အသက် (၉) နှစ် အရွယ်ဝတ်လစ် စားလစ် မိန်းကလေးငယ်တစ်ယောက် ကြောက်လန့်တကြား ငိုယိုရင်းပြေးလွှားနေတဲ့ အဖြူအမည်းဓာတ်ပုံဟာ ဗီယက်နမ်စစ်ပွဲရဲ့ ဆိုးယုတ်မှုတွေကို ထင်ဟပ်စေခဲ့တဲ့ သမိုင်းဝင်မှတ်တမ်းတစ်ခုပါပဲ။ အခုတော့ ၄၃ နှစ်တိုင်ခဲ့ပါပြီ။ စစ်သမိုင်းလေ့လာသူတွေကတော့အဲဒီဓာတ်ပုံလေးဟာ စစ်ပွဲနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို သိမ်းသွင်းယူနိုင်ခဲ့ပြီး ဗီယက်နမ်ပြည်တွင်းစစ်ကို မြန်မြန်ဆန်ဆန် အဆုံးသတ်သွားဖို့ တွန်းအားတစ်ရပ် ဖြစ်စေခဲ့တယ်လို့ မှတ်ယူနေကြပါတယ်။ ‘‘သေပြေးရှင်ပြေးပြေးခဲ့ရတဲ့ အဲဒီနေ့ကို ကျွန်မ အမြဲတမ်း အမှတ်ရနေမိတယ်’’လို့ သမိုင်းဝင်ဓာတ်ပုံထဲက မိန်းကလေးက ဆိုပါတယ်။ အခုတော့ ကင်မ်ဖုခ်ဟာ အသက် (၅၂) နှစ်အရွယ် အမျိုးသမီးကြီး ဖြစ်နေပါပြီ။ ၁၉၇၂ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံထဲက မိန်းကလေးငယ်ဟာ ဒီနေ့မှာတော့ တိုရန်တိုမြို့ပြင်မှာနေထိုင်ပြီး ဇနီးမယားတစ်ယောက်၊ မိခင်တစ်ယောက်အဖြစ် အခြေကျနေပြီဖြစ် ပါတယ်။ နာကျင်မှုရယ်၊ ကြောက်ရွံ့စိတ်ရယ် ရောပြွမ်းခံစားပြီး ပြေးလွှားနေတဲ့ ကင်မ်ရဲ့ဓာတ်ပုံထွက်ပေါ်လာပြီး ခုနစ်လလောက်အကြာမှာ ပဲရစ်ငြိမ်းချမ်းရေးသဘောတူညီမှုအရ အမေရိကန်စစ်တပ်တွေ တောင်ဗီယက်နမ်က ဆုတ်ခွာပြီး ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ခဲ့ပါတယ်။
အစပိုင်းမှာတော့ ကင်မ်ဟာ ဒီဓာတ်ပုံကို မုန်းတီးစက်ဆုပ်ခဲ့ပါတယ်။ ဒီဓာတ်ပုံဟာ သူ့ကို အရှက်ရစေတယ်လို့ ခံစားမိခဲ့တယ်။ ကင်မ်ဟာ ဒီဓာတ်ပုံကြောင့် ပတ်ဝန်းကျင်နဲ့ အသားတကျနေထိုင်နိုင်ဖို့ ရုန်းကန်ခဲ့ရတယ်။ ဒီဓာတ်ပုံဟာ သူ့ရဲ့ ပုဂ္ဂလိက မာန်မာနကို ချေဖျက်ပစ်နေတယ်လို့ ကင်မ်က ယူဆပါတယ်။ မီးလောင်ဗုံးတစ်လုံး ကြဲချလိုက်ချိန် မီးတောက်မီးလျှံတွေ လောင်ကျွမ်းနေတဲ့ နေရာက လွတ်မြောက်အောင် ပြေးလွှားနေချိန် သူ့မျက်နှာပေါ်မှာ မီးလောင်ဒဏ်ရာရဲ့ နာကျင်မှု ဝေဒနာတွေ၊ အကြီးအကျယ် ဖိစီးကြောက်ရွံ့မှုတွေ ထင်ဟပ်နေတာကို ကင်မ်က လက်ခံဖို့ ခက်နေခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့ ဒီသမိုင်းဝင် ဓာတ်ပုံနဲ့ ဝေးကွာရာ ဦးတည်ချက် တစ်ခုခုကို ကင်မ်က ရွေးချယ်ပြီး ရှောင်ဖယ်ထွက်သွားမယ်ဆိုရင်လည်း သူ့ကို ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကင်မ်က အဲဒီနည်းလမ်းကို လက်မခံခဲ့ဘူး။
ကာလရှည်ကြာ ရုန်းကန်ရပ်တည်ခဲ့ရတဲ့ အခြေအနေတွေကို ကျော်ဖြတ်ခဲ့ပြီးတဲ့နောက် ကင်မ်က အခြေခံကျတဲ့ အမှန်တရားကို သတိပြုမိလာပါတယ်။ အဲဒီနေ့က ဗုံးကြဲတိုက်ခိုက်မှုမှာ သူခံစားခဲ့ရတဲ့ နာကျင်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ဖော်ထုတ်မပြနိုင်ခဲ့ဘူးဆိုရင် တခြားသော စစ်ပွဲကာလ အနိဋ္ဌာရုံတော်တော်များများလိုပဲ သမိုင်းမကျန်ဘဲ ပျောက်ကွယ်သွားနိုင်တယ် ဆိုတာကို ကင်မ်က သဘောပေါက်လာခဲ့ပါတယ်။
ဒီဓာတ်ပုံဟာ သူ့ဘဝထဲက ဘာတွေကို ထုတ်နုတ်ယူငင်သွားမလဲဆိုတာထက် လူသားတွေ အားလုံးအတွက် ဘာတွေကို မျှဝေပေးနိုင်မလဲဆိုတာကို ကင်မ်တစ်ယောက်စပြီး တွေးတောလာခဲ့တယ်။ အဲဒီဓာတ်ပုံဟာ သူ့ရဲ့ငယ်ဘဝအဖြစ်ဆိုးတွေကို ထင်ဟပ်ပြစေရုံ သက်သက်တင်မက ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာတယ်လို့ ကင်မ်က ဆိုပါတယ်။
‘‘ဒီဓာတ်ပုံရဲ့ အရိပ်အောက်ကနေ ကျွန်မဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်မှန်းသိလာပါတယ်။ နောက်တော့ ဒီဓာတ်ပုံကို ငြိမ်းချမ်းရေးအတွက် အသုံးချပြီး အလုပ်ပြန်လုပ်ဖို့ လိုလားလာမိတယ်။ ဒါဟာ ကျွန်မရဲ့ ရွေးချယ်မှုပဲ’’လို့ ကင်မ်က ပြောပါတယ်။ တုန်လှုပ်ချောက်ချားပြီး ဆောက်တည်ရာမရဖြစ်နေတဲ့ ဓာတ်ပုံထဲက မိန်းကလေးဟာ နွေးထွေးပြီး သက်သောင့်သက်သာနဲ့ ထိတွေ့ပြောဆိုနိုင်သူ ဒီနေ့ကာလ ကင်မ်နဲ့ အ များကြီး ခြားနားသွားပါပြီ။
မိသားစုကို ချစ်ခင်စောင့်ရှောက်တဲ့ ဇနီးမယားတယောက်၊ မိခင်တစ်ယောက်ရဲ့ ဘဝအပြင် ကင်မ်ရဲ့ နောက်ထပ် ရှင်သန်ဖြတ်သန်းမှု တစ်ခုကတော့ ကုလသမဂ္ဂရဲ့ နှလုံးလှသံတမန်တစ်ယောက်အနေနဲ့ပါ နှစ်စဉ်နှစ်တိုင်း ကင်မ်ဟာ ကမ္ဘာအနှံ့ကိုသွားရောက်ပြီး သူ့ရဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ပုံပြင်ဟောင်းကို ပြောပြတတ်ပါတယ်။ ဒါကလည်းစစ်မက်ဖြစ်ပွားခြင်းရဲ့ ရက်စက်ကြမ်းကြုတ်မှု အမှန်တရားတွေကို လူတွေပိုပြီး အာရုံစိုက်မိလာစေဖို့ပါ။
ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ပဲ ကင်မ်ဟာ ကင်မ်နိုင်ငံတကာ ဖောင်ဒေးရှင်းကိုလည်း ထူထောင်ဖြစ်ခဲ့ပါတယ်။ ဒီဖောင်ဒေးရှင်းဟာ စစ်ပွဲတွေရဲ့ ဆိုးကျိုးကို သက်ရောက် ခံစားရရှာတဲ့ ကလေးငယ်တွေကို ကူညီပေးမယ့် ရန်ပုံငွေ အဖွဲ့အစည်း တစ်ရပ်ပါ။ ဒီဘဝမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကင်မ်ကိုယ်တိုင်တွေ့ကြုံ ဖြတ်သန်းခဲ့ဖူးပြီး ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က စစ်ဒဏ်ခံဒေသတွေက ကလေးတွေကို ကူညီပေးပြီး ဆေးရုံတွေ၊ ကျောင်းတွေ၊ မိဘမဲ့ကလေးဂေဟာတွေ ကူညီ ဆောက်လုပ်ပေးဖို့ ဖြစ်ပါတယ်။ ကင်မ်ကတော့ သူ့ဘဝတစ်လျှောက်လုံး ဒီလုပ်ငန်းစဉ်တွေမှာ မြှုပ်နှံသွားချင်တယ်လို့ ဖွင့်ဟပါတယ်။
‘‘အခုတော့ ကျွန်မရဲ့ ဓာတ်ပုံအတွက် ကျေးဇူးတင်နေမိပါပြီ။ အခုဆိုရင် ဒီဓာတ်ပုံကို ငြိမ်းချမ်းရေးအတွက် ကျွန်မအသုံးချလို့ ရနေပြီ မဟုတ်လား’’လို့ ကင်မ်က ပြောပါတယ်။ ကင်မ်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကနေဒါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ရရှိခဲ့ပြီး သားနှစ်ယောက်ကို ပြုစု ပျိုးထောင်ခဲ့ကြပါတယ်။ ကင်မ်က သူ့ဘဝရဲ့ ဒုတိယနေအိမ်လို့ ဆိုရမယ့် ကနေဒါနိုင်ငံမှာ ပျော်ရွှင်မိကြောင်းနဲ့ မိဘနှစ်ပါးကို ကနေဒါထိ အရောက်ခေါ်ယူခွင့် ရခဲ့တဲ့အတွက်လည်း ကျေးဇူးတင်မိကြောင်း ဆိုပါတယ်။ အခုတော့ ကင်မ်ဟာ ဓာတ်ပုံထဲက ကြောက်လန့်တကြား ပြေးလွှားနေတဲ့ မိန်းကလေး မဟုတ်တော့ပါဘူး။ သူဟာ အမြင့်မှာ ပျံသန်းနေပါပြီ။
သေပြေးရှင်ပြေး မိန်းကလေး
၁၉၇၂ ခုနှစ်တုန်းက ကင်မ်က ဆိုင်ဂုံမြို့ မြောက်ပိုင်းက ထရန်ဘန်းဆိုတဲ့ ရွာလေးတစ်ရွာမှာ နေထိုင်ပါတယ်။ ကောင်းကင်ယံမှာ လေယာဉ်သံတွေ ဆူဆူညံညံ ထွက်ပေါ်လာတဲ့အခါ ကင်မ်တို့ မိသားစုဟာ ဘုရားကျောင်းလေး တစ်ခုမှာ သွားရောက် ခိုလှုံခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရှိနေတဲ့ နေရာကို ဗုံးကျလာမှာ စိုးရိမ်တဲ့အတွက် အားလုံးက အပြင်ဘက် ထွက်ပြေးပြီး ဘေးလွတ်ရာနေရာကို ရှာဖွေခဲ့ကြပါတယ်။ တကယ်ပဲ ဗုံးတွေက ဘုရားကျောင်းဝန်းကျင်မှာ ကျရောက်ပေါက်ကွဲလာတယ်။နေပမ်လ်လို့ခေါ်တဲ့ မီးလောင်ဗုံးတွေဟာ မီးစွဲမှုကို အားပေးတဲ့ ဓာတုအရည်တွေပါရှိပြီး လူ့အသားအရေကို ဆိုးဆိုးရွားရွားလောင်ကျွမ်းစေအောင် ဖန်တီးထားတဲ့ စစ်လက်နက်တစ်မျိုးပါ။
မီးလောင်ဗုံးတွေရဲ့ အရှိန်ကြောင့် အရမ်းပူလောင်လာပြီး မခံမရပ်နိုင်လောက်တဲ့ ဝေဒနာမျိုး ဖြစ်ပေါ်လာတာကို ကင်မ်တစ်ယောက် အခုထိမှတ်မိနေဆဲ ဖြစ်ပါတယ်။ ကင်မ်ဟာ မီးစွဲလောင်နေတဲ့ အဝတ်အစားတွေကို ဆွဲချွတ်ပစ်ပြီး ခြေဦးတည့်ရာ ပြေးထွက်ခဲ့မိပါတော့တယ်။ သိပ်မကြာခင်မှာတော့ သနားစရာ မိန်းကလေးရဲ့ ပုံရိပ်ကို လူငယ် သတင်းထောက် တစ်ယောက်က သူ့ဘဝတစ်လျှောက်လုံး အမှတ်တရဖြစ်နေမယ့် ဓာတ်ပုံအဖြစ် မှတ်တမ်းတင် ရိုက်ယူလိုက်ပါတော့တယ်။ အဲဒီဓာတ်ပုံကို ရိုက်ကူးချိန်မှာ သတင်းထောက် နစ်ခ်အတ်ဟာ အသက် ၂၁ နှစ်ပဲရှိသေးတာပါ။ ‘‘မည်းနက်တဲ့ မီးခိုးလုံးကြီးတွေကြားထဲကို လှမ်းကြည့်လိုက်တော့ ကောင်မလေးတစ်ယောက် အဝတ်အစားမကပ်ဘဲ ပြေးလာတာကို မြင်လိုက်တယ်’’လို့ အတ်က CNNနဲ့ အင်တာဗျူးမှာ အတိတ်ကို ပြန်တူးဆွပြီး ပြောပြပါတယ်။
အဲဒီနောက်မှာတော့ အတ်ဟာ စိတ်ကို တည်တည်ငြိမ်ငြိမ် စုစည်းပြီး သူ့ဆီတည့်တည့်ကြီး ပြေးလာတဲ့ ကင်မ်နဲ့ တခြားက လေးငယ်တွေကို ဓာတ်ပုံတွေ ရိုက်ယူပါတော့တယ်။
ကင်မ်အနားရောက်လာချိန်မှာတော့ အတ်ဟာ မိန်းကလေးရဲ့ အရေပြားတချို့ ကွာကျနေတာကို သတိထားမိသွားပါတယ်။ ခန္ဓာကိုယ်ကို မီးကူးမလာဖို့ ကင်မ်ဟာ အဝတ်တွေကို ချွတ်ပစ်ခဲ့တာပါ။ မီးလောင်ဗုံးရဲ့ အရှိန်ကြောင့် သူ့ရဲ့လည်ပင်းမှာ မီးဟပ်ခံထားရပြီးပါပြီ။ ကျောကုန်းနဲ့ ဘယ်လက်မှာလည်း အရေပြားတွေ လောင် ကျွမ်းခံထားရပါတယ်။
‘‘ဒီလောက် ဆိုးဆိုးရွားရွား မီးလောင်ခံထားရရှာတာ မယုံနိုင်လောက်စရာပဲလို့ ကျွန်တော် ဘုရားတရင်း ရေရွတ်လိုက်မိပါတယ်။
နောက်တော့ ကျွန်တော့် ကင်မရာကို အဝေးပြေးလမ်းပေါ် ပစ်ချပြီး ကောင်မလေးကို ကူညီဖို့ ကြိုးစားခဲ့တယ်’’လို့လည်း အတ်က ဆိုပါတယ်။ အတ်ဟာ ကင်မ်ရဲ့ ဒဏ်ရာတွေပေါ် ရေအေးလောင်းချပေးတယ်။ မိန်းကလေးကို ကုတ်အင်္ကျီတစ်ထည် လွှမ်းခြုံပေးတယ်။ ကင်မ်နဲ့ တခြားကလေးငယ်တွေကို သူ့ရဲ့ ဗင်ကားပေါ်တင်ပြီး ဆေးရုံကို မောင်းပို့ပေးခဲ့ပါတယ်။
‘‘ကျွန်တော့်ကားထဲမှာ မိန်းကလေးက သူသေရပါတော့မယ်၊ သေရပါတော့မယ်ဆိုပြီး တောက်လျှောက်ညည်းနေခဲ့တယ်လေ’’လို့ အတ်က ဆိုပါတယ်။ အတ်ဟာ ကင်မ်ကို စက္ကန့်မလပ်အာရုံစိုက် စောင့်ကြည့်ရင်း ‘‘ငါတို့မကြာခင် ဆေးရုံရောက်တော့မှာပါ’’လို့လည်း တတွတ်တွတ် အားပေးစကားပြောလာခဲ့ပါတယ်။
ခွင့်လွှတ်ဖို့ သင်ယူနိုင်ခဲ့သူ
ကင်မ်ဟာ ဒီဒဏ်ရာဒဏ်ချက်တွေကို ကုစားဖို့ ဆေးရုံမှာ တစ်နှစ်ကျော် တက်ရောက်ခဲ့ရတယ်။ ဘယ်နှကြိမ်မှန်းမှတ်မိဖို့ ခက်လောက်တဲ့အရေပြား အစားထိုးမှုကုသမှုတွေ ခံယူခဲ့ရတယ်။ သူ့မိသားစုကတော့ ကင်မ်တစ်ယောက် ဒီတောင်ကို ကျော်နိုင်ဖို့ မဖြစ်နိုင်လောက်ဘူးလို့တောင် စိတ်လျှော့ထားခဲ့တာပါ။ အဆုံးမှာတော့ ထူးချွန်တဲ့ ဆရာဝန်တွေဟာ ကင်မ်ရဲ့ ရုပ်ခန္ဓာပေါ်က ဒဏ်ရာတွေကို ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကင်မ်ဟာ စိတ်ဒဏ်ရာတွေတော့ စွဲကျန်နေဆဲ ဖြစ်ပါတယ်။ သူဟာ ငြိမ်းချမ်းမှုကို ရှာမတွေ့နိုင်ဘူး။ ဒီဘဝကနေ ပျောက်ကွယ် အဆုံးသတ်သွားချင်ခဲ့တယ်။ သေဖို့ထိ သူတွေးခဲ့တယ်။ သေများသေသွားခဲ့ရင် စိတ်ရော ကိုယ်ပါဖိစီးမှုတွေရှိတော့မှာ မဟုတ်ဘူး ဆိုတဲ့အတွေးမျိုးတောင် ဝင်ခဲ့ပါတယ်။
အသက် (၁၉) နှစ်အရွယ်မှာတော့ ကင်မ်ဟာ ခရစ်ယာန်ဘာသာဝင်အဖြစ် ကူးပြောင်းခံယူခဲ့တယ်။ သူ့ရဲ့ ကိုးကွယ်ယုံကြည်မှု အသစ်က ဘဝကို အစကနေ ပြန်စဖို့ အားပေးကူညီနိုင်ခဲ့တယ်လို့ ကင်မ်က ဆိုပါတယ်။ ‘‘ကျွန်မ ခရစ်ယာန်တစ်ယောက် ဖြစ်လာချိန်မှာ အံ့ဩစရာ ဆက်နွှယ်မှုတွေကို ခံစားမိလာတယ်။ ကျွန်မရယ်၊ ဂျီးဆက်စ်ရယ်၊ ထာဝရဘုရားသခင်ရယ် အကြားမှာပေါ့’’လို့ သူက ပြောပါတယ်။ ကင်မ်ဟာ ဘုရားသခင်ရဲ့ သနားစောင့်ရှောက်မှုအတွက် ဆုတောင်းတယ်။ သူ့ဘဝကို အကောင်းဆုံး ရှေ့ဆက်ချင်တယ်။ သားသမီးတွေနဲ့ မိသားစု သိုက်သိုက်ဝန်းဝန်းနေချင်လာတယ်။
‘‘အဲဒီကနေ ကျွန်မသင်ယူလာနိုင်တာကတော့ ခွင့်လွှတ်တတ်ဖို့ပါပဲ’’လို့ ကင်မ်က တည်တည်ငြိမ်ငြိမ် ပြုံးရင်းဆိုပါတယ်။ အခုဆိုရင်တော့ ကင်မ်ဟာ နာကျင်မှုတွေနဲ့ ငြိမ်းချမ်းခြင်းကို ခွဲခွဲခြားခြားသတ်မှတ်ပြီး သူ့အတိတ်ဘဝဇာတ်ကြောင်းကို ပြန်ပြောပြနိုင်စွမ်းရှိနေပါပြီ။ သူပါဝင်ခဲ့တဲ့ သမိုင်းဝင် ဓာတ်ပုံဟာ သူ့ဘဝမှာ ကြုံခဲ့ဖူးတဲ့ ကောင်းမွန်တဲ့အရာတွေထဲကတစ်ခုလို့ ကင်မ်က ခံယူထားလိုက်ပြီ ဖြစ်ပါတယ်။
‘‘ကျွန်မငယ်ငယ်တုန်းက ဖြစ်ရပ်ဆိုးမှာ အသက်ဆက်ရှင်ခွင့်ပေးလိုက်တဲ့ ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်’’လို့ ကင်မ်က ဆိုပါတယ်။ ‘‘ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ပါ။ ကျွန်မဟာ နောက်တစ်ကြိမ် ရှင်သန်ဖို့အခွင့်အရေးကို ပိုင်ဆိုင်လာခဲ့တယ်။ ကျန်းမာတဲ့၊ ကောင်းချီးမင်္ဂလာ ပြည့်စုံတဲ့၊ သူတစ်ပါးကို ကူညီရင်း ဂုဏ်ယူနေခွင့်ရတဲ့ ဘဝမျိုးမှာ ရှင်သန်ဖို့ပေါ့’’လို့ သူက ပြောပြခဲ့ပါတယ်။
_Ref: CNN
7Day Daily
0 comments:
Post a Comment