Sunday, March 15, 2015

လက်ပတ်ဖြူ လှုပ်ရှားမှု ယာယီရပ်နား၊ စာမေးပွဲပြီးလျှင် နိုင်ငံအနှံ့ လှုပ်ရှားမည်


ကျောင်းသားနှင့် ပြည်သူများ အကြမ်းဖက်ဖြိုခွဲခံရမှုကို ဆန့်ကျင်သည့် လက်ပတ်ဖြူဝတ် တန်ပြန်လှုပ်ရှားမှုကို မတ်လ ၁၃ ရက်နှင့် ၁၅ ရက်နေ့တို့၌ ရန်ကုန်မြို့တော်ရှိ လူစည်ကားရာ နေရာများတွင် ပြုလုပ်ခဲ့ပြီးနောက် ယင်းလှုပ်ရှားမှုကို ယာယီရပ်နား၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးဆုံးချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှုပ်ရှားမည်ဖြစ် ကြောင်း အဆိုပါအဖွဲ့ကို ဦးဆောင်လှုပ်ရှားနေသည့် ကဗျာဆရာ မောင်ဆောင်းခက ပြောကြားသည်။“တစ်ပတ်ဆက်တိုက် တစ်ရက်ခြား လှုပ်ရှားမယ်လို့ စီစဉ်ခဲ့ပေမယ့် ဆယ်တန်းစာမေးပွဲ နောက်ဆုံးရက်မှာ မလိုလားအပ်တဲ့ အနှောင့်အယှက်တွေ ဖြစ်လာမှာ စိုးရိမ်တာကြောင့် ယာယီရပ်နားခဲ့လိုက်တယ်။ စာမေးပွဲပြီးတဲ့ မတ်လ ၁၉ ရက်နေ့မှာမှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်လှုပ်ရှားမယ်” ဟု ၎င်းကဆိုသည်။

မြို့တော်ခန်းမအရှေ့နှင့် လက်ပံတန်းမြို့နယ်တို့တွင် ဆန္ဒထုတ်ဖော်သူများ အကြမ်းဖက်ဖြိုခွဲခံရမှုကို ဆန့်ကျင်သည့် အနေနှင့် အဖြူရောင်ပိတ်စအပေါ်၌ “We are Students, Respect Our Right” ဟု ရေးသားထားသည့် အစိမ်းရောင်စာလုံးပါ လက်ပတ်ဖြူများ ဝတ်ဆင်၍ အသံတိတ် ဆန္ဒထုတ်ဖော်မှု မတ်လ ၁၃ ရက်နှင့် ၁၅ ရက်နေ့တို့၌ ရန်ကုန်မြို့လယ်ရှိ လူစည်ကားရာ နေရာများတွင် လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း ယင်းလှုပ်ရှားမှုတွင် ပါဝင်သူများထံမှ စုံစမ်းသိရှိရသည်။

“မတ်လ ၁၉ ရက်နေ့မှာ မန္တလေး၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ် အပါအဝင် မြို့နယ် ၁၈ ခုမှာ လက်ပတ်ဖြူလှုပ်ရှားမှု လုပ်ဖို့စီစဉ်ပြီးပြီ။ ဒီလှုပ်ရှားမှုမှာ ပါဝင်ချင်တဲ့ အခြားမြို့နယ်တွေလည်း အခုရက်ပိုင်းအတွင်း ကျွန်တော်တို့ကို ဆက်သွယ်လို့ ရပါတယ်။ တစ်မြို့နယ်ကို လက်ပတ်ဖြူ အခု ၅၀၀ စီ ခွဲဝေပေးမယ်” ဟု လက်ပတ်ဖြူ လှုပ်ရှားမှုအဖွဲ့ကို ဦးဆောင်သူတစ်ဦး ဖြစ်သည့် ဦးညီမိုးဆွေက ဆိုသည်။

လက်ပတ်ဖြူ လှုပ်ရှားမှုကို ရန်ကုန်အနောက်ပိုင်းနှင့် အရှေ့ပိုင်းခရိုင် အတွင်းရှိ လူစည်ကားရာ နေရာများ၌ ငါးဦးတစ်စုစီ အဖွဲ့ခွဲကာ လှုပ်ရှားခဲ့ရာ ခွင့်ပြုချက် မယူသောကြောင့် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များက လူစုလူဝေးအဖြစ် လှုပ်ရှားမှုများ မဆောင်ရွက်ရန် သတိပေးစကားများ ပြောကြားခဲ့ကြောင်းလည်း ယင်းအဖွဲ့ထံမှ သိရသည်။

“ခွင့်ပြုချက်မယူလို့ အမှုဖွင့် တရားစွဲမလားတော့ မသိသေးဘူး။ ကျွန်တော့် အကြောင်းကို မနေ့ည (မတ်လ ၁၄ ရက်နေ့) က SP က လာမေးတယ်လို့ ရွှေပြည်သာ ၁၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အမေ့ကို လာပြောသွားတယ်။ တရားစွဲလည်း မတတ်နိုင်ဘူး။ ဒီလှုပ်ရှားမှုက အကြမ်းဖက် ကိုင်တွယ်မှုကို မလိုလားကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာ” ဟု ယင်းအဖွဲ့ ဦးဆောင်သူများ အဖွဲ့ဝင် ကဗျာဆရာ မောင်ဆောင်းခက ပြောဆိုသည်။

လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြိုခွဲမှုများကို ဆန့်ကျင်သည့် လက်ပတ်ဖြူဝတ် လှုပ်ရှားမှုများအပြင် အနက်ရောင်ပိတ်စကို ရင်ဘတ်၌ ချိတ်ဆွဲထားမှုနှင့် အဖြူရောင်နှင်းဆီပန်းကို ရင်ထိုးတပ်ဆင်ခြင်းများဖြင့် အသံတိတ် ဆန္ဒထုတ်ဖော်မှုများ ရန်ကုန်မြို့နှင့် အခြားမြို့နယ်များတွင် ဆောင်ရွက်နေကြကြောင်း လက်ပတ်ဖြူဝတ် လှုပ်ရှားသူများထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment