Sunday, March 15, 2015

အရှုံးနဲ့ အနိုင်ကြားက မြန်မာ့နိုင်ငံရေး- မေသင်္ကြန်ဟိန်(မြစ်မခ)

လက်ပံတန်း ကျောင်းသားပိတ်နဲ့ သပိတ်ဖြိုခွဲမှု ကိစ္စရပ်တွေမှာတော့ မြန်မာ့နိုင်ငံရေးလောကအတွက် စဉ်းစားစရာတွေ အများကြီး ဖြစ်လာခဲ့တယ်လို့ ဝေဖန်ပြောဆိုလာကြပါတယ်။

လက်ပံတန်းမှာ ကျောင်းသားတွေ ဆန္ဒပြကြတာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ခြင်းကိစ္စအတွက်လို့ ပြောကြပါတယ်။ တစ်ဆက်တည်းမှာပဲ ကျောင်းသားတွေနဲ့ NNER ရေးဆွဲတဲ့ ထားတဲ့ အမျိုသားပညာရေး ဥပဒေကြမ်းက လွှတ်တော်တင်ဖို့ အဆင်သင့်ဆိုတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း သိရပါတယ်။အဲဒီလို ကာလမှာ ကျောင်းသားတွေ အောင်ပွဲခံဖို့ပဲဖြစ်ဖြစ် ရန်ကုန်ကို မဖြစ်မနေ ချီတက်ရမယ်ဆိုတဲ့ အမြင်မျိုးတွေကို လူငယ်တွေကြားမှာ ပြန့်နေခဲ့သလို၊ လူမှုကွန်ယက်ပေါ်တွေမှာ ရေးသားလာကြတာလည်း တွေ့ရပါတယ်။

အဲလို ကျောင်းသားတွေကို ချီတက်သင့်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ ရေးသားနေတဲ့ အကောင့်တွေကို ကြည့်ရင်တော့ ကျောင်းသားအလံတွေနဲု့ ဗိုလ်ချုပ်ပုံတင်ထားတဲ့ အကောင့်တွေက အများကြီး ဖြစ်နေတာ တွေ့ရတယ်လို့ ပြောဆိုကြသူတွေလည်း ရှိလာပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီအကောင့်အတော်များများက ကျောင်းသားတွေကို ပညာရေးအတွက် တိုက်ကို တိုက်ယူရမယ။် လူထုကိုလည်း လမ်းပေါ်ထွက်ရမယ်ဆိုတဲ့ အမြင်ကို အဓိက ထားပြီး ရေးသားနေတာလို့ သုံးသပ်ကြပါတယ်။

ဒီကြားထဲမှာ ကျောင်းသားတွေရဲ့ သပိတ်ပွဲကနေ ပြည်သူတွေ လမ်းပေါ်တက်ပြီး ၁၉၈၈ တုန်းကလို အထွေထွေသပိတ်ထိဖြစ်အောင်လုပ်ရမယ်ဆိုပြီး ၀ါဒဖြန့်နေတာက ဒေါ်လာစား နိုင်ငံရေးသမားအုပ်စုရဲ့ စီမံကိန်းဖြစ်တယ်ဆိုတဲ့ သတင်းတွေကလည်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှာသာမက လူမှုကွန်ယက်တွေမှာလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ကျောင်းသားသပိတ်ထဲမှာပါဝင်သူ ကျောင်းသားအချို့ကလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီးမဟုတ်တဲ့အကြောင်း လူမှုကွန်ယက်မှာရော၊ ပြင်ပမှာပါ ဖြေရှင်းနေ ကြတာတွေ့ရပါတယ်။တဆက်တည်းမှာပဲ သပိတ်မှောက် ကျောင်းသားတွေထဲမှာလည်း ဒီကိစ္စနဲ့ သဘောထား အမြင်ကွဲသွားကြတာတွေလည်း ရှိတယ်လို့ ကြားရပါတယ်။

လူမှုကွန်ယက်ပေါ်မှာတော့ ဒေါ်လာစားနိုင်ငံရေးအုပ်စုရဲ့ စီမံကိန်းဖြစ်တယ်ဆိုတဲ့အကြောင်းရေးသားကြတဲ့အကောင့်တွေကိုတော့အုပ်စုလိုက် ၀ိုင်းဆဲခံရတာတွေ၊ အစိုးရရဲ့လူလို့ ပြောဆိုတာတွေနဲ့ အချို့လည်း အဟက်ခံလိုက်ရတယ်လို့ သိရပါတယ်။

အဲဒီအချိန်ကစပြီး လူမှုကွန်ယက်မှ¬ာတော့ သပိတ်ကနေ စစ်အာဏာသိမ်းတဲ့အဆင့်ထိ နောက်ကြောင်းပြန်လှည့်သွားမှာကို စိုးရိမ်ကြတဲ့ အကောင့်တွေနဲ့ ကျောင်းသားတွေကို ပွဲဖြစ်စေချင် အကောင့်ဆိုပြီး ထပ်မံ နှစ်ဖွဲ့ကွဲသွားတာလည်း တွေ့ရပြန်ပါတယ်။

အဲဒီအချိန်မှာ ရန်ကုန်မြို့တော်ခန်းမနားက ဘယ်ကမှန်းမသိတဲ့ သပိတ်ဖြိုခွင်းတဲ့ လက်ပတ်နီတွေ ပေါ်လာပြီးတော့ အမျိုးသမီးကို အကြမ်းဖက်တဲ့ ပုံစံနဲ့ ဓါတ်ပုံတွေ ပြန့်လာတာ တွေ့ရပါတယ်။ ဒီလက်ပတ်နီတွေရဲ့ ဓါတ်ပုံတွေကိုကြည့်ပြီး ပြည်သူလူထုရဲ့ ဆဲဆိုမှုနဲ့ စိတ်ဝင်စားမှု ပိုအားကောင်းလာတာ တွေ့ရပါတယ်။

အဲဒီလက်ပတ်နီတွေကို သူတို့တာဝန်ပေးထားခြင်း မဟုတ်ပါဘူးလို့ပြည်ထဲရေးက နိုင်ငံပိုင်သတင်း ဌာနတွေကနေ တဆင့် ငြင်းဆို ရှင်းလင်းခဲ့ရတယ်။

ဒါဆို လက်ပတ်နီတွေကို ဘယ်သူက တာဝန်ပေးလိုက်တာလဲ ဆိုတာက ပြည်သူတွေကြားထဲမှာ စဉ်းစားစရာဖြစ်လာခဲ့တယ်။ ပြည်သူအချို့ကတော့ ဒါက အစိုးရရဲ့ လှည့်ကွက်ပဲလို့ သုံးသပ်တာတွေလည်း တွေ့ရပါတယ်။

ပြည်သူတစ်ဦးကတော့ ဒီအဖြစ်အပျက်က မျက်လှည့်ပွဲကြည့်ကြရသလိုပါပဲလို့ သုံးသပ်ပြောဆိုပါတယ်။ သူက ဘယ်ကမှန်းမသိတဲ့ လတ်ပတ်နီတွေအပြင် ဘာတွေမှန်းမသိတဲ့ လှုပ်ရှားမှုတွေ ဆက်တိုက် ပေါ်ထွက်လာပြီးတော့ ဘာမှ မဖြစ်ဘဲ ပြီးဆုံးသွားတယ်လို့ သူက သုံးသပ်ပါတယ်။

ဒီနေရာမှာ ကျောင်းသားတွေကို ပြည်သူတွေ ချစ်တယ်၊ ကျောင်းသားတွေ ရိုးသားမယ်လို့ အများစုက ယုံကြည်ကြတယ်။ ကျောင်းသားတွေကို ထိရင် မခံဘူးဆိုတဲ့ ပြည်သူတွေရဲ့ အနေအထားကို သေချာသိရအောင်လို့ လက်ပတ်နီတွေကို ထည့်ပြီး စမ်းသပ်ကြည့်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုပြီး တွေးကြတဲ့ သူတွေ ရှိတာလည်း တွေ့ရပါတယ်။

“ဒီဟာက မြန်မာပြည်မှာ စွမ်းအားရှင်စနစ်ရှိခဲ့တော့ ဒါကို လက်ပတ်နီတွေအနေနဲ့ အသုံးချပြီး စမ်းသပ် ကြည့်တာမျိုး ဖြစ်နိုင်တယ်။ ဒါကို အစိုးရက လုပ်တယ်လို့တော့ တစ်ထစ်ချက် မသတ်မှတ်နိုင်ဘူး တစ်ဘက် ကျောင်းသားတွေ လှုပ်ရှားမှုဖြစ်လာအောင် ပွဲဖြစ်စေချင်တဲ့ သူတွေဘက်ကလည်း လုပ်နိုင်တဲ့ ကိစ္စပဲ။”လို့ ရန်ကုန်မြို့က နိုင်ငံရေး စိတ်ဝင်စားသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

ဒီနေရာမှာ ပြည်သူလူထုက ပွဲကြည့်ပရိတ်သတ်ပါပဲ။ အော်ဟစ်အားပေးစရာရှိရင် အားပေးမယ်၊ ဆဲစရာရှိရင် ဆဲမယ်။ ဒါကို ရိုးသားတဲ့ ပြည်သူတွေက အဲဒီအတိုင်း ပွဲကြည့်နေတုန်းပါပဲ။ အဲဒါကြောင့် လက်ပတ်နီကိစ္စနဲ့ အစိုးရကို ဝေဖန်ကြပြီး ချီတက်မဲ့ကျောင်းသားတွေကို အားပေးလာကြတာ တွေ့ရပါတယ်။

လူမှုကွန်ယက်ပေါ်မှာတော့ ကျောင်းသားတွေကလမ်းပေါ်ထွက်ရမယ်ဆိုတဲ့အမြင်နဲ့အဖွဲ့ဘက်ကအကောင့်အင်အားပိုများလာတာလည်းတွေ့ရပါတယ်။တစ်ဘက်ကလည်း ကျောင်းသားတွေကို မထောက်ခံရင် ၀ိုင်းဆဲတာမျိုးတွေ၊ စစ်ခွေးလို့ စွတ်စွဲတာမျိုးတွေ အပြင် ဘလော့မယ်လို့ ခြိမ်းခြောက်ရေးသားတာမျိုးတွေအထိ လူမှုကွန်ယက်ပေါ်မှာ ရေးသားလာကြတာလည်းတွေ့လာရတယ်။

အဲဒီအချိန်မှာအစိုးရကလည်း ကျောင်းသားသပိတ်ရန်ကုန်ကို ရောက်မလာစေဖို့အတွက်ဆိုပြီးတော့ သပိတ်တားမြစ်တာတွေကို ဆက်တိုက် ပြုလုပ်လာတာ တွေ့ရပါတယ်။

အစိုးရရဲ့ တားမြစ်ပုံကိုကြည့်ပြီးတော့ နိုင်ငံရေးကို နားလည်နေပြီဖြစ်တဲ့ သူတွေက အစိုးရကို ပိုပြီး စိတ်ပျက်ကြတယ်။ ကျောင်းသားကို အစိုးရ မကိုင်တွယ်တတ်သေးတာကို မြင်ရတဲ့အတွက် အစိုးရရဲ့ ညံ့ဖျင်းမှုက ပေါ်လွင်တယ်လို့ ရေးသားကြတာမျိုးလည်း တွေ့ရပါတယ်။

`ကျောင်းသားနဲ့ အစိုးရဖြစ်ရင် အစိုးရ ရှုံးတယ်ဆိုတာ ဦးသန့်အရေးအခင်း၊ ၁၉၈၈ အရေးအခင်းနဲ့ေ၇ွှဝါရောင်တော်လှန်ရေးကို ကြည့်ရင် သိသာတဲ့အတွက် အစိုးရအနေနဲ့ ဒီလို ကိုင်တွယ်မယ်ဆိုရင် ရှုံးဦးမှာပဲ။ ဘာဖြစ်လဲ ကျောင်းသားညီလာခံခေါ်ပေးလိုက်ပေါ့။ ပြီးရင် ကျောင်းသားအချင်းချင်း ရှင်းကြတဲ့ ပွဲဖြစ်သွားမယ်။ အစိုးရမှာ အဲဒီလောက်တောင် တွေးပေးနိုင်တဲ့ သူ မရှိဘူးလား၊ အစိုးရ ကိုယ်တိုင်ကပဲ ဒါမျိုး ဖြစ်စေချင်သလားမှ မသိတာ` လို့ နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပါတယ်။

အဲဒီအချိန်မှာပဲ လက်ပံတန်းမှာ
သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေထဲမှာ ပြည်တွင်းက ကျောင်းသားများ မဟုတ်သော နယ်စပ်ဘက်က သူအချို့ဝင်နေပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာတယ်။ သူတို့ကတော့ ကျောင်းသားသပိတ်ကို အားဖြည့်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င်ရောက်လာတယ်လို့လည်း ကြားရပါတယ်။

ဒါ့အပြင် သတင်းမီဒီယာသမားအချို့ကိုလည်း
လက်ပံတန်းက သပိတ်စခန်းဖြစ်တဲ့ နေရာအထိ သွားပြီး သတင်းယူမယ်ဆိုရင် လိုအပ်တဲ့ အထွေထွေစရိတ်တွေအကုန်ကျခံမယ် ဆိုတဲ့ သူတွေလည်း ရှိနေတယ်လို့ ကြားသိရတယ်။

လူမှုကွန်ယက်မှာလည်း ကျောင်းသားတွေကို ရန်ကုန်ကို ဖြစ်တဲ့ နည်းနဲ့ ချီတက်ဖို့ အစိုးရက အလျော့ပေးရင်လည်း အောင်ပွဲခံအဖို့အတွက်ဆိုတဲ့ အမြင်တွေနဲ့အားပေးတဲ့အဖွဲ့နဲ့ ကျောင်းသားတွေကို လွှတ်တော်က ဆွေးနွေးမဲ့ ဥပဒေကိုပဲ စောင့်ကြ့ည်ပြီးမှ ဆက်လုပ်သင့်တယ်လို့အမြင်ရှိတဲ့သူတွေရဲ့ တိုက်ပွဲကလည်း နေ့စဉ်နဲ့အမျှ ပြင်းထန်လာတာ တွေ့ရပြန်ပါတယ်။

ဒီလိုအခြေအနေမှာ နာမည်ကြီး နိုင်ငံရေးသမားတွေဆီက အသံတွေ ထွက်မလာပေမဲ့ နိုင်ငံရေးပါတီတွေကလည်း စောင့်ကြည့်နေတယ်ဆိုတာကို သိသာတဲ့ သုံးသပ်ချက်တွေ ထွက်လာတယ်။

နာမည်ရှိတဲ့ နိုင်ငံရေးသမားတစ်ဦးက ဒီတိုက်ပွဲက ကျောင်းသားတွေနဲ့ အစိုးရနဲ့ တိုက်တဲ့ပွဲလို့ မယူဆဘဲ။ အစိုးရက ကျောင်းသားတွေကို လိုက်လျောပြီးလို့ အမျိုးသားပညာရေးဥပဒေကြမ်းက လွှတ်တော်ကို ရောက်သွားပြီးသားဖြစ်တဲ့အတွက် သူ့အမြင်မှာတော့ ဒီတိုက်ပွဲက ကျောင်းသားတွေကို အသုံးချပြီး ဒေါ်လာစားနိုင်ငံရေးသမားတွေ ပိုက်ဆံရှာတဲ့ ပွဲလို့ သုံးသပ်လာတယ်။

ဒီအခြေအနေမှာပဲ ကျောင်းသားအများစုကလည်း တောင်းဆိုချက်တွေထက် ရန်ကုန်ထိရောက်အောင်ချီတက်ဖို့ ရေးသားမှုတွေလည်း ကျောင်းသားထုကြားမှာသာမက
ပြည်သူအချို့ရဲ့ အသံအနေနဲ့ထွက်ပေါ်လာခဲ့တာလည်း တွေ့ရပါတယ်။

နောက်တော့ မတ်လ ၁၀ ရက်နေ့မှာ ကျောင်းသားသပိတ်ထဲမှာပါဝင်တဲ့ သူအချို့နဲ့ သပိတ်တားတဲ့ ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ ပဋိပက္ခကစတင်ပြီး သပိတ်ဖြိုခွင်းတဲ့ကိစ္စရပ်တွေ ဖြစ်လာပါတော့တယ်။

လူမှုကွန်ယက်ပေါ်မှာတော့ ရဲတွေက ကျောင်းသားတွေကို အကြမ်းဖက်တဲ့ ဓါတ်ပုံတွေ များများတက်လာခဲ့တာ တွေ့ရတယ်။ ရဲတွေက ကားတွေကို ဖျက်ဆီးနေတဲ့ ပုံတွေ၊ အကျီအဖြူဝတ်၊ ပုဆိုးမနိုင်မနင်းနဲ့ ယောကျာ်းလေးတစ်ယောက်ကို ၀ိုင်းဖမ်းနေတဲ့ ပုံက တော်တော်များများ တက်လာတာ တွေ့ရတယ်။ အဲဒီပုံတွေကိုပဲ ရှယ်တဲ့ အရည်အတွက်လည်း တော်တော်များတဲ့အတွက် စက္ကန့်ပိုင်းအတွင်း ပြန့်နှံ့မှုကလည်း တော်တော်များများတွေ့လာရတယ်။

ကျောင်းသားတွေက ရဲတွေကို ခဲနဲ့ ပေါက်တဲ့ ပုံတွေနဲ့ ကာဆီးထားတဲ့ အရံအတားကို ဖယ်ရှားနေတဲ့ ပုံတွေကတော့ ပြန်ကြားရေးဝက်ဆိုက်နဲ့ သတင်းသမားအချို့ရဲ့ ဓါတ်ပုံတွေမှာပဲ တွေ့ရတယ်။အဲဒီလို ရဲတွေကို ကျောင်းသားတွေ ရေသန့်ဘူးနဲ့ ပေါက်နေတဲ့ ပုံတွေကို တင်တဲ့ အကောင့်တွေကလည်း ၀ိုင်းဆဲတာတွေ တွေ့ရတယ်။

ဓါတ်ပုံတွေမှာတော့ ကျောင်းသားတွေ အတော်ကို ထိခိုက်ဒဏ်ရာ ရနေပြီလို့ ယူဆလို့ရနိုင်ပါတယ်။

အဲဒီဓါတ်ပုံတွေကို ကြည့်ပြီး လူတွေက အစိုးရကို ဆဲ၊ ရဲတွေကို ဆဲကြ နဲ့ လူမှုကွန်ယက်ထဲမှာ အဆဲမိုးတွေရွာကြတာ မတ်လ ၁၃ ရက်နေ့ထိ မပြီးနိုင်သေးပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ပြည်သူက ကျောင်းသားဆိုရင် ချစ်တယ် ကျောင်းသားကို ထိရင် မခံနိုင်ဘူးဆိုတာကိုလည်း တွေ့ရပါတယ်။

ဒါကိုကြည့်ပြီး ကျောင်းသားတွေကို နိုင်ငံရေးအဖွဲ့အစည်းတွေက ဆက်ပြီး အသုံးချကြမှာကို စိုးရိမ်တဲ့ သူတွေရဲ့ အသံတွေလည်း ထွက်လာတာ တွေ့မြင်ရပါတယ်။

အစိုးရက ဖမ်းဆီးထားတဲ့ ကျောင်းသားဦးရေကို ရုပ်မြင်သံကြားကနေ ကြေညာတယ်။ မတ်လ မတ်လ ၁၀ရက်နေ့ က ဖမ်းပြီး မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ပြန်လွှတ်ပေးတယ်လို့ သတင်းတွေအရ သိရတယ်။ မိဘဆီကို ကိုယ်တိုက်အပ်ပေးတယ်လို့လည်း သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တစ်ချိန်တည်းမှာ ဖမ်းဆီးထားတဲ့ သူတွေ ဒဏ်ရာရမရ ဆန်းစစ်တာတွေကို သတင်းသမားအချို့က ပြုလုပ်ခဲ့ကြတယ်။ အများစုကတော့ ဒဏ်ရာကြီးကြီးမားမားလို့ ဆိုနိုင်တဲ့ ကျိုးပဲ့တာတွေ၊ ကန်းတာတွေ၊ အနည်းဆုံး ခေါင်းကွဲဒဏ်ရာ ရခဲ့တာ တွေ မတွေ့ခဲ့ရဘူး လို့ သတင်းတွေအရ သိရပါတယ်။

ဒီအချိန်မှာပဲ ကျောင်းသားတွေပွဲဖြစ်ခဲ့တဲ့အတွက် ဒီပွဲဖြစ်မြောက်အောင် စီစဉ်ပေးညွှန်ကြားတဲ့ ဒေါ်လာစားနိုင်ငံရေးသမားတွေ ချီးယားစ်လုပ်နေတဲ့ သတင်းတွေ ထွက်လာပါတယ်။ ဒေါ်လာဘယ်ရွေ့ဘယ်မျှ ရတယ်ဆိုတာမျိုး တိတိကျကျမပါပေမဲ့ ငွေရဖို့နဲ့နောက်ထပ် ပိုက်ဆံလုပ်လို့ရတာ သေချာသွားပြီ ဆိုတဲ့ သတင်းမျိုးတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလို ကျောင်းသားတွေနဲ့ လက်ပန်းတန်းမှာ သပိတ်ဖြိုခွင်းမှုမျိုးပွဲဖြစ်သွားတဲ့အတွက် အစိုးရကတော့ ရှုံးပါတယ်။ ပြည်သူတွေရဲ့ မေတ္တာကို ဆုံးရှုံးနဲ့အပြင် နိုင်ငံတကာမှာလည်း မျက်နှာပျက်စရာ ကောင်းပါတယ်။

ဒီပွဲဖြစ်မြောက်ရေးအတွက်ဦးဆောင်ခဲ့တဲ့ နိုင်ငံရေးသမားများကတော့ စီမံကိန်းအရ အောင်မြင်ပါတယ်။

ပြည်တွင်းက ပြည်သူတွေကတော့ အစိုးရရဲ့ အရှုံးကို တွေ့ရတဲ့အတွက် ၀မ်းမြောက်ကြပါတယ်။ ဒါကတော့မြန်မာပြည်ရဲ့ နိုင်ငံရေးပါပဲ။

အဲဒီနိုင်ငံရေးဟာ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေသလားဆိုတာကတော့ ၀ိုင်းစဉ်းစားကြရမဲ့ကိစ္စပါပဲ။
ကျေးဇူးတင်ပါတယ်။


မေသင်္ကြန်ဟိန်(မြစ်မခ)

0 comments:

Post a Comment