Wednesday, June 17, 2015

" နတ်ဝတ်ပုဆိုး တိမ်မီးခိုး "


လူတို့သည် အမှန်တရားကို ချစ်ကြသည်ဟူ၍ကား ဆိုကြပါ၏။ သို့သော် အမှန်တရားကို တကယ်သိမြင်အောင် လွတ်လွတ်လပ်လပ် ၊ ရဲရဲရင့်ရင့် ဆန်းစစ်ဝံသူကား ရှားပါးလှပါသည်။မိမိနှစ်သက်စွဲယူထားသောဝါဒကိုသာလျှင် အမှန်ဟု ဆုပ်ကိုင်ထားပြီး ဖြစ်နေတတ်သည်။မိမိကိုင်စွဲထားသောအယူဝါဒကိုဘုရားရှင်ဟောကြားသောတရားဓမ္မများနှင့်တိုက်မစစ်ကြည့်လိုကြ။ဘုရားဟောထားသော တရားဓမ္မများကပင် မိမိအယူဝါဒနှင့်တူသယောင် အလွယ်ပြုတတ်ကြလေသည် ။ဘုရားဟောနှင့်မကိုက်ညီကြောင်း ၊ အယူဆများလွဲနေကြောင်း အခြားသူများက ဆန်းစစ်ဝေဖန်ပြလာလျှင်လည်း အသိဉာဏ်နား မျက်လုံးများပိတ်ကာ ဇွတ်မှိတ်ငြင်းဆန်တတ်ကြလေသည်။
*******************
" အရှင်ဘုရား ၊အရှင်ဘုရားရေးတဲ့ ဝေဖန်ရေးဆောင်းပါးတွေ ဓမ္မရံသီ ၊ ဓမ္မရတနာ မှာ ဖတ်ရပါတယ်။ ဘုရားမဟောပေမဲ့လဲ အချို့အတတ်ပညာတွေ ရှိနိုင်တာပဲ မဟုတ်လား "

" ဒကာကြီးဆိုလိုတာက ဘယ်လိုအတတ်ပညာမျိုးလဲ "

" ဗေဒင်ပညာတို့ ၊ နက္ခတ္တပညာ ၊ ၀ိဇ္ဇာပညာ မျိုးပေါ့ဘုရား "

" ဒကာကြီးပြောတဲ့ အတတ်တွေက ဒီခေတ်မှာမှပေါ်တဲ့ အတတ်တွေ မဟုတ်ပါဘူး ။ ဘုရားရှင်လက်ထက်ကတည်းက ရှိခဲ့ကြောင်း ပိဋကတ်စာပေများမှာ တွေ့ရပါတယ်။ ပိဋကတ်ထဲပါလို့ ဘုရားလက်ခံထားတဲ့ အတတ်တွေလို့ မထင်နဲ့နော် ။ မြတ်စွာဘုရားက ဒီအတတ်တွေဟာ အကျိုးမဲ့ အချီးအနှီး အတတ်တွေအဖြစ် ဟောထားတာပါ ။ ဒီတော့ ဒီအတတ်တွေဟာ ရှိရှိ မရှိရှိပေါ့ ။ရှိရင်လည်း ကောင်းကျိုးပြုနိုင်တဲ့အတတ်တွေလား ……၊ မပြုနိုင်တဲ့အတတ်လားဆိုတာ ဝေဖန်ကြည့်ကြတာပေါ့ "

" ဒါပေမဲ့ကိုယ်တော် ၊ ကိုယ်တော်တို့ ဘယ်လောက်ပဲရေးရေး ၊ ဒီပညာကို အများကလက်ခံထားကြတာဆိုတော့ ကိုယ်တော်တို့ပဲ အမုန်းခံရမှာပေါ့ "

"ဒါကတော့ မဆန်းလှပါဘူး ဒကာကြီးရယ် ။ လောကဓံတရားဆိုတာ ဘုရားကိုတောင်မှ အလွတ်မပေးသေးတာ ။ မမှန်တာကြီးကို အများလက်ခံထားတာနဲ့ပဲ လျစ်လျူရှုထားရတော့မလား ။ ဦးဇင်းတို့ကိုယ်တိုင် တစ်ချိန်ကမှားဖူးခဲ့တယ် ။ ဒီလိုအမုန်းခံပြီး ရေးကြဟောကြတဲ့ ရဟန်းဆရာ ၊ လူဆရာတွေရဲ့ စာတွေ၊တရားဟောတာတွေကို ဖတ်ရ ၊ နာရလို့ အခုလိုအသိမှန်လာတာ "

" ဟော…အခုကိုယ့်အလှည့်ရောက်ပြီ ၊ ဒါကြီးကိုမှားမှန်းသိနေလျက်နဲ့ ရေငုံနှုတ်ပိတ်နေမယ်ဆိုရင် ဦးဇင်းတာဝန်မကျေရာ ကျမှာပေါ့ ။ ဦးဇင်းကိုယ်၌ကလဲ ဒီအလုပ်ဟာမွန်မြတ်တဲ့အလုပ် ၊ ကုသိုလ်ရတဲ့အလုပ်လို့ ယုံကြည်တဲ့အတွက် ရေးရတာပဲ "

" ကုသိုလ်လိုလို့ရေးချင် ၊ ဟောချင်ရင်လဲ တရားအကြောင်းတွေ ရေးပေါ့ဘုရား "

"ဟ…ဒကာကြီးရ ။ မြတ်စွာဘုရားရဲ့ အဆုံးမသာသနာအကြောင်း ရေးနေတာ တရားအကြောင်းရေးနေတာပေါ့ ။ ဦးဇင်းရဲ့စာဖတ်ပြီး လူတစ်ယောက် အမြင်မှန် ၊ အသိမှန် ရသွားမယ်ဆိုရင် ဦးဇင်းလည်းကုသိုလ်ရပြီပေါ့ ။ ဒါတရားပေါ့ ။ ဒကာကြီးက ရုပ် နာမ် အကြောင်းပါမှ တရားလို့ထင်နေတာလား။ ရုပ် နာမ် အကြောင်း ၀ိပဿနာအကြောင်းလဲ ဦးဇင်းရေးပါတယ် "

" ကိုယ်တော့ကိုတော့ တားလို့ရမှာမဟုတ်ပါဘူးလေ ။ တပည့်တော်က စိုးရိမ်လို့ပြောတာပါ "

" ဒကာကြီးက ဦးဇင်ကို စိုးရိမ်ရုံတင်ပဲလား ၊ ဒကာကြီးမှာကော ဒီအယူမျိုးရှိနေလို့လား "

" တပည့်တော်က ယုံလွန်အားကြီးတယ်လို့လဲ မဟုတ်ပါဘူး ။ ဒါပေမဲ့ တချို့နေရာတွေမှာ သူတို့နည်းတွေက မှန်နေတော့ ပယ်လဲ မပယ်ချင်ဘူး "

" အဲဒါ ဒကာကြီး မပြတ်သားတာပဲ ။ရှင်းရှင်းပြောရရင်တော့ ဒကာကြီးဟာ မြတ်စွာဘုရားကို မယုံကြည်သေးတာပဲ "

" ဟာ..အရှင်ဘုရားကလဲ ဘုရားကိုတော့ ယုံပါတယ် "

" ဘုရားကိုယုံရင် တခြားကိုမယုံဘူး ဒကာကြီး ။ ကဲ..ဒကာကြီးကို ဦးဇင်းနဲနဲ သုံးသပ်ပြမယ်။ တချို့က ယတြာချေလို့ ၊ နတ်ကနားပေးလို့ စီးပွားတက်လာတယ်လို့ ထင်ကြတယ်။သူတို့လက်တွေ့ အလုပ်လုပ်နေတဲ့ ဉာဏ်အား ၊ ၀ီရိယ အားကိုတော့ ပြန်မကြည့်တော့ဘူး။ဘာမှမလုပ်ဘဲ ထိုင်နေကြည့်ပါလား ။ရှင်းပါတယ်။ဘာမှဖြစ်လာမှာမဟုတ်ဘူး "

" လူတစ်ယောက်ရဲ့ချမ်းသာ ၊ဆင်းရဲ ဆိုတာ အတိတ်ကံ ၊ပစ္စုပ္ပန်ကံကလဲ အကြောင်းတစ်ချက်အနေနဲ့ ပါသေးတယ်။ ကံဆိုတာလဲ အဲဒ်ီလူ စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ ကောင်းမှု ဆိုးမှု အလုပ်တွေကိုပြောတာ။ ဒါကြောင့် ဒီဘ၀ချမ်းသာ ဆင်းရဲဆိုတာ အတိတ်ကံ ၊ ဒါမှမဟုတ် ပစ္စုပ္ပန် ကံရယ် ၊ ဉာဏ် ၀ီရိယတွေရဲ့ အကျိုးဆက်တွေပါ "

" ဒီလိုမှမဟုတ်ဘဲ ယတြာချေလို့ ၊ နတ်ကနားပေးလို့ ၊ဘိုးတော်ဘွားတော်မစလို့ ၊ ဒါမှမဟုတ် နှိပ်ကွပ်လို့ ဆိုရင်တော့ ကံကို မျက်ကွယ်ပြုရာကျပြီး မိစ္ဆာဒိဋ္ဌိ ဖြစ်သွားရော ။ဗုဒ္ဓဘာသာအမည်ခံထားပေမဲ့ သူ့မှာ ကမ္မဿကတာ သမ္မာဒိဋ္ဌိ မရှိတော့ဘူး။အဲဒါယတြာတွေ ၊ နတ်ကနားတွေရဲ့ ဆိုးကျိုးပဲ "

" ဒကာကြီးတို့လို ၀ိပဿနာတရား အားထုတ်နေသူတွေက ဒီအယူဝါဒတွေကို ရှင်းထားသင့်တယ်။ဒိဋ္ဌိစေတသိက်ပါဝင်တဲ့ စိတ်ကို အရကောက်တဲ့အခါ အဲဒီလိုမှားယွင်းတဲ့ အယူဝါဒတွေကို ယုံကြည်တဲ့စိတ်လို့လည်း ကောက်ရတယ်။ပြီးတော့ သမ္မာဒိဋ္ဌိဆိုတဲ့ ပညာငါးမျိုးမှာ ကမ္မဿကတာသမ္မာဒိဋ္ဌိ ပညာဟာ အခြေခံပညာပဲ ။ ၀ိပဿနာပညာက နောက်မှလာတာ ။ ဗုဒ္ဓဘာသာရဲ့အစဟာလဲ ကံ၊ကံ၏အကျိုးကို ယုံကြည်တဲ့ ဉာဏ်ပဲ "

" ယောဂီကြီးတစ်ဦးဟာဆိုရင် တရားစခန်းပြီးလို့ ကိုယ့်နေရာကို ပြန်ဖို့အရေးတောင် ရက်ရာဇာရွေးပြီးမှ ပြန်သတဲ့။ကလေးအမေတစ်ယောက်ဆိုရင်လဲ သူ့ကလေးနေမကောင်းဖြစ်လို့ ဆေးရုံတက်ကုတာ ၊ ကလေးကျန်းမာလို့ ဆရာဝန်က ဆေးရုံဆင်းခွင့်ပြုတာတောင် လဆန်းတစ်ရက်နေ့မို့လို့ မဆင်းဘူးတဲ့။ကဲ..အဲဒါဝါဒမှားတွေရဲ့ မှိုင်းတိုက်မှုကြောင့်ပဲ "

" တောထွက်ကိုယ်တော်ကြီးတစ်ပါးဆိုရင် ပိဋကတ်သုံးပုံမှာ ဗေဒင်တစ်ပုံပါတယ်တဲ့။ဘယ်လောက် ဆိုးဝါးလိုက်သလဲလို့။သူအယူမှားတာက သူတစ်ယောက်တဲ နစ်နာတာမဟုတ်ဘူး။ဘုန်းကြီးဆိုရင် ဘာသာရေးခေါင်းဆောင်အဖြစ် လူတွေက သတ်မှတ်ထားတော့ ဘုန်းကြီးကစမှားရင် နောက်မှာမှားမဲ့လူတွေက တန်းစီနေပြီလေ။ဘယ်လောက်အန္တရာယ်ကြီးလိုက်လဲ "

" ပြောလက်စနဲ့ ထပ်ပြောလိုက်အုံးမယ်။ စာတတ်ပေတတ်လို့ အများက ကြည်ညိုလေးစားနေကြတဲ့ ဆရာတော်ကြီးတစ်ပါးဆိုရင် သူနေမကောင်းခဏခဏဖြစ်တာ ဂြိုဟ်သက်ရောက်မကောင်းလို့တဲ့။သူ့ဟာသူ အစားမှားလို့လား၊ ရာသီဥတုကြောင့်လား ၊ ကိုယ်တိုင်က အနေအထိုင်မတတ်လို့လား မဆင်ခြင်ဘဲ ကမ္ဘာနဲ့ မိုင်သန်းချီဝေးတဲ့ ဂြိုဟ်က လူသန်းပေါင်းများစွာနေတဲ့ ကမ္ဘာပေါ်မှာ သူ့ကိုမှ အကောင်းအဆိုး လုပ်ပေးရသတဲ့လား။ မြတ်စွာဘုရားက ' ကောင်းတာလုပ်နေတဲ့အချိန်မှာ ကောင်းသောနက္ခတ် ၊ ကောင်းသောဂြိုဟ် ၊ ကောင်းသောမုဟုတ် ' လို့ဟောထားလေတော့ ဂြိုဟ်မကောင်းဘူးဆိုရင်တော့ သူမကောင်းတာ လုပ်နေလို့ပဲ "

" ဟာ…အရှင်ဘုရားကလဲ "

" ဟုတ်တယ်လေ ၊ သူပြောပုံနဲ့ ဘုရားဟောထားတာနဲ့က အဲဒီလိုကြီးဖြစ်နေတာကိုး။ဒကာကြီးတို့အိမ်မှာ ကြွက်ရှိလား "

" ရှိတာပေါ့ အရှင်ဘုရားရယ် ၊ သောင်းကျန်းလွန်းလို့ ၊ အရှင်ဘုရားကိုလဲ ကန်တော့ပါရဲ့။ ထောင်ချောက်နဲ့ ဖမ်းနေရတယ်ဘုရား "

" အေး..အဲဒါပဲ ။ အစားအသောက်တွေ ပစ္စည်းတွေကို ကိုယ့်ဟာကိုယ် အသိမ်းမတတ်လို့ သက်ရှိကြွက်ကကိုက်တဲ့အခါ 'သြော်..သူ့ခမျာတိရစ္ဆာန်ပဲလေ၊ဘယ်သိပါ့မလဲ၊လှူတယ်လို့ သဘောထားပါတယ် ' ဆိုပြီး အသင့်တင့်နှလုံးသွင်းလိုက်ရင် ကုသိုလ်တောင် ရနိုင်သေးရဲ့။အခုတော့ အဆိပ်ခတ်သတ် ၊ ထောင်ချောက်ဖမ်းသတ်နဲ့ ပါဏာတိပါတ ကံကို ရဲရဲကြီး ကျူးလွန်ကြတယ်။ ဟော..ဘုရားပေါ်က ဂြိုဟ်ကြွက်ရုပ်ကိုကျတော့ ရေချိုးပေးရတာနဲ့ ၊ အစာခွံ့ရတာနဲ့ ။အံမယ်..တချို့များဆို ရှိခိုးတောင် ရှိခိုးလိုက်သေးရဲ့ "

" အဲဒ်ီလို အယူမှားနေတဲ့ ဆရာတွေက မွေးထုတ်ပေးလိုက်မယ့် သူတို့တပည့်တွေအတွက်တော့ ရင်လေးစရာပဲဒကာကြီး။ကိုယ်တော်ကလေးတစ်ပါးဆိုရင် ဒီဂြိုဟ်တွေကိုပဲ သွားပူဇော်နေသေးတယ်လေ။လုပ်ကြံပြောနေတာမဟုတ်ဘူးနော်။ဒီပုဂ္ဂိုလ်တွေဟာ လက်ညှိုးထိုးပြလို့ရတဲ့ ဦးဇင်းပတ်ဝန်းကျင်မှာပဲ ရှိနေတာ။ဒါတွေကို တွေ့နေလျက်နဲ့ မပြောဘဲနေရင် ဦးဇင်းဘုရားသားတော် မပီသရာကျမှာပေါ့ "

" ပိုပြီးဆိုးကုန်တာက အဲဒီနတ်ကတော်တွေ ၊ ဘိုးတော်တွေက သာသနာပြု အမည်ခံလာကြတာပဲ။ ဗဟုသုတအားနဲတဲ့လူတွေက အဟုတ်ကြီးမှတ်ကုန်ကြပြီ။ အဲဒီအထဲမှာ ကိုယ်တော်တွေရော ပါနေတယ် "

" မြတ်စွာဘုရားရှင်ဟာ ယသမထေရ် အပါအ၀င် ရဟန္တာခြောက်ကျိပ်ကို သာသနာပြုမိန့်ခွန်း ဟောကြားတဲ့အခါ ' ရဟန်းတို့ ဗေဒင်ဟောကြ ၊ ဆေးကုကြ ၊ အံဖွယ်သရဲ တန်ခိုးအစွမ်းတွေပြ၍ ရွှေ ၊ငွေ ၊ အလှူခံကြ ၊ စေတီတွေတည်ကြ ၊ ကျောင်းကြီးကန်ကြီးဆောက်ပြီး သာသနာပြုကြ ' လို့ မဟောခဲ့ဘူးဒကာကြီး "

" ဘုရားရှင်ဟောကြားခဲ့တာက ' ရဟန်းတို့ ၊ ငါတို့သည် နတ်လူတို့အာရုံ ကာမဂုဏ်၌မှီသော တဏှာလောဘ ကျော့ကွင်းမှ လွတ်မြောက်ခဲ့ပြီ။သင်တို့လည်း လွတ်မြောက်ကြလေပြီ 'တဲ့ ။ ဒီစကားတော်ဟာ သာသနာပြုမဲ့ ပုဂ္ဂိုလ်တွေ ရှိသင့်တဲ့အချက်ပဲ ၊ ကိလေသာမှ မလွတ်မြောက်သေးရင် လွတ်မြောက်အောင် ကျင့်နေရလိမ့်မယ် "

" ဒါဆိုရင် စာချ ၊ စာသင် နေတဲ့ ရဟန်းတွေက ကိလေသာက လွတ်အောင် ကုန်အောင် ကျင့်နေတာမဟုတ်တော့ သူတို့က သာသနာပြုတာမဟုတ်ဘူးလား "

" စာသင်နေတယ်ဆိုတာ ဒီအကျင့်မြတ်ကို ကျင့်ဖို့ ၊ သူများကိုပြန်ဟောပြသဖို့ သင်နေကြတာဆိုတော့ သာသနာပြုတာပဲပေါ့ ဒကာကြီး ။ သူတို့ကိုယ်တိုင်လဲကျင့်ကြပြီး တပည့်တွေကိုလည်း ပို့ချတော့ ဒါလဲ သာသနာပြုတာပေါ့ ။ ပြီးတော့ ပရိယတ်ဆိုတာ သာသနာရဲ့ အရင်းအမြစ်ဖြစ်တယ်လေ။ ယသမထေရ်တို့တောင် ပရိယတ်အဖြစ် ဘုရားဆီက တရားနာယူမှတ်သား ရသေးတာပဲ "

" အဲ..ဂုဏ်လိုချင်လို့ ၊ လာဘ်လာဘလိုချင်လို့ စာချ ၊ စာသင်တယ် ဆိုရင်တော့ ဘုရားဟောထားတဲ့ ' အလဂဒ္ဓူပမသုတ် ' အတိုင်း သူတို့ထိုက်နဲ့ သူတို့ကံပေါ့။လူတွေဘက်ကလဲ ကိလေသာကုန်ကြောင်း နိဗ္ဗာန်ကိုရည်စူးပြီး သာသနာကို ထောက်ပံ့နေတာကလဲ သာသနာပြုတာပါပဲ "

" သာသနာပြုပုဂ္ဂိုလ်တွေဟာ ကိုယ်တိုင်ကလည်း ကိလေသာကုန်အောင်ကျင့်နေ ၊ ယသမထေရ်တို့ကတော့ ကျင့်ပြီးဖြစ်လို့ ဘုရားရှင်က ' ရဟန်းတို့ ၊ သင်တို့သည် မြောက်များလှစွာသော နတ်လူဗြဟ္မာသတ္တ၀ါတို့၏ လောကီ ၊ လောကုတ္တရာ ချမ်းသာစီးပွား ကောင်းကျိုးတရား ဖြစ်ပွားစေရန် ဒေသစာရီလှည့်လည်ကြကုန်လော့ ' တဲ့ "

" ဒီနေရာမှာ မြတ်စွာဘုရားရှင်ဟာ သူ့သားတော် ရဟန်းတွေကို လောကီချမ်းသာဖြစ်တဲ့ စည်းစိမ် ဥစ္စာတွေကို မရှာခိုင်းပေမယ့် သာမန်လူနတ်ဗြဟ္မာတွေအတွက်တော့ လောကီချမ်းသာကို မပယ်ခဲ့ဘူး။နည်းမှန် ၊လမ်းမှန်နဲ့ ညွန်ပြခိုင်းခဲ့ပါတယ် "

" နောက်ပြီးဘုရားရှင်က ' ရဟန်းတို့ ၊ သင်တို့သည် စ လယ် ဆုံး ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသော ၊ ထက်ဝန်းကျင် ဒုစရိုက်အညစ်ကြေးမှ ကင်းဝေးစင်ကြယ်သော ၊ သီလ ၊ သမာဓိ ၊ ပညာ သုံးပါးသိက္ခာ သာသနာတည်းဟူသော အကျင့်မြတ်ကို နတ်လူတို့အား ဟောကုန်လော့ ' တဲ့ ။ ဒါလဲ ရှင်းပါတယ်။ဘုရားလိုလားတာ က သီလ ၊ သမာဓိ ၊ ပညာ ပဲလေ "

" အဲ…ထပ်ပြီးတော့ ညွှန်ကြားထားသေးတယ် ။ ' ရဟန်းတို့ ၊ ဉာဏ်ပညာမျက်စိ၌ ကိလေသာမြူ နည်းပါးကြကုန်သော လူနတ်ဗြဟ္မာများစွာတို့သည် တရားတော်ကို မနာကြားရလျှင် မဂ်ဖိုလ် တရားထူးမှ ဆုံရှုံးကြကုန်မည် ' တဲ့ ။ လောကမှာ မဂ်ဖိုလ်ရနိုင်တဲ့ တိဟိတ်ပဋသန္ဓေပုဂ္ဂိုလ်တွေ ရှိကြတယ်ဒကာ ။ သူတို့ဟာ တရားစစ် တရားမှန်ကိုသာ ကြားနာရရင် မဂ်ဖိုလ် ရနိုင်ကြတယ်လေ "

" အဲ…အဇာတသတ်လဲ တိဟိတ်ပဲ။ဒါပေမဲ့ ဒေ၀ဒတ်ကို ဆရာတင်မှားလေတော့ ဒီဘ၀မှာ မဂ်ဖိုလ်မျိုးစေ့လေးပြုတ်သွားတာပေါ့။ဒါကြောင့် သာသနာပြုမယ့် ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကြောင့်သူများရဲ့ မဂ်ဖိုလ်မျိုးစေ့လေး ပြုတ်မသွားပါစေနဲ့။ကိုယ်ကလည်း ဆရာတင်တော့မယ်ဆို သတိထားတင်ပေါ့ "

" နောက်ဆုံးတစ်ချက်ကတော့ ' ငါဘုရားသည်လဲ ကိုယ်တိုင် တရားဟောထွက်မည် ' တဲ့ဗျာ " (တိပိဋကတ် မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓ၀င် ဒုတိယတွဲကို မှီးသည်)။

" အဲဒါဘုရားဟောခဲ့တဲ့ သာသနာပြု စံညွှန်းတွေပဲ "

" ဘုရားစေတီတည်တာကို ဦးဇင်းကန့်ကွက်နေတာ မဟုတ်ဘူးနော်။နည်းမှန်လမ်းမှန်နဲ့ တည်ကြပါ။ သာဓုခေါ်ပါတယ်။ ဆရာတော် ဓမ္မဒူတ အရှင်ပညာဇောတ ကတော့ ဘုရားစေတီတွေဟာ သာသနာမဟုတ်ဘူး။သာသနာ့မှတ်တိုင်တွေလို့ ရေးခဲ့တယ် ဒကာကြီး "

" ကဲ..စကားလဲ ရှည်သွားပြီ။ ဒကာနားလည်မလည် ၊ လက်ခံမခံ တော့မသိဘူး။ဦးဇင်းနောက်ဆုံးပြောချင်တာက သံသရာလွတ်ကြောင်း ၀ိပဿနာဆိုတဲ့ တိုက်ပုံအင်္ကျီလဲဝတ်ပါ။ သူ့ရဲ့အခြေခံဖြစ်တဲ့ ကံ..ကံ၏အကျိုးကို အကြွင်းမဲ့ ယုံကြည်ခြင်း(ကမ္မဿကတာသမ္မာဒိဋ္ဌိ)ဆိုတဲ့ ပုဆိုး လုံချည်လေးလဲ ၀တ်ပါဒကာ။ ဒါမှ ကြည့်ရ အဆင်ပြေပါလိမ့်မယ် "

" အရှင်ဘုရားပြောသလိုဆို တပည့်တော်တို့က ပုဆိုးမရှိသလို ဖြစ်နေပြီ "

" ဒကာကြီးတို့မှာ ပုဆိုးရှိပါတယ်။ ဘယ်လိုပုဆိုးလဲ ဆိုတော့.. ' နတ်ဝတ်ပုဆိုး တိမ်မီးခိုး ' လေ "

" ဟာ…အရှင်ဘုရားကလည်း "

အယူမှန်ကြပါစေ….။

အရှင်ပညာသီရိ(ရမ္မာကျွန်း)

0 comments:

Post a Comment