Wednesday, March 11, 2015

သမိုင်းသစ်ကိုရေးထိုးဖို့ ကေမာကောင်းကို မဲပေးစို့

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲသည် နိုင်ငံတော်တစ်ဝှမ်းက အဖွဲ့အစည်းအသီးသီးအတွက် အမြတ်ထွက်သည်ဟု ထင်၏။ တောတွင်းလက်နက်ကိုင်ရော မြို့ပေါ်က မကိုင်သော အဖွဲ့တွေပါ မြတ်၏။ ဈေးသည်တွေရော ကွန်ပျူတာဆိုင်တွေရော မြတ်၏။ MPT အော်ရီဒူး တယ်လီနောလည်း မြတ်၏။ ဂျာနယ်တွေလည်း မြတ်၏။ အစိုးရကလည်း မြတ်၏။ အစိုးရက မဟော်သဓာ သားလုခန်းကို သုံး၏။ အစိုးရမဟုတ်သူများက ဝေသန္တရာ ဆင်ဖြူတော်လှူခန်း သုံး၏။ သူ့ဇာတ်နှင့်သူတော့ အမှန်ဖြစ်၏။ ထို့ကြောင့် ပရိတ်သတ်ကြိုက်၏။ အားလုံး မြတ်၏။အရှုံးကတော့ လက်ပတန်းမှ ရဲနှင့်ကျောင်းသားများ ရှုံး၏။ လွှတ်တော်က အိုဘာတိုင်မိ၍ ရှုံး၏။ ကျောင်းသားစစ်ကြောင်း အော်ဒါလိုက်လာသော ကားအုံနာရှုံး၏။ ရင်တမမ ဖြစ်ရသော ၁၀ တန်းကျောင်းသား မိဘတွေ ရှုံး၏။ ဖုန်းပွတ်နေရမှ ကျေနပ်သော ဖေ့ဘွတ်ပရိတ်သတ်ကြီး ခွက်ခွက်လန်ရှုံး၏။ အရှုံးကတော့ နည်း၏။

နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တောတွင်းလက်နက်ကိုင်များက ကြေငြာချက်တွေ ပလူပျံအောင် ထွက်လာ၏။ ဘာပြောပြော ကြေငြာချက်ကြောင့် ကိုယ့်အဖွဲ့တော့ လူပိုသိစေ၏။ ပါတီများဆိုလျှင် မဲဆွယ်မှုကြိုပင်လုပ်သလို အခွင့်အလမ်းပေါ်၏။ ထိုအခွင့်အရေးတွေသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေ၏။ ဒါကြောင့် ဒီပွဲကြီးသည် ဘုရားပွဲလို ဘုရားထက် ပွဲဈေးလူပိုစည်လေ၏။
ထိုထိုအမြတ်ကြီးမားသော ပွဲကြီးတွင် ကိုယ်က ရှုံးသည့်ဘက်ပါနေရသည့်အတွက် မကျေမနပ်ဖြစ်မိသည်ကား အမှန်ဖြစ်၏။ ဒီမိုကရက်တစ် သီအိုရီတို့အရ ဒီမိုကရက်တိုင်ဇေးရှင်းကာလတွင် မတည်ငြိမ်မှုတွေ ဖြစ်တတ်သည်မှာ သဘာဝဖြစ်၏။ မြန်မာတွေက တစ်ခုခုဆို အတော်ကြာ၏။ အခြေခံဥပဒေဆွဲတာလည်း ကြာ၏။ ပြင်တာလည်းကြာ၏။ နောက်ဆုံး လွှတ်တော်ရောက်နေသော အမျိုးသားပညာရေးဥပဒေ ပြင်တာကနေ ဆန္ဒပြတာအထိ ကြာ၏။ ကားဖြင့်သွားလျှင် မြန်၍ လမ်းလျှောက်ခြင်းကို ရွေးချယ်သည်ကလည်း ကြာမှ ကြိုက်သည်ကို ခိုင်မာစေ၏။ ဤမျှအကြာကြိုက်သော မြန်မာပြည်၏ ဒီမိုကရက်တိုင်ဇေးရှင်းလည်း ကြာမည်ဧကန်ဖြစ်၏။
မတည်မငြိမ်ဖြစ်တတ်သော ဒီမိုကရက်တိုင်ဇေးရှင်းခေတ်ကြီးတွင် အမြဲတမ်းရှုံး၍ ဖုန်းဘေလ်ကုန်သူများမှာ ဖေ့ဘွတ်ယူဆာများသာ ဖြစ်သည်က ပွဲတိုင်းဖြစ်နေ၏။ မြတ်သည်ကား ကြေငြာချက်ထုတ်သူများသာ ဖြစ်လေ၏။ ထို့ကြောင့် ကြေငြာချက်ထုတ်နိုင်မှ လူရာဝင်တော့မည်ဟု ထင်၏။ ကြေငြာချက်ထုတ်ယုံမျှမက မပါဆွယ်နိုင်လျှင် နိုင်ငံရေးအမြတ်ပါ ထွက်ဦးမည် ဖြစ်၏။ ကြေငြာချက်ကလည်း ထုတ်ရတာမခက်ပေ။ တစ်ဖွဲ့ဖွဲ့မှ ထုတ်သည့်အကြောင်းအရာပေါ် ကိုယ့် ဝါကျနှင့် ပြန်ရေးပြီးခေါင်းစဉ်တပ်လိုက်လျှင် အဆင်ပြေလေ၏။ ထို့ကြောင့် ပါတီထောင်ဖို့ စိတ်ကူး၏။

ပါတီလောကကို လေ့လာသောအခါ အဓိကပါတီကြီး နှစ်ခုကိုသာတွေ့၏။ သူတို့ထက်သာမှသာ ကိုယ်နေရာရမည်ဖြစ်၏။ ပါတီထောင်ပြီး မဲ မနိုင်လျှင်လည်း ကြေငြာချက်ထုတ်သည့်အဆင့်ဖြင့် လူတန်းစေ့ပါတီလောက်တော့ မဖြစ်ချင်။ ထို့ကြောင့် နိုင်မည့် အကြံထုတ်ရ၏။ ပါတီဝင်များရေးသာမက ခေတ်ပါပြောင်းနိုင်အောင် လုပ်ရမည်ဟု ထင်၏။ ဟိုပါတီ ဒီပါတီ အစွဲတွေနှင့် လင်မယားတွေ ရန်ဖြစ်နေတာ တွေ့၏။ ဖေ့ဘွတ်ယူဆာတွေလည်း အမ်တွေ ဘလော့တွေ တွေ့၏။ နိုင်ငံသားတွေ သွေးကွဲစေ၏။ ဆော့ဖ်ပါဝါတွေ ကျစေ၏။ နိုင်ငံအတွက် မကောင်းဟု မြင်၏။ ထို့ကြောင့် ခေတ်ပြောင်းအောင် နိုင်ငံသားတိုင်း ညီညွတ်မည့် ပါတီထောင်ချင်၏။

ပါတီထောင်လျှင် အခြေခံလူတန်းစားများအရေး ကြည့်ရမည်ဖြစ်၏။ အခြေခံလူတန်းစားများဘဝလေ့လာသောအခါ ကျေးလက်ကတောင်သူနှင့်လုပ်သား သည်အခြေခံဖြစ်၏။ တောင်သူများကိုကြည့်သောအခါ ခရိုနီတွေလက်ထဲ မြေတွေရောက်၍ ဘဝပျက်နေ၏။ ရေလုပ်သားတွေလည်း ဂေဟစနစ်ပျက်၍ ငါးရှားသည့်ခေတ်တွင် အင်းလေလံကြောင့် အင်းသူကြီးသွင်းရငွေပင် မကျေ၍ ပိုက် မဖြန့်နိုင်သည့် ဘဝရောက်နေ၏။ ထို့ကြောင့် ယောက်ျားလေးများ ပြည်ပထွက်သူများ၏။ ပြည်ပ မထွက်နိုင်သူ မိန်းကလေးအများစုက စက်ရုံတွေဆီ အလုပ်သမားတွေဖြစ်စေ၏။ စက်ရုံတွေလည်း မကြာခဏ ဆန္ဒပြခံရ၍ ပိတ်တဲ့စက်ရုံပိတ်ရ၏။ ထိုအခါ အလုပ်သမလေးတွေ ဒုက္ခရောက်ရလေ၏။

ထို့ကြောင့် ထိုမိန်းကလေးများမှာ ရရာအလုပ် လုပ်မှ ရွာက အဖေအို အမေအိုနှင့် မောင်လေးညီမလေးများကို ကြည့်ရှုနိုင်၏။ ထို့ကြောင့် နုရွယ်ပျိုမြစ်သော အလုပ်သမလေးများမှာ ဘဝပြောင်းကာ ကေတီဗီနှင့် မာဆတ်သို့ရောက်ရလေ၏။ ကေတီဗီနှင့် မာဆတ်သို့ အဆင်ပြေ၍ ရောက်သူမရှိ။ ဒုက္ခရောက်သူသာရှိသဖြင့် ထိုလောကသည် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးထက်ပင် ကူညီကယ်တင်မှုထိရောက်သော နေရာဟု ယူဆဖွယ်ရှိလေ၏။ ထိုနေရာတွင် ကာစတန်မာများနှင့် အတူသီချင်းတွေဆို၏။ စားသောက်ကြ၏။ ကခုန်ကြ၏။ ဟာသတွေနှော၍ ပျော်စရာတွေ ပြောကြ၏။ ဂီတအနုပညာကြား စီးမျောကြ၏။ ချစ်ချင်းဘွဲ့တွေ ရွတ်ဆိုကြ၏။ ကျက်သရေ ရှိလေစွ။
ကာစတန်မာတွေကို ကြည့်သောအခါ ခရိုနီလည်း ပါ၏။ လွှတ်တော်အမတ်တွေလည်းပါ၏။ ပါတီအသီးသီးက ဆရာတွေလည်း ပါ၏။ အရာရှိမင်းတွေလည်း ပါ၏။ NGO တွေလည်းလာ၏။ JV တွေလည်း လာ၏။ သံတမန်တွေလည်း လာ၏။ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေလည်း လာ၏။အောက်ခြေဝန်ထမ်းငယ်တွေကအစ ဆိုင်ကယ်ကယ်ရီဆွဲသူအထိပါ၏။ လူတန်းစား အလွှာစုံက ထိုနေရာသို့ သွားကြ၏။ ထိုနေရာသည် ဆားဗစ်ပေးသူရော ကာစတန်မာရော လူတန်းစားအလွှာစုံပေါင်းဆုံရာဟု ဆိုနိုင်၏။ ထိုပေါင်းဆုံမှုတွင် ရန်သူမရှိ မိတ်ဆွေသာရှိလေ၏။ ပါတီအရောင်တွေ၊ နိုင်ငံရေးခံယူချက်တွေ၊ လူတန်းစားခံယူချက်တွေ အားလုံးဘာမှ မရှိဘဲ အတူတကွဆုံဆည်းသော နေရာဖြစ်လေ၏။ ငြိမ်းချမ်းသာယာသော မေတ္တာနယ်မြေတစ်ခုဟု ဆိုချင်၏။
ထိုမေတ္တာနယ်မြေကို အခြေပြု၍ ပါတီထောင်လျှင် အခြေအနေကောင်းမည်ဟု ထင်၏။ အခြေခံလူတန်းစားများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိရောက်နေပြီဖြစ်ရာ ထိုအချက်သည် ပါတီ၏ ရည်မှန်းချက်အဖြစ်ထားရှိလျှင် အဆင်ပြေ၏။ ပါတီကိုပင် “ ကေတီဗီမာဆတ်ညီမလေးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကောင်းစားရေးအဖွဲ့ချုပ် ” ( ကေမာကောင်းပါတီ ) ဟု နာမည်ရွေးလျှင် လူထုစိတ်ဝင်စားမှု မြင့်မားစေမည် ဧကန်ဖြစ်၏။ ပါတီမဲဆွယ်ဆောင်ပုဒ်ကိုလည်း “အခြေခံလူတန်းစားများဘဝ မြင့်မားဖို့ ကေမာကောင်းကို မဲပေးစို့ ” ဟုဆိုလျှင် လျော်ကန်သင့်မြတ်မည်ဟု ထင်၏။
ထို့ကြောင့် ရွေးကောက်ပွဲ အချိန်မီဝင်နိုင်ရေး အမြန်ဆုံးပါတီထောင်ဖို့ ဆုံးဖြတ်မိ၏။ ရွေးကောက်ပွဲဝင်ရန် ဥပဒေလေ့လာသောအခါ ပါတီဝင် ၁၀၀၀ ရှိမှသာ တစ်နိုင်ငံလုံး ယှဉ်ပြိုင်နိုင်မည်ဖြစ်။ ပါတီဝင် ၁၀၀၀ ဟူသည်ကား သိပ်ခက်သော အလုပ်တော့ မဟုတ်ချေ။ နေပြည်တော် နှင်းဆီပန်းအဝိုင်းမှာ ရပ်၍ တစ်နာရီလောက် စည်းရုံးလျှင်ပင် ဖြစ်နိုင်၏။ ထိုအနားတွင် မိန်းကလေး ၈၀ မှ ၁၀၀ ကြားအလုပ်ပေးထားသော ကေတီဗီကြီး ၇ ခုရှိ၏။ မိန်းကလေး ၁၀ ယောက်မှ ၂၀ လောက်အထိ အလုပ်ပေးထားသော မာဆတ်တွေလည်း ၅၀ နီးပါးရှိ၏။ ထို့ကြောင့် ပါတီဝင် ၁၀၀၀ သည် တစ်နာရီအတွင်း ဖြစ်နိုင်လေ၏။

ပါတီထောင်ပြီးသောအခါ ရုံးလို၏။ ရုံးလည်း ကိစ္စမရှိပေ။ ဆိုင်ကောင်းကောင်းတစ်ခုတွင် ရုံးဖွင့်ရုံသာရှိ၏။ တိုင်း၊ ခရိုင်၊ မြို့နယ် ရုံးခွဲများလည်း ပူစရာမလိုလှ။ မြို့တိုင်းတွင် ကေတီဗီမရှိတောင် မာဆတ်တော့ရှိ၏။ ထိုဆိုင်တွေကို ရုံးခန်းတစ်ခန်းယူ၍ ဖွင့်ယုံသာရှိ၏။ ပါတီရံပုံငွေလည်း မခက်လှပေ။ တရားဝင်ပါတီသည် ပါတီစီးပွားရေးလုပ်ခွင့်ရှိ၍ ကေမာကောင်းပါတီဝင် ဆိုင်ခွဲအသီးသီးမှ လိုင်းကြေးများကင်းလွတ်ပြီ ဖြစ်၍ လိုင်းကြေးကို ပါတီရံပုံငွေထဲ ထည့်လျှင် လက်ရှိပါတီကြီးများထက် ရံပုံငွေတောင့်စေမည် ဖြစ်၏။
နောက်တစ်ချက်က ပါတီစည်းရုံးရေးဖြစ်၏။ ရွေးကောက်ပွဲနိုင်ဖို့ဟူသည် ပါတီစည်းရုံးရေးကောင်းမှ ဖြစ်မည်ဖြစ်၏။ ပါတီကို လူလေးစားဖို့လည်းလို၏။ ပါတီဝင်များ စည်းကမ်းပြည့်ဝရေးသည် ပါတီ၏ အသက်ဟု ခံယူ၏။ ထို့ကြောင့် ပါတီဝင်များကို စည်းကမ်းတင်းကြပ်စွာ ထုတ်ပြန်မည်ဟု တွေးမိ၏။ ကေတီဗီမာဆတ်မှ ကလေးများအား လူအချို့က အထင်သေးတတ်၏။ တကယ်တော့ ထိုကလေးတွေက မိဘနှင့် မောင်နှမများအား သမာအာဇီဝဖြင့်ရသောငွေ၊ ကာစတန်မာ၏ သဒ္ဒါကြည်ဖြူစွာပေးသော ငွေတို့ဖြင့် လုပ်ကြွေးနေသာ သူတော်ကောင်းလေးများ ဖြစ်၏။ မခိုးမဝှက် မလိမ်မကောက် အဂတိမလိုက်စားပေ။ သမာဝါယမဖြင့် ရသောငွေကြောင့် မိဘတို့ လှူဒါန်းနိုင်၏။ ဆေးဝါးကုသနိုင်၏။ မောင်နှမလေးများကျောင်းတက်နိုင်၏။ အမျိုးဘာသာ သာသနာနှင့် အနာဂတ်ပန်းလေးများကိုပါ လန်းဆန်းအောင် စောင့်ရှောက်နိုင်၏ ။ တော်လေစွ။

( အပိုင်း ၂ မျှော်.... )
Htet Yan

0 comments:

Post a Comment