Friday, March 20, 2015

နှစ်ဖက်တပ်များ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများအား တစ်လအတွင်း ရေးဆွဲမည်


နှစ်ဖက်တပ်များ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ (Code of Conduct) အား တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးပါက တစ်လ အတွင်း အပြီးသတ် ရေးဆွဲ သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ယမန်နေ့က ရန်ကုန်မြို့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာတွင် ကျင်းပ ပြုလုပ်ခဲ့သည့် အစိုးရနှင့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) တို့၏ ခုနှစ်ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် နှစ်ဖက် အဖွဲ့ တို့ သဘော တူညီခဲ့ခြင်း ဖြစ်ကြောင်း NCCT ထံမှ သိရသည်။ နှစ်ဖက်တပ်တွေ လိုက်နာ ရမယ့် ကျင့်ဝတ် စည်းကမ်း တွေရယ်၊ စောင့်ကြည့် လေ့လာရေး အဖွဲ့ နဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေက အားလုံးပဲ ဆက်စပ်ပါတယ်။ NCA ထဲမှာ အရေးကြီးတဲ့ မူပိုင်း ဆိုင်ရာ ကိစ္စ အားလုံးကို ကျွန်တော်တို့ ထည့်သွားမှာ ဖြစ်ပါတယ်။သို့သော် နည်းပညာပိုင်းဆိုင်ရာ လက်တွေ့လုပ်ဆောင်ရမယ့် ကိစ္စတွေ အားလုံးကိုတော့ ကျွန်တော်တို့ သဘောတူ ထားတာ။ NCAစာချုပ်ချုပ်ပြီး တစ်လအတွင်း အပြီးသတ် ရေးဆွဲမှာ ဖြစ်ပါတယ် ဟု NCCT ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်က ပြောသည်။ ထို့အပြင် အဆိုပါ ကိစ္စရပ်များအား အပစ်ရပ်စာချုပ် အတွင်း မထည့်ခြင်းမှာ တိုင်းပြည်တွင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ အများအပြား ရှိပြီး အသေးစိတ် နည်းပညာပိုင်း ဆိုင်ရာ၊ တပ်အနေအထား မြေပြင်အနေအထားများ အရ ပြည်နယ် တစ်ခုနှင့် တစ်ခု၊ လူမျိုးတစ်စုနှင့် တစ်စုကြားတွင် မတူညီကြောင်း ယင်းအတွက်ကြောင့် အားလုံး လွှမ်းခြုံနိုင်သော အပစ်ရပ်စာချုပ်တွင် အသေးစိတ် ညှိမရကြောင်း ၎င်းက ဆက်ပြောသည်။

တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု စာချုပ်ပေါ့။ ဒါပြီးလို့ရှိရင် အပစ်အခတ် ရပ်စဲရေး၊ စောင့်ကြည့်ရေးကို ပူးတွဲ ဆောင်ရွက်မှာဖြစ်တယ်။ နောက်ပြီး နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ပူးတွဲ ဆောင်ရွက်မှာ ဖြစ်တယ်။ ဒီဟာတွေနဲ့ ပတ်သက် ပြီးတော့ ဘယ်လို ဖွဲ့ စည်းပုံတွေနဲ့ သွားမလဲ ဆိုတာကို ပြောနေတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ အားလုံး စဉ်းစားချက်တွေက တော်တော်လေးတူ နေတယ်။ တော်တော်လေး နီးစပ်နေ ပါပြီဟု မြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC) မှ အရာရှိ တစ်ဦး ဖြစ်သူ ဦးအောင်နိုင်ဦးက ပြောသည်။

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၏ အခြေခံ မူများကို တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် ထည့်သွင်း သွားမည် ဖြစ်ကြောင်း ယခုလ (၁၈) ရက်နေ့တွင် အစိုးရနှင့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) တို့ သဘောတူညီ ခဲ့သည်။

Messenger News Journal

0 comments:

Post a Comment