မြောက်နေ့အထိ မတွေ့ရသေးပေ။ သေဘေးမှလွတ်မြောက်လာသည့် စိုးလှိုင်ထွန်းနှင့်အတူ မောင်နှမနှစ်ယောက် အဖေနှင့် မောင်အငယ်တို့၏ အလောင်းကို မြင်ခွင့်ရရန် စောင့်မျှော်နေပါသည်။
သင်္ဘောပေါ်တွင် လိုက်ပါသွားပြီး ရုပ်အလောင်းပင် မတွေ့ရှိသေး၍ မိသားစုဝင်များ၏ ရုပ်အလောင်းကို နောက်ဆုံးအနေဖြင့် မြင်တွေ့ခွင့်ရရန် စောင့်ဆိုင်းနေ သူများမှာ သူတို့မောင်နှမနှစ်ဦး တည်းသာမကပါ။ ကျောက်ဖြူမြို့ ရှိ ကယ်ဆယ်ရေးစခန်းတွင် မလှအေးရင်တို့ မောင်နှမကဲ့သို့ပင် စောင့်ဆိုင်းနေသူ မတ်လ ၁၉ ရက်အထိ ၁၀ ဦးကျော် ရှိနေပါသည်။
ဖခင်ဖြစ်သူနှင့်အတူ ပေါက် တောမှ မြေပုံမြို့သို့သွားရန် သင်္ဘောဖြင့် လိုက်ပါခဲ့သော အ သက်(၁၆)နှစ်အရွယ် စိုးလင်းနိုင် အတွက် အဆိုပါခရီးစဉ်မှာ ဖခင်ဖြစ်သူကို အသက်ရှင်လျက် နောက်ဆုံးတွေ့ခွင့်ရသော အချိန် ဖြစ်ကြောင်း သူမသိခဲ့ပါ။ မတ်လ ၁၃ ရက်ညက အဖြစ်ဆိုးကြီးတွင် စိုးလင်းနိုင်တစ်ယောက် ကံ ကောင်းထောက်မစွာ ကယ်တင် သူများ၏ ကျေးဇူးကြောင့် လွတ်မြောက်ခဲ့သော်လည်း အသက် (၄၂)နှစ်အရွယ် ဖခင်မှာ မတ်လ ၁၉ ရက်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။
သူ့အတွက် ဖခင်ကို အသက်ရှင်လျက် မြင်တွေ့ခွင့်ရရန် မဖြစ်နိုင်တော့သော အခြေအနေတွင် နောက်ဆုံးလက်ကျန် အပြင်းပြဆုံးဆန္ဒမှာ ဖခင်ရုပ်အလောင်းကို မြင်တွေ့ခွင့်ရရန်သာ ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် နေရပ်သို့ မပြန်သေးဘဲ ဖခင်၏ ရုပ်အလောင်း မြင်တွေ့ရနိုးနိုး ကယ်ဆယ်ရေးစခန်းတွင် နေထိုင်ကာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ပေါက်တောမြို့မှ ကိုမောင် စိုးကလည်း ကျောက်ဖြူမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှတစ်ဆင့် သိရသည့် ၎င်း၏ အမေသေဆုံးသည်ဟူသော သတင်းကြောင့်ကယ်ဆယ်ရေးစခန်းတွင် လာ ရောက်စောင့်ဆိုင်းနေခြင်းဖြစ်ပါသည်။ သို့သော် မတ်လ ၁၉ ရက်အထိ မိခင်၏ ရုပ်အလောင်းကို ပြန်ရှာမတွေ့သေးပေ။ ၎င်းက မိခင်၏ ရုပ်အလောင်းကို နောက်ဆုံးအနေဖြင့် တွေ့လိုကြောင်းဆိုသည်။
‘‘အမေ့အလောင်း ပြန်ရှာ တာ မတွေ့သေးဘူး။ ကယ်ဆယ် ရေးသမားတွေက အင်္ကျီလက် ရှည်အဖြူနဲ့ ထဘီအစင်းကြားနဲ့ မိန်းမတစ်ယောက် အလောင်း တွေ့တယ်။ အရည်ပျော်သွားပြီး အလောင်းမမှတ်မိတော့ဘူးလို့ ပြောပါတယ်။ ကျွန်တော်က ဓာတ်ပုံလေးပြပါ။ စစ်ကြည့်ချင်တယ်။ အမေ့အလောင်းဟုတ်၊ မဟုတ်သိချင်တယ်လို့ ပြောပေမယ့် မရဘူး တဲ့ အဲဒီလို ပြောပါတယ်’’ဟု ကို မောင်စိုးက ပြောပါသည်။
အောင်တံခွန် (၃)သင်္ဘော နစ်မြုပ်မှုတွင် အသက်ရှင်လျက် ပြန်ကယ်တင်နိုင်သူ ခရီးသည် ၁၆၉ ဦးနှင့် သေဆုံးသူရုပ်အလောင်း ၆၁ လောင်းရရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ သင်္ဘောနစ်မြုပ်ပြီး နောက်တစ်နေ့နံနက်တွင် အစိုးရက ခရီးသည် ၂၁၄ ဦး လိုက်ပါသွားကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ပြန်လွတ်မြောက်လာသူများနှင့် ဒေသခံများက ယင်းသတင်းထုတ်ပြန်မှုကို လက်မခံခဲ့ချေ။ သင်္ဘောပေါ်တွင် ခရီးသည်အနည်းဆုံး ၃၀၀ ခန့် လိုက်ပါလာနိုင်ကြောင်း ၎င်းတို့က တညီတညွတ်တည်း ပြောခဲ့ကြသည်။ လွတ်မြောက်လာသူဦးရေနှင့် သေဆုံး၊ ပြန်ရသည့် ရုပ်အလောင်းအ ရေအတွက်မှာလည်း အစိုးရ သ တင်းထုတ်ပြန်မှုနှင့် ကွဲလွဲနေပြီး အရေအတွက် ပိုများနေသည်။ ယခုအခါ သင်္ဘောထဲတွင် ကျန်နေသေးသည့် အလောင်းများကို ထိုနေရာတွင်ပင် မြှုပ်ပစ်နေကြောင်း၊ အလောင်းပြန်မတွေ့သေးသည့် မိသားစုဝင်အချို့ကပြောသည်။
‘‘အမေ့အလောင်းကို ခုထိ မတွေ့သေးပါဘူး။ ဆေးရုံဝန် ထမ်းတစ်ယောက်က ဒီမနက်ပြောတယ်။ အလောင်းက အရည်ပျော် နေပြီး သယ်လို့မရတော့လို့ သင်္ဘောမြုပ်တဲ့နေရာမှာပဲ အ လောင်းတွေကို မြှုပ်လိုက်တယ် တဲ့။ ကျွန်တော်ကတော့ အမေ့အ လောင်းကို ပြန်တွေ့ချင်ပါတယ်’’ ဟု ကယ်ဆယ်ရေးစခန်းရှိ လူငယ်တစ်ဦးကပြောသည်။
သင်္ဘောတွင် လိုက်ပါလာသည့် လူဦးရေစာရင်းမှာ အစိုးရထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုနေပြီဖြစ်သော် လည်း ရုပ်အလောင်းပျောက်ဆုံး နေသည့် မိသားစုဝင်များ ကယ် ဆယ်ရေးစခန်းများတွင်ရှိနေခြင်း က အစိုးရသတင်းထုတ်ပြန်မှု၏ အမှားများကို ပေါ်လွင်စေသည်။ ကာယကံရှင် မိသားစုဝင်များစိုး ရိမ်သည်က မိမိတို့မိသားစုဝင်များ ၏ သေဆုံးသူရုပ်အလောင်းများ တွေ့ခွင့်မရမည်ကိုပင် ဖြစ်သည်။ သင်္ဘောစတင်နစ်မြုပ်ချိန်က ဖော့တုံးတစ်တုံးကို ဖက်တွယ်ကာ နှစ်နာရီခန့် ရေကူးပြီး ကျွန်းတစ်ကျွန်း သို့ ရောက်လာခဲ့သည့် (၁၅) နှစ်အ ရွယ် မောင်စိုးလှိုင်ထွန်းက ၎င်းတို့ သင်္ဘောပေါ်တွင် ရှိနေချိန်၌ပင် ကုန်ပစ္စည်းများပိ၍ သေဆုံးသူ အချို့ရှိနေကြောင်း ပြောပါသည်။
‘‘ရေခပ်ထုတ်တာ မနိုင်တော့သင်္ဘောက တစောင်းကြီးဖြစ်သွား တယ်။ ဒါကြောင့် မျက်စိရှေ့မှာ တင် ကြက်ဥတောင်းနဲ့ ပဲအိတ် တွေ ပိပြီးတော့ လူနှစ်ယောက် လောက် သေသွားတယ်’’ဟု စိုးလှိုင်ထွန်းက ၎င်းမြင်ခဲ့ရသည့် မြင်ကွင်းကို ပြန်ပြောပြသည်။
‘‘အဖေက အဓိက ကျောင်းစရိတ် ထောက်ပံ့ပေးနေတာပါ။ အဖေက ဆယ်တန်းအောင်စေချင်တယ်။ အခု အဖေမရှိတော့ပေမယ့် ကျောင်းဆက်တက်ချင်ပါတယ်။ အမေကတော့ ကျောင်းဆက်ထားပေးမယ် ပြောတယ်’’ဟု အသက်ဘေးမှ လွတ်မြောက်ခဲ့သူ စိုးလှိုင်ထွန်းက မျက်နှာညှိုးငယ်စွာဖြင့်ဆိုပါသည်။ ‘‘အဖေ့အလောင်းကို နောက်ဆုံးမြင်ချင်လို့ ဒီကယ်ဆယ်ရေး စခန်းကနေ စောင့်နေတာပါ’’ဟု စိုးလှိုင်ထွန်းက သူ၏ဆန္ဒကိုပြောသည်။
သို့သော် မလှအေးရင်နှင့် စိုးလှိုင်ထွန်းတို့ မောင်နှမနှစ်ဦးစ လုံး ဖခင်နှင့် မောင်ငယ်တို့၏ ရုပ်အလောင်း မြင်တွေ့ခွင့်ရရန် ကယ်ဆယ်ရေးစခန်းတွင် မည်မျှကြာ အောင် စောင့်ဆိုင်းရမည်ကို သူတို့မသိနိုင်ပါ။
7Day Daily
0 comments:
Post a Comment