Wednesday, March 11, 2015

"ဒုက္ခရောက်နေတဲ့သူတွေကို ဖေးမချင်တဲ့စိတ်ပဲရှိတော့ ကြောက်စိတ်လုံးဝမရှိခဲ့ဘူး"-အေးမြတ်သူနှင့်တွေ့ဆုံခြင်း


ကိုးကန့်တိုက်ပွဲမှ စစ်ဘေးရှောင်လာသည့် ဒုက္ခသည်အများစုရှိနေသော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွမ်းလုံမြို့သို့ သွေးမေတ္တာပရဟိတအဖွဲ့နှင့် သွားရောက်ကူညီခဲ့သည့် သရုပ်ဆောင်အေးမြတ်သူ၏ ကိုယ်တိုင်ကြုံတွေ့လာသည့် အတွေ့အကြုံများနှင့် ဆက်လက်လုပ်ဆောင်မည့် ပရဟိတအလုပ်များအကြောင်း ပရိသတ်များသိစေရန် သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။မေး- သေနတ်သံတွေနဲ့ ဘယ်နေရာက ချောင်းပစ်မလဲမသိတဲ့ အနေအထားမှာ ဘာကြောင့်ကွမ်းလုံကိုသွားဖြစ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။

ဖြေ- အဓိကကတော့ သူတို့မှာ စိတ်ဝေဒနာတွေ၊ အဖြစ်အပျက်တွေကို ကိုယ်တိုင်ခံစားလာခဲ့ရတော့ ကြောက်ရွံ့နေတဲ့စိတ်တွေ ဖြစ်လာတယ်။ သူတို့ခန္ဓာကိုယ်မှာ မျိုးစုံဖြစ်ပေါ်လာမယ်။ စိတ်ကျန်းမာရေးရော၊ ကိုယ်ကျန်းမာရေးရော စိတ်ထိခိုက်လာတယ်။ ကျန်းမာရေးတွေချို့တဲ့လာတယ်။ အဲဒီလိုလူတွေကို ကျွန်တော် သူတို့နဲ့ စကားတွေပြောပြီး အားပေးချင်တယ်။ အဲဒီစိတ်တစ်ခုတည်းနဲ့ သွားတာပါ။ သူတို့ဖြစ်နေတဲ့အချိန်မှာ ဒီမှာ လူငယ်တွေကပျော်နေတဲ့အချိန်ပေါ့။ အဲဒီလိုအချိန်မှာ သူတို့ရဲ့အပူတွေက ဘာနဲ့မှမတူဘူး။ အားလုံးပျော်ရွှင်နေတဲ့အချိန်မှာ သူတို့မပျော်ရဘူး။ ကျွန်တော်မေးခဲ့တာမှာ ပြန်ပြောတာတွေက ကိုယ့်ဆွေမျိုးသားချင်းတွေ သွားရင်းလာရင်းနဲ့သေပြီးတော့ မသဂြုင်္ိဟ်ခဲ့ရဘူး။ လမ်းမှာပစ်ထားခဲ့ရတာတွေလည်း ရှိတယ်တဲ့။ သူတို့ကို နှစ်သိမ့်ပြီး ပြန်မေးတာ သူတို့ရဲ့အနာကိုပြန်ဆွတာနဲ့တူတယ်။ အဲဒီတော့ သိပ်မမေးဖြစ်ခဲ့ဘူး။ အဲဒီလိုအပူတွေကို သူတို့နဲ့ ခဏလေးသွားစကားပြောလိုက်ရင် သူတို့လည်း ခဏတာစိတ်သက်သာရာရသွားတယ်။ အဓိကသွားချင်စိတ်ကို ပိုပြီးတော့ပြည့်စုံအောင်လုပ်ပေးတာကလည်း ကိုဝေဠုကျော်ပါပဲ။ သူက သူ့ဖေ့စ်ဘွတ်ခ်မှာရေးထားတာတွေ့လို့ အစ်ကို့ကိုဆက်သွယ်ဖြစ်ပြီး လိုက်သွားတာ။ အဲဒီမှာ ကျွန်တော် ငါးရက်၊ ခြောက်ရက်လောက်တော့ နေဖြစ်ခဲ့တယ်။

မေး- စစ်ဖြစ်နေတဲ့ဇုန်ထဲရောက်သွားတော့ ကြောက်စိတ်ဖြစ်ခဲ့မိသေးလား။ အဲဒီနေရာကို စရောက်ရောက်ချင်း ဘယ်လိုခံစားရလဲ။

ဖြေ- ကျွန်တော်က နည်းနည်းပြောရခက်တယ်။ ကျွန်တော်က ယောက်ျားဆန်တယ်ဆိုတော့လေ စိတ်ထဲမှာ ဘာမှမထားထားဘူး။ တွေးမပူဘူး။ ကိုယ့်ကိုယ်ကိုယ်လုံခြုံတယ်လို့ပဲခံစားရတယ်။ ကျွန်တော်တို့ ဒီကနေပြီးတော့ အရေးပေါ်ယာဉ်နဲ့ စုစုပေါင်းကားလေးစီးသွားဖြစ်တယ်။ ကျွန်တော်တို့တွေအားလုံးက ပရဟိတစိတ်ရှိနေလို့လားမသိဘူး။ အကုန်လုံးက ကြောက်တယ်ဆိုတဲ့စိတ်မရှိဘူး။ လူတွေကိုကူညီချင်တာပဲရှိနေတယ်။ ဒုက္ခရောက်နေတဲ့လူတွေကို ဖေးမချင်တဲ့စိတ်ပဲရှိတော့ ကြောက်စိတ်လုံးဝမရှိခဲ့ဘူး။

မေး- အဲဒီမှာ သွားကူညီခဲ့တဲ့ အတောအတွင်း ဘယ်လိုအခက်အခဲနဲ့ကြုံခဲ့ရသေးလဲ။

ဖြေ- အခက်အခဲကမရှိဘူး။ မရှိဘူးဆိုတာ ဘာဖြစ်လို့လဲဆိုတော့လေ လုပ်ပေးချင်စိတ်ရှိတဲ့လူတွေ စုစည်းသွားလို့လားမသိဘူး။ ကားမောင်းပေးတဲ့အစ်ကိုတွေဆိုရင် အခကြေးငွေပေးမယ်ဆိုရင်တောင်မှ မယူဘူး။ တချို့မလိုက်တဲ့လူဆိုရင် ဘယ်လောက်ပေးပေးမလိုက်ကြဘူး။ ဒါပေမဲ့ အေးမြတ်သူတို့သွားတဲ့လမ်းတစ်လျှောက်မှာ အားလုံးက လိုအပ်တာကို လာလှူပေးတဲ့လူတွေပဲရှိကြတယ်။ အဲဒီမှာဆိုရင် လူနာတင်ယာဉ်တွေက အရမ်းလိုတယ်။ အရမ်းထိခိုက်ဒဏ်ရာများတဲ့လူတွေဆိုရင် အရေးပေါ်လိုအပ်တယ်။ အခက်အခဲကတော့မရှိခဲ့ပါဘူး။

မေး- အစ်မအနေနဲ့ အဲဒီမှာ ဘာတွေကူညီပေးခဲ့ရလဲ။ ပြီးတော့ ဘယ်နေရာအထိ ရောက်ခဲ့လဲဆိုတာ ပရိသတ်ကိုပြောပြပေးပါဦး။

ဖြေ- အမှန်တကယ်တော့ ကျွန်တော်က ကွမ်းလုံအထိပဲရောက်ခဲ့တာပါ။ လောက်ကိုင်အထိ မရောက်ခဲ့ပါဘူး။ ဖြစ်နိုင်ရင်တော့ ချင်းရွှေဟော်အထိ လိုက်သွားချင်သေးတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အစကတည်းက လက်ခံပြီးတဲ့အလုပ်တွေရှိတော့ ကျွန်တော်နဲ့ နောက်ထပ်မိန်းကလေးတစ်ယောက်ပြန်လာကြတယ်။ ကိုဝေဠုကျော်တို့ကတော့ လောက်ကိုင်အထိဆက်သွားတယ်။ ကျွန်တော်ဘာတွေလုပ်ပေးခဲ့ရလဲဆိုတော့ ဆေးရုံတွေ၊ ကယ်ဆယ်ရေးစခန်းလေးတွေ သွားပြီးတော့ သူတို့နဲ့သွားစကားပြောဖြစ်တယ်။ ကိုယ်တွေနဲ့စကားပြောလိုက်ရင် ခဏပဲဖြစ်ဖြစ် သူတို့စိတ်တွေပေါ့ပါးသွားမယ်။ အဲဒီလိုဖြစ်ဖို့ပဲ မျှော်မှန်းခဲ့ပါတယ်။

မေး- ကိုယ်တိုင်ရောက်သွားပြီး သူတို့ကိုတွေ့လိုက်တော့ ဘယ်လိုခံစားမှုတွေဖြစ်ပေါ်လာလဲ။

ဖြေ- လူတွေက ကိုယ်တိုင်ကြုံ၊ ကိုယ်တိုင်မြင်မှ သိတာဗျ။ ကိုယ်တိုင်သွားတော့ တိုက်ပွဲရှောင်တဲ့ ပြည်သူတွေ၊ ထိခိုက်ဒဏ်ရာရလာတဲ့စစ်သည်တွေ၊ သူတို့ရဲ့မိဘတွေ ပြီးတော့ထိထားတဲ့ကြက်ခြေနီအဖွဲ့ဝင်တွေ သူတို့ဆီရောက်သွားတော့ သူတို့ရဲ့ခံယူချက်တွေ၊ ခံစားမှုတွေ အဲဒါတွေကို ကိုယ်ကိုယ်တိုင်ကြားခဲ့ရတယ်။ မြင်ခဲ့ရတဲ့အတွက် ထပ်တူထပ်မျှခံစားခဲ့ရတယ်။ သူတို့အတွက် ဂုဏ်လည်းယူတယ်။ စိတ်ဓာတ်ချင်းတူတဲ့ လူတွေဆုံလာတယ်လို့ခံစားရတယ်။

မေး- အစ်မအနေနဲ့ အရင်တုန်းကလည်း ပရဟိတအလုပ်တွေလုပ်ဖူးမှာပါ။ ဒါပေမဲ့ အရင်လုပ်ဖူးတဲ့ပရဟိတနဲ့ အခုတိုက်ပွဲဖြစ်နေတဲ့နေရာမှာ သွားလုပ်ရတာ ဘာတွေများကွာခြားတယ်လို့ထင်ပါလဲ။

ဖြေ- မတူတော့မတူဘူး။ မတူဘူးဆိုတာကို ကျွန်တော်လည်းသိပ်မပြောတတ်ဘူး။ အကုန်လုံးကတော့ကူညီတာပဲ။ ဒါပေမဲ့ ဒါကျတော့ လက်တွေ့မှာကိုခံစားနေရတာ။ ဥပမာဆိုရင် မီးဘေးဆိုရင်ဖြစ်ပြီးသွားပြီးမှ ကူညီရတာ။ အခုဟာဆိုရင် လက်ရှိဖြစ်နေတာ ဖြစ်ဦးမလားဆိုပြီးတော့လည်း ကြောက်နေကြတယ်ဆိုတော့ အဲဒီလိုနေရာမှာ သွားကူညီရတာဆိုတော့ ခံစားမှုကမတူပါဘူး။

မေး- အဲဒါဆိုရင် လောက်ကိုင်အတွက်ကော ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။

ဖြေ- အေးမြတ်သူပြန်သွားဦးမှာ။ အခုဆို လူကသာဒီမှာ စိတ်ကဟိုရောက်နေတယ်။ ပြီးရင် သွေးမေတ္တာပရဟိတအဖွဲ့နဲ့ ကြက်ခြေနီအသင်းဝင်ဖြစ်တဲ့အတွက် သူတို့တွေနဲ့ထပ်သွားဦးမယ်။ ဒီမှာ အလုပ်တွေပြီးသွားပြီဆိုရင် အဲဒီမှာ အကုန်အေးချမ်းသွားပြီဆိုရင် ပြန်လည်ထူထောင်ရေးတွေရှိဦးမှာပဲ။ အဲဒီမှာလည်း ဆက်လုပ်ဖို့ရှိတယ်။ ဒီဟာနဲ့အမြဲတမ်းထိတွေ့နေဦးမှာပဲ။ အခု အေးမြတ်သူက အရင်ကတည်းက လက်ခံထားတဲ့ အလုပ်တွေဆိုတော့ အခုချက်ချင်း ပြန်ဖျက်လို့မရတဲ့အလုပ်ဆိုတော့ အလုပ်တွေပြီးရင် လောက်ကိုင်အထိသွားမှာပါ။

မေး- အစ်မ အဲဒီမှာနေခဲ့တုန်းက အခုထိ မမေ့နိုင်တဲ့မြင်ကွင်း (ဒါမှမဟုတ်) အဖြစ်အပျက်တစ်ခုခုကိုပြောပါဆိုရင် ဘာဖြစ်မလဲရှင့်။

ဖြေ- ဟုတ်။ ပရိသတ်တွေစိတ်ထဲမကောင်းမှာလည်း စိုးရိမ်တယ်။ ပြန်ပြောရရင် ပျော်စရာမကောင်းတဲ့အရာတွေဆိုတော့ ပြန်ပြောပြရမှာ စိတ်လည်းပူတယ်။ ပြန်ပြောပြပါဆိုရင်တော့ အများစုက စိတ်ထိခိုက်ထားတဲ့လူများတယ်။ တချို့ကျတော့ ဘာရောဂါမှမရဘဲ စိတ်ရောဂါပဲဖြစ်လာတယ်။ စိတ်ကြီးတင်းပြီးတော့ ကိုယ်တွေနဲ့တွေ့တော့ ဘာမှမဖြစ်ဘူး။ ဒီမှာ အားလုံးအဆင်ပြေတယ်။ ဘေးကင်းသွားပြီ။ အဲဒီလိုပြောလိုက်တော့ သူတို့တင်းထားတဲ့စိတ်ကို လျှော့ပြီးတော့ လူလည်း ချုံးချုံးကျသွားတဲ့လူတွေတွေ့ခဲ့ရတယ်။ လုံးဝလဲသွားတာ။ သူ့မှာရောဂါရှာမရဘူး။ ခုတင်ပေါ်ကျောလည်းချလိုက်ရော ကျွန်တော် ပြောလိုက်ရော မျက်ရည်တွေစီးလာတယ်။ သူ့စိတ်ထဲမှာ ဘာမှမသိတော့ဘူး။ ကောင်မလေးတစ်ယောက်ဆိုရင် အသက် (၁၆)နှစ် (၁၇)နှစ်လောက်ပဲရှိသေးတာ။ ညီအစ်မဝမ်းကွဲတွေနဲ့ အတူတူထွက်ပြေးလာတာ။ သူတစ်ယောက်ပဲအသက်ရှင်တယ်။ လေးယောက်လမ်းမှာဆုံးသွားတယ်။ ဆုံးသွားတဲ့ကောင်မလေးတွေရဲ့အသက်ကို မေးကြည့်တော့ အားလုံးလည်း ဆယ်ကျော်သက်လေးတွေပဲ။ နောက်ပြီးတော့ အသက် (၂၂)နှစ်အရွယ် ကောင်လေးတစ်ယောက်ပေါ့။ သူ့ခြေထောက်ကကျိုးပြီးတော့ အရိုးကချွန်ထွက်နေတယ်။ ဘယ်ကလဲမေးလိုက်တော့ တပ်ကပေါ့နော်။ သူတိုက်ပွဲမှာတိုက်ရင်းနဲ့ ချောက်ထဲကျသွားတာပေါ့။ သူ့အဖွဲ့ကဆို သူ့ကိုသေပြီပဲထင်တာပေါ့နော်။ အဲဒီခြေထောက်အကျိုးကြီးနဲ့ လေးရက်လုံး ဖင်တရွတ်ဆွဲပြီးတော့လာတာ။ သူ့ကိုတွေ့တော့ ဒီကို အရောက်ခေါ်လာကြတာ။ အဲဒီလိုမျိုးတွေမြင်ခဲ့ရတယ်။

မေး- နောက်ဆုံးအနေနဲ့ ပရိသတ်ကို ပြောချင်တာကောရှိဦးမလား။

ဖြေ- ဟုတ်ကဲ့။ အေးမြတ်သူပြောချင်တာက ကြက်ခြေနီအသင်းအဖွဲ့ လူငယ်တွေ အများကြီးရှိစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြက်ခြေနီအသင်းက နိုင်ငံတကာမှာလည်း ရှိတယ်လေ။ ပြီးတော့ သူတို့က ဒုက္ခရောက်နေတဲ့ ဘယ်သူ့ကိုမဆို ကူညီပေးနိုင်တယ်။ ပြီးတော့ ဘယ်သူ့ဘက်ကမှ မဟုတ်ဘူးလေ။ ကြားနေကြရတာပေါ့။ သူတို့ဆိုရင် သင်တန်းတွေပေးတယ်။ လူတွေကို ဘယ်လိုကယ်ရမလဲဆိုတဲ့ ရှေးဦးသူနာပြုနည်းတွေရှိပြီးသားဆိုတော့ အေးမြတ်သူတောင်မှ ဟိုမှာ တစ်နာရီနဲ့ အမြန်သင်တန်းပေးခံရတယ်။ ကိုယ်က ခဏသွားတယ်ဆိုပေမယ့် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တတ်သင့်တယ်ပေါ့နော်။ အဲဒါကြောင့် လူငယ်တွေကိုလည်း ကြက်ခြေနီအသင်းဝင်ထားစေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

7Day Daily

0 comments:

Post a Comment