Thursday, March 19, 2015

အလှအပ အတွက် ခွဲစိတ်ပြုပြင်ကြတဲ့ အခါ

အလှအပ အတွက် မျက်နှာခွဲစိတ်မှု ခံယူနေသူတဦး


လူဆိုတာ ကလည်း အလှအပ နှစ်သက်ကြတဲ့ သတ္တဝါဆိုတော့ သဘာဝ အလှအပတွေကို သာယာကြသလို ခန္ဓာကိုယ် အလှအပကိုလည်း ကြိုက်ကြပေတယ်။ တခြားသူ ကိုယ့်ကို နှစ်လိုဖို့၊ ကိုယ့်ဖာသာ ပြန်ကြည့်ပြီး စိတ်ချ ယုံကြည်မှု ကျေနပ်မှုတွေ တိုးဖို့ အလှပြင်ကြလေတယ်။ သဘာဝ ရှိနေတာကို မွမ်းမံခြယ်သ,ရုံနဲ့ အားမရကြတဲ့ အခါ ခွဲစိတ် ပြုပြင်တဲ့ နည်းလမ်းတွေ အထိ ရှာကြံကြတော့တယ်။လူဟာ ရှိရင်းစွဲတွေကို ဖယ်ထုတ်၊ အစားထိုး၊ ခွဲစိတ် ဖြတ်တောက် စတဲ့ လုပ်လို့ရသမျှတွေနဲ့ အလှပြင် လာကြပြီး ခွဲစိတ်ပြုပြင်တဲ့ နည်းပညာတွေ၊ အစိတ်အပိုင်းတွေလည်း များပြား လာခဲ့ပါတယ်။ စရိတ်စကနဲ့ နည်းပညာကြောင့် ကိုယ့်တိုင်း ကိုယ့်ပြည်မှာ သိပ်တွင်ကျယ်တယ် ပြောလို့ မရပေမယ့် ဗဟုသုတအဖြစ်နဲ့ နည်းနည်းစီတော့ ပြောချင်ပါ တယ်။

အလှအပ ခွဲစိတ်မှု အသက်အရွယ်

အကြမ်းဖျဉ်းအားဖြင့် အလှအပဆိုင်ရာခွဲစိတ်မှုကို အသက် ၄၀ ကျော်မှ လုပ်ကြလေ့ ရှိပါတယ်။ ငယ်ရွယ်သူတွေ မှာတော့ နှာခေါင်းပုံစံ ပြုပြင်တာ၊ ရင်သားဖွံ့ထွားအောင် လုပ်တာ၊ အဆီတွေ စုပ်ထုတ်တာ၊ အစရှိတာတွေ ပြုလုပ်ကြလေ့ ရှိပါတယ်။ အသက်ကြီးရင့်သူတွေ ကျတော့လည်း မျက်နှာတင်းရင်းအောင် ပြုပြင်တာ၊ မျက်ခွံ ပြုပြင်တာတွေ လုပ်လေ့ ရှိပါသတဲ့။

ဒါကလည်း ဝါသနာတခုလို စွဲလမ်း နေတတ်တာမျိုး ထင်ပါရဲ့။ တချို့ဆို အလကားနေရင်း ကိုယ့်ခန္ဓာကိုယ်ကြီး ကိုပဲ အရိပ် တကြည့်ကြည့် လုပ်ရင်း ဆံပင်ပုံစံ ပေါင်းစုံ လုပ်ရ၊ ဆံပင်အရောင် မျိုးစုံ ပြောင်းရ၊ ဆံပင်ဖြောင့်ရ၊ ကောက်ရ၊ မျက်ခုံးမွေးနုတ်ရ၊ မျက်ခွံခြယ်ရ စသဖြင့် ငယ်ငယ်ကတည်းကနေ အိုကြီးအိုမ အထိ တကူးတကကို အချိန်ပေး လုပ်ကြတာကလား။ ဓနကြွယ်ဝမှုနဲ့ ကိုယ့်တိုင်းပြည်မှာ ရနိုင်တဲ့ အတတ်ပညာပေါ် မူတည်ပြီး ပြင်ဆင်ကြ၊ တိုင်းတပါး သွားလုပ်ကြ စသဖြင့် အရွယ်သုံးပါး မရွေးပါပဲ။

အမျိုးသမီးတွေရဲ့ အလှပြင်ခွဲစိတ်မှု

အမျိုးသမီးတွေက မျက်နှာပြုပြင်တာ၊ အဆီတွေ ထုတ်တာ၊ ဝမ်းဗိုက်ချပ်အောင် ပြုပြင်တာ၊ ရင်သား ဖွံ့ထွားအောင် လုပ်တာ စတဲ့ ခွဲစိတ်မှုတွေ လုပ်ကြတဲ့ အထဲက အများဆုံး လုပ်ကြတာကတော့ ရင်သားပြုပြင်တာပါပဲ။ အမျိုးသမီး တွေ ရင်သားပြင်ကြတာက အမျိုးသားတွေကို ဆွဲဆောင်ဖို့ အဓိက ဖြစ်မယ် ထင်ပါရဲ့။ အမျိုးသားတွေကလည်း အမျိုးသမီးတွေရဲ့ ရင်သားကို စိတ်ဝင်စားကြတာကိုး။ အမျိုးသမီးတွေရဲ့ ရင်သားကို ကြည့်ပေးတဲ့ အလေ့အထက အသက်ရှည်တယ် ဆိုပြီးတောင် ဝါသနာအိုး သုတေသနရှင်တွေက လိုရာဆွဲ ကောက်ချက်ချကြသေးတာကိုး။

သဘာဝ အတိုင်းကို ဖြတ်တောက် ချုပ်ဆက် ပြုပြင်တာမျိုး သာမက ရင်သားကို ဆီလီကွန် ထည့်သွင်းတာမျိုး လည်း ပါဝင်တာ ပေါ့။ အဲဒီနည်းကတော့ အကြာကြီးထားလို့ အဆင်မပြေပါဘူး။ မကြာခဏ ပြန်ပြီး ခွဲစိတ်နေရတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်တတ်ပါ သတဲ့။ ထည့်သွင်း ထားတဲ့ နေရာက ပေါက်ထွက်တတ်တာ၊ ရင်သားနာကျင်တာ အစရှိတာတွေအတွက် ပြန်ပြီး ပြင်ဆင် နေရတတ်တယ် လို့ ဆိုပါတယ်။

နောက်ပြီး ရင်သားကို တခုခု ထည့်သွင်း ပြုပြင်တာက ရင်သားဓာတ်မှန် (mammogram) ရိုက်တဲ့အခါ အတွင်း တစ်ရှုးတွေကို ဖုံးကွယ်ထားသလို ဖြစ်နေတာကြောင့် ကင်ဆာရှာဖွေတဲ့ အခါ အခက်တွေ့ရပါတယ်။ ရင်သား ပြုပြင်ထားသူတွေ အနေနဲ့ ရင်သားဓာတ်မှန်ကို ပုံမှန်ရိုက်ဖို့ ကလည်း လိုအပ်တာကြောင့် အဲဒီအခါမျိုးမှာ အတော်လေး အတွေ့အကြုံရင့်ကျက်တဲ့ ဓာတ်မှန် ပညာရှင်တွေ လိုပါသတဲ့။ ပညာရှင်တွေခမျာ ရင်သားကို အဲသလို အစားထိုး ပစ္စည်း ထည့်သွင်းထားသူတွေရဲ့ ဓာတ်မှန်ကို ဖတ်ရာမှာ မမှားအောင် အတော်လေး လေ့လာကြရသတဲ့။

အမျိုးသားနဲ့  အလှအပခွဲစိတ်မှု

အမျိုးသမီးတွေမှ အလှအပနှစ်ခြိုက်ပြီး ကိုယ့်ကိုယ်ကို ပြုပြင်ကြတာ မဟုတ်ပါဘူး။ တချို့ အမျိုးသားတွေလည်း အဲသလို ဝါသနာ ရှိကြပါတယ်။ ကိုယ့်ရဲ့ မျက်နှာသွင်ပြင်၊ ကိုယ်နေ ဟန်ပန်တွေကို စိတ်အလို မကျလို့ ပြုပြင်ကြတာ ပါပဲ။ ဆံပင်ကအစ ခြေသည်း လက်သည်းအဆုံး လှပအောင် ပြုပြင်ကြတာတွေ အများကြီးပါ။ ခွဲစိတ်ပြုပြင်မှုမျိုးတွေ ကိုလည်း လုပ်လေ့ ရှိပါတယ်။ အမျိုးသမီး စိတ်ပေါက်နေတဲ့ အမျိုးသားတွေ ဆိုရင်တော့ ပိုပြီး အလှပြင်တတ်တာ သတိပြုမိမှာ ပါ။

အမျိုးသားတွေမှာ နှာခေါင်းပုံစံ ပြင်တာ၊ မျက်နှာပြင်တာ၊ အဆီထုတ် တာတွေနဲ့ ယောက်ျားအင်္ဂါ ကြီးမားအောင် လုပ်တာတွေကို ခွဲစိတ် ပြုပြင်လေ့ ရှိပါသတဲ့။ အဆီထုတ်တဲ့ ခွဲစိတ်ကုသမှုကတော့ အများဆုံး လုပ်ကြတယ် လို့ ဆိုပါတယ်။ တခြား အလှပြင်မှု ပြုလေ့ရှိကြတာကတော့ နှာခေါင်း၊ မျက်ခွံ၊ နားရွက် စတာတွေ လှပအောင် ခွဲစိတ် ကြတာ ဖြစ်ပြီး မိန်မလျာတွေကတော့ ရင်သား ပြင်ဆင်မှုပါ လုပ်ကြပါတယ်။ အလှအပ ပြင်ဆင်မှုကို အမျိုးသမီး တွေက ပိုပြီး လုပ်လေ့ ရှိပါသတဲ့။

လေ့လာ တွေ့ရှိချက်တွေ မှာတော့ အလှအပ အတွက် ခွဲစိတ်ပြုပြင်မှုတွေမှာ အမျိုးသားတွေ ခွဲစိတ်မှုက ၈% ပဲ ရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။ တချို့  တလွဲဆံပင်ကောင်းနဲ့ အယူလွဲတွေကတော့ ကိုယ့်ရဲ့ တန်ဆာကို ကြီးအောင် လုပ်တာမှ အလှလို့ထင်ပြီး နည်းမျိုးစုံနဲ့ လုပ်ကြပါ သတဲ့။ စနစ်တကျ မဟုတ်ဘဲ ကြုံရာနည်းနဲ့ လုပ်လို့ ဖြတ်တောက် လိုက်ရတာ၊ ကင်ဆာ ဖြစ်ကြတွေလည်း တွေ့ဖူးလေရဲ့။

ခွဲစိတ်မှုတွေက လွယ်ကူလို့လား

အဆီထုတ်တာ၊ ရင်သား ဖွံ့ထွားအောင် ပြင်ဆင်တာ၊ အစရှိတာတွေက ဆေးရုံတက်ဖို့ မလိုအပ်တဲ့ ခွဲစိတ် ကုသမှုတွေ လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ခွဲစိတ်ထားတဲ့ လူနာအဖို့ ၁ ရက် ၂ ရက်တော့ ဆေးရုံနဲ့ နီးနီးနေဖို့ တချို့ ဆရာဝန်တွေ က အကြံပြုကြပါတယ်။

ခန္ဓာကိုယ် အောက်ပိုင်း ပြုပြင်တာတွေ ကျတော့ ၄ ပတ်ကနေ ၆ ပတ်လောက် ကြာအောင် ဆေးရုံမှာ နေရပါ သတဲ့။ တင်ပါး အရေပြား ပျော့တွဲကျ နေတာတွေကို တင်းရင်းအောင် လုပ်တာ၊ ပေါင်တံလှပအောင် ပြင်ဆင်တာတွေက ခွဲစိတ်ချိန် ၈ နာရီလောက် ကြာတတ်ပြီး ဈေးအကြီးဆုံး ခွဲစိတ်မှု လို့လည်း ဆိုကြပါတယ်။

စိတ်ကျေနပ်မှု ရကြရဲ့လား

တချို့ လူတွေမှာတော့ စိတ်ရောဂါ တခု ရှိပါတယ်။ Dimorphic disorder လို့ ခေါ်ပါတယ်။ အမြဲတမ်း ကိုယ့်ဘာသာ မှန်တစိမ့်စိမ့် ကြည့်ပြီး ကိုယ့်ပုံစံကိုယ်လည်း အမြဲ ဘဝင်မကျ ဖြစ်နေတတ်သူတွေ ပါ။ အဲသလို လူတွေကျတော့ ဘယ်လို ခွဲစိတ်ကုသမှု မျိုးမဆို အဆင် မပြေတတ်ပါဘူး။ ခွဲစိတ်လိုက်၊ မကြိုက်လိုက်၊ နောက်တမျိုး ထပ်လုပ်လိုက်နဲ့ နောက်တော့ အလှအပ အတွက် ခွဲစိတ်တာကို စွဲလမ်းတဲ့ ရောဂါပါ ရလာတတ်ကြပါ သေးသတဲ့။ တကိုယ်လုံး ခွဲစိတ်လိုက်၊ မှန်ကြည့်လိုက်နဲ့ သံသရာလည်ပြီး အလှရူးတွေ ဖြစ်ကုန်ကြတဲ့ သဘောပေါ့။

အဲဒီတော့ အလှအပ ဆိုင်ရာ ခွဲစိတ်မှုတွေက ပုံမှန် အနေအထားအတွက် ပြင်ဆင်တာက လုပ်သင့်ပြီး ခွဲစိတ်မှု အောင်မြင်ရင် စိတ်ကျေနပ်မှု ရစရာ ဖြစ်ပေမယ့် လှချင်ရက် စက်စက်ယိုမို့ အလကားနေရင်း တကိုယ်လုံး ခွဲစိတ် ပြင်ဆင်နေလို့တော့ မသင့်လျော်လှဘူးလို့ ထင်မြင်ယူဆမိ ပါတယ်။ ။

ဧရာဝတီ

0 comments:

Post a Comment