Wednesday, June 17, 2015

အကြာဆုံးစစ်ပွဲ မြန်မာပြည်(သို့မဟုတ်)ဆရာမြသန်းတင့်၏ တိမ်မြုပ်နေသောလက်ရာမွန်


စစ်သားတို့အိပ်မက်များမှ
ကျန်ခဲ့သောအရာမှာ
နွေ မြက်ပင်များသာ။ ။
ဗသျှိုး (ဂျပန်ဟိုက္ကူကဗျာဆရာ)

(၁)

ကျွန်တော် မကြာခဏ သတိရနေတတ်သော စာအုပ်များထဲတွင် စစ်အကြောင်းရေးထားသည့် စာအုပ်များလည်း ပါဝင်သည်။ အထူးသဖြင့် မြန်မာပြည်စစ်ပွဲများအကြောင်း၊ ကမ္ဘာစစ်ကြီးများ အကြောင်းစာအုပ်များသည် မှတ်မှတ်ရရစာအုပ်များထဲတွင် အမြဲလိုလိုပါတတ်သည်။ စစ်ဆိုသည်မှာ မကောင်းမှန်း၊ အနိဋ္ဌာရုံတို့ဖြင့် တင်းကျမ်းပြည့်နေမှန်းသိသော်လည်းစစ်စာအုပ်ဆိုလျှင်သဲသဲမဲမဲဖတ်ခဲ့သည်။ စစ်ဇာတ်ကားဆိုလျှင် မက်မက်မောမောကြည့်ခဲ့သည်။ သို့သော် ဘာကြောင့်ကြိုက်မိသည်ကို ငယ်စဉ်ကမတွေးတောဖူးခဲ့။ အတန်ငယ် အရွယ်ရောက်လာမှ ထိုသို့စွဲလမ်း နှစ်ခြိုက်ရခြင်းမှာ သမိုင်းကိုလေ့လာလို၍လည်းကောင်း၊ စစ်ကိုသိမှ ငြိမ်းချမ်းရေးကို မြတ်နိုးရမှန်း သိလာ၍လည်းကောင်း ဆင်ခြင် နားလည်မိလာသည်။ စစ်ကြောင့် ဖြစ်သောဒုက္ခသုက္ခတွေမှ သင်ခန်းစာယူစရာတွေကဒုနဲ့ဒေး။ စစ်ပွဲများက အသိကို ပြန်လည်တည့်မတ်စေမှန်း တဖြည်းဖြည်းနားလည်လာခဲ့သည်။လူ့သမိုင်းတွင် အဆိုးရွားဆုံးသောစစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ခဲ့ဖူးရာပထမကမ္ဘာစစ်ကြီးသည် ၁၉၁၄မှ ၁၉၁၈ ထိဖြစ်ပွားခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးမှာကား ၁၉၃၉ မှ ၁၉၄၅ ခုနှစ်အထိ ခြောက်နှစ်ကြာအောင် ကာလရှည်လျားစွာဖြစ်ပွားခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးသည် မကျေလည်သော ပထမကမ္ဘာစစ်၏ အဆက်ဆိုလျှင်လည်းမမှား။ လူသားသမိုင်းတွင် အဆိုပါ စစ်ကြီးနှစ်ခုသည် အဆိုးရွားဆုံးစစ်များအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထိုစစ်ပွဲကြီး နှစ်ခုအနက် ဒုတိယကမ္ဘာစစ်ကြီးသည် သက်တမ်းကာလ ပိုမိုကြာမြင့်သလို လူသားတို့၏ အရက်စက်ဆုံးအခြေအနေကို အိတ်သွန်ဖာမှောက် ထုတ်ပြခဲ့သည့်စစ်ဆိုလျှင်လည်းမမှား။ လူသားတို့၏ အသိ မိုက်မဲမှုသည် အတိုင်းအဆမဲ့ရှည်လျားခဲ့ပေသည်။ ဤစစ်ပွဲကြီး အတွင်း လူ့အသက်သန်းပေါင်း များစွာစတေးခဲ့ရသလို ယဉ်ကျေး မှုအဆောက်အအုံများ၊ လူသား မှတ်တမ်းသမိုင်းများ ပျက်စီးဆုံးရှုံး ခဲ့ရသည်။ ဂျူးလူမျိုးခြောက်သန်းကျော်အား မျိုးတုံးအောင်နာဇီတို့ အဆိပ်ဓာတ်ငွေ့ပေးသတ်ခဲ့သည် က သာဓက။ မြန်မာပြည်စစ်မြေ ပြင်တွင်လည်း တိုက်ပွဲကြီးများ ခြိမ့်ခြိမ့်ဟည်းမျှဖြစ်ပွားခဲ့ပြီး စစ်သားများသာမက အပြစ်မဲ့ ပြည်သူ ထောင်သောင်းချီ သေဆုံးခဲ့ရသည်။ ထိုစဉ်က မြန်မာပြည် စစ်မြေပြင်၌ သူသေကိုယ်သေတိုက်ခိုက်ခဲ့သော ဗြိတိသျှအချို့နှင့်ဂျပန်တို့သည် စစ်ကြီးပြီး၍ အေးအေးလူလူဖြစ်သွားသောအခါ ၎င်းတို့၏ အတွေ့အကြုံများကို စားမြုံ့ပြန်၍စစ်အကြောင်းရေးသားခဲ့ကြသည်။ အချို့က မှတ်တမ်းလိုရေးသကဲ့သို့ အချို့က ဆောင်းပါးအသွင်၊ ဝတ္ထုအသွင် ခြယ်မှုန်းရေးသားခဲ့ကြသည်။ ထိုစာအုပ်များအနက် ထင်ရှားသောစာအုပ်အချို့မှာ ဗြိတိသျှဗိုလ်ချုပ်ကြီး ဆာဝီလျံဆလင်းရေးသည့် အရှုံးမှသည် အောင်ပွဲဆီသို့ (Defeat into victory) စာအုပ်ဖြစ်သည်။ ထိုစာအုပ်လိုပင် အခြားထင်ရှားသည့်စာအုပ်မှာ မက်ဟ်ာတန်ရေး ‘မြန်မာ့တောတွင်းမှာ ရက် ၁၀၀ (The Hundred Days of LT. Machorton) ဖြစ်၏။ ထိုစာအုပ်ကို ဆရာအထောက်တော်လှအောင် ကဘာသာပြန်ခဲ့သည်။ အခြားသော စစ်နောက်ခံဝတ္ထုများမှာ ရစ်ချက်မေဆန်၏ လေသည်စာမဖတ်နိုင်(The Wind Cannot Read)နှင့် အိတ်၊ အီး၊ ဘိတ်စ်ရေးသည့် ‘ခရမ်းရောင်လွင်ပြင် (The Purple Plain)တို့ဖြစ်၏။ The Purple Plain စာအုပ်မှာ ရုပ်ရှင်အဖြစ် ရိုက်ကူးသည့်အခါ ကမ္ဘာကျော် ဇာတ်ကားဖြစ်သွားသည်။ ထိုစာအုပ်လိုပင် ဝတ္ထုမှ ရုပ်ရှင်အဖြစ် ရိုက်ရာ၌ အကျော်ကြားဆုံးမှာ စာရေးဆရာပီယာဘိုးလ်၏ ‘ကွေး မြစ်ပေါ်မှတံတား (The Bridge over The River kwai)ဖြစ်၏။ အင်္ဂလိပ်တို့က ဤသို့မြန်မာပြည် စစ်မြေပြင်အကြောင်းရေးသောအခါ ဂျပန်စစ်ပြန်များကလည်း ၎င်းတို့စစ်ခံစားမှု၊ စစ်ပွဲအတွေ့ အကြုံကိုရေးကြပြန်သည်။ စစ်ပြန် စာရေးဆရာတကာမီက ‘မြန်မာ ဒိုင်ယာရီ (Burma Diary)ဆိုသည့် စာအုပ်ရေးသည်။ အထင်ရှားဆုံး စာအုပ်မှာ ဆရာရဲမြလွင်ဘာသာပြန်သည့် မြန်မာ့စောင်း (Harp of Burma)စာအုပ်ဖြစ်သည်။ ထိုစာအုပ်သည် ကမ္ဘာကျော်ခဲ့သလို ရုပ်ရှင်အဖြစ်အသက်သွင်း ပြန်သည့်အခါလည်း အလွန် အောင်မြင်ခဲ့သည်။ ရေးသူမှာ တာကီယာမာမီချိအိုဖြစ်သည်။ မဟာမိတ်တို့လိုက်တိုက်၍ သေပြေးရှင်ပြေးပြေးနေရသည့် အချိန်တွင် မြန်မာ့စောင်းတူရိယာကိုပိုက်ပြီး အသက်ဘေးမှလွတ်မြောက်သွားသော ဂျပန်စစ်သား လေးအကြောင်း၊ မည်သည့်အချိန် ပြန်ဖတ်ဖတ် ဖတ်ကောင်းနေသည့် စာအုပ်တစ်အုပ်။ ဤသို့လျှင် မြန်မာပြည်နှင့်ပတ်သက်သည့် စစ်သမိုင်း၊ စစ်စာအုပ်တွေကို တရှိုက်မက်မက်ဖတ်ခဲ့သော အချိန်တစ်ချိန်ရှိခဲ့ဖူးသည်။ ယခုလည်း ကြုံလျှင်ကြုံသလိုဖတ်ချင်မြဲ။ ဘာရယ်မဟုတ် စစ်စာအုပ်တွေက လူကိုစွဲလမ်းစေသည်။

(၂)

စစ်စာအုပ်တွေကို စွဲလမ်းခဲ့သော ကျွန်တော်သည် အာရုံထဲတွင် အမှတ်ရနေသည့်စာတစ်အုပ်ရှိခဲ့သည်။ စာအုပ်တစ်အုပ်ဟုပြောရမည်ထက် စစ်ဆောင်းပါးရှည် ကြီးဟုဆိုရလျှင် ပိုမိုမှန်ကန်ပါမည်။ အသက်ငယ်ငယ် မဂ္ဂဇင်းတွေကို ခုံခုံမင်မင်ဖတ်ခဲ့စဉ်က ပေဖူးလွှာမဂ္ဂဇင်းထဲတွင် လစဉ် စောင့်ဖတ်ရသော စစ်ဆောင်းပါးရှည်ကြီးတစ်ပုဒ်ရှိခဲ့သည်။ ဆရာ မြသန်းတင့်ဘာသာပြန်ဆိုသည့် အကြာဆုံးစစ်ပွဲ မြန်မာပြည်ဆိုသည့်အခန်းဆက်ဆောင်းပါးဖြစ် သည်။ လစဉ် ပေဖူးလွှာဖတ်လျှင် ထိုဆောင်းပါးကိုမမေ့။ ရှာရှာဖတ်ရသည်။ သို့သော် ဆောင်းပါး ကောင်းတုန်းရှိသေး ‘ရှေ့လဆက် ဖတ်ပါ’ဆိုသောအညွှန်းက ရင်မောသွားစေသည်။ ဖတ်ရသူမှာ အားမရ။ တဆန့်ငံ့ငံ့။ ပေဖူးလွှာတွင် ထိုအခန်းဆက်ဆောင်းပါး ဖတ်နေရင်းပင် မည်သို့ဖြစ်သည် မသိ။ တစ်နှစ်ကျော်ဖတ်ပြီးသည့် အခါပါမလာတော့။ အပြောင်းအလဲတစ်ခုမှာ ထိုကြားထဲတွင် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်သွားတာမှတ်မိသည်။ နောင် အခြေအနေတွေငြိမ်သက်သွားတော့ အခြားမဂ္ဂဇင်းတစ်စောင်စောင်မှာများ ပါလာလေမလားရှာ ဖွေကြည့်မိသည်။ မတွေ့။ ဆရာ မြန်သန်းတင့် ဆက်မရေးဖြစ်တော့ဘူးပဲထင်မိသည်။ ဤသို့လည်းမဖြစ်တန်ရာ။ သို့ဖြင့် ကြာတော့လည်း မပြီးဆုံးသေးသော ထိုဆောင်းပါးရှည်ကြီးကို မေ့မေ့ ပျောက်ပျောက်ဖြစ်လာသည်။ ဆရာမြသန်းတင့်၏စာအုပ်တွေ ဟောတစ်အုပ်၊ ဟောတစ်အုပ် ထွက်နေပေမယ့် ထိုဆောင်းပါး ရှည်စာအုပ်ကြီး ထွက်လာတာ မမြင်။ ဤသို့ဖြင့် ၁၉၉၈ ဖေဖော်ဝါရီတွင် ဆရာကွယ်လွန်သွားပါ သည်။ ဆရာမြသန်းတင့်သည် ကွယ်လွန်ချိန်အထိ စာအဆက်မပြတ်ရေးခဲ့သော စာရေးဆရာကြီးတစ်ဦးဖြစ်ပြီး စာပေါင်းစုံရေး နိုင်သူဖြစ်၏။ ဘာသာပြန်စာပေ ဖြင့် လူသိများသော်လည်း ပင်ကို ရေးစာအုပ်တွေမနည်း။ ရသအား ပြင်းပြင်းခံစားတတ်သူ၊ စာရေးခြင်းအလုပ်ကို ရုံးတက်သလို မိုးလင်း၊ မိုးချုပ် တကုတ်ကုတ် ရေးလေ့ရှိသူဆရာသည် မြန်မာစာပေလောကတွင် ယနေ့တိုင် နေလိုလလိုထင်ရှားဆဲ။ ဆရာ့ စာအုပ်တွေမပြတ်ထွက်ဆဲ။ အကြိမ်ကြိမ်ပြန်ရိုက်ရောင်းကောင်းနေဆဲ။ ထိုသို့သောအခြေအနေတွင် ငယ်စဉ်က ပြတ်တောင်းပြတ်တောင်းဖတ်ခဲ့ရသော စစ်ဆောင်းပါးရှည်ကြီးကို တစ်ခါတလေ အောက်မေ့မိပြန်သည်။ အဆုံးမှာတော့ ထိုဆောင်းပါးရှည်ကြီးကို ဆရာပြီးဆုံးအောင်ဘာသာမပြန်နိုင်ခဲ့၍သာဖြစ်လိမ့်မည်ဟု ယူဆမိသည်။ ကြာတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်လာသည်။


(၃)

တဖွဲဖွဲရွာနေသောမိုးသည် လေနှင့်အတူ သည်းထန်လာသည်။ လေရောမိုးပါ ဝုန်းဒိုင်းကြဲပြီ ဆိုပါက ထီးဘယ်လောက်ကောင်းကောင်း မိုးမလုံတော့။ သို့ဖြစ်ရာ နီးစပ်ရာသွားနေကျစာအုပ်ဆိုင်ဆီ တက်သုတ်နှင်ရသည်။ ဆိုင်ရှေ့ရောက်၍ ကိုယ်ကို မိုးလုံသွားပြီဆိုတော့ ထီးကိုအသင့်ချထားသောပုံးထဲထည့်ကာ ဆိုင်အတွင်းဝင်လိုက်သည်။ ဟိုဟိုသည်သည်လျှောက်ကြည့်ရင်း မျက်လုံးအစုံက စာအုပ်အသစ်တွေဆီရောက်သွားသည်။ ထိုစဉ်မှာပဲ မထင်မှတ်တာတွေ့လိုက်ရသည်။ မြသန်းတင့်၊ အကြာဆုံးစစ်ပွဲ မြန်မာပြည် စာအုပ်ကြီးက ခံ့ခံ့ထည်ထည်ကြီးတည်ရှိနေသည်။ မယုံနိုင်သလို စာအုပ်ကိုငေးကြည့်ရင်း ဟုတ်မှဟုတ်ပါလေစဟု ကိုင်တွယ်ပွတ်သပ်မိသည်။ အမှန်ပင် မပြီးဆုံးသေးသော ဆောင်းပါးရှည်ကြီးဖြစ်သည်။ စာအုပ်ကို အလျင်စလိုလှန်လှောဖတ်ကြည့်တော့ စာမျက်နှာခြောက်ရာကျော်ဖြင့် အလုံးစုံပြီးဆုံးအောင် ဘာသာပြန်ဆိုထားသောလက်ရာကို တွေ့ရသည်။ သြော် . . . ဆရာသည် သူလုပ်ရမည့်အလုပ်ကိုပြီးဆုံးအောင်လုပ်ခဲ့ပါလားဟု သိလိုက်၏။ ဟုတ်ပါသည်။ ဆရာမြသန်းတင့်သည် ထိုဆောင်းပါးရှည်ကြီးကို အပြီးတိုင်ပြီးဆုံးအောင် မကွယ်လွန်မီရေးသားခဲ့ကြောင်း အမှာစာဖတ်မှသိရသည်။ ဆရာဘာသာပြန်ဆိုရေးသားပြီး နှစ်ပေါင်း ၂၅ နှစ်ကျော်မှ ထွက်လာသည့်စာအုပ်၊ ဆရာမြသန်းတင့်ကွယ်လွန်ပြီး ၁၅ နှစ်ကျော်မှ ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေသည့်စာအုပ်၊ တစ်ကြိမ်တစ်ခါမျှမထွက်သေးဘဲတိမ်မြုပ်နေသည့် လက်ရာမွန်၊ ထူထူထဲထဲ၊သပ်သပ်ရပ်ရပ်စီစဉ်ထုတ်ဝေထား၍ အံ့သြဝမ်းသာဖြစ်ရသည်။

တစ်ဆက်တည်း အချိန်တွေ ဤမျှကြာပြီးမှထွက်လာခြင်းကိုလည်း အံ့သြနေမိသည်။ အကြောင်းတရားများ တိုက်ဆိုင်ခါမှ အကျိုးဖြစ်ထွန်းစေခဲ့ပြီလား။ ထိုနေ့က မိုးတိတ်တော့ ကျွန်တော့်လက်ထဲစာအုပ်ကြီးပါလာသည်။ ငယ်ငယ်တုန်းကလို တရှိုက်တမက်ဖတ်ကြည့်ရဦးမည်။

(၄)

အကြာဆုံးစစ်ပွဲမြန်မာပြည် (၁၉၄၁-၁၉၄၅)မူရင်းစာအုပ် (Burma:The Longest War)ရေး သူသည် လူဝီအယ်လင် (Louis Allen) သည် ဒုတိယကမ္ဘာစစ်ကြီး အတွင်း ဗြိတိသျှဗိုလ်ချုပ်ဝီလျံ ဆလင်း၏ အမှတ်(၁၄) တပ် မတော်မှ ထောက်လှမ်းရေးအရာ ရှိတစ်ဦးဖြစ်သည်။ ထို့နောက် မြန်မာပြည်တိုက်ပွဲများတွင် ကိုယ် တိုင်ပါဝင်ခဲ့ပြီး စစ်ကြီးပြီးသော အခါ တပ်မှထွက်ကာ စာတွေရေးခဲ့သူ၊ ယခုစာအုပ်မတိုင်မီရေးခဲ့သော (Sittang: The Last Battle. The End of The Japanese in Burma)ဆိုလျှင် ဦးတင်မောင်ရင် (မဟာဝိဇ္ဇာ)က စစ်တောင်းမှာ နောက်ဆုံးတိုက်ပွဲဟု မြန်မာပြန်ပြီးဖြစ်၍ စာဖတ်သူများမစိမ်း၊ စစ်ကြီးဖြစ်တုန်းကအသက် (၂၂) နှစ်သာရှိသေးသော လူဝီအယ်လင်သည် ယခုစာအုပ်ကိုအသက် ၇၀ ကျော်မှရေးခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဂျပန်ဘာသာစကားလည်း တတ်ကျွမ်းသောလူဝီအယ်လင်သည် ယခုစာအုပ်ကိုရေးရာ၌ ကိုယ်တွေ့အတွေ့အကြုံများအပြင် စစ်သမိုင်းမှတ်တမ်းများ၊ စစ်သမိုင်း စာအုပ်အများအပြားနှင့်တိုက်ဆိုင်ညှိနှိုင်းခြင်း၊အခြားစာရေးဆရာများ မလုပ်နိုင်သော ဂျပန်ဘာသာဖြင့်ရေးထားသည့် အထောက်အထား အချက်အလက်တို့ပါ ညှိနှိုင်းပေါင်းစပ်၍ မြန်မာပြည်အတွက် အပြည့်အစုံဆုံးသော ဒုတိယကမ္ဘာစစ် မှတ်တမ်းကြီးကို ရေးသားနိုင်ခဲ့ ခြင်းဖြစ်၏။ ယခုစာအုပ်မတိုင်မီက မြန်မာပြည်စစ်မြေပြင်အကြောင်း ရေးသားသည့်စာအုပ်များပေါ် ထွက်ခဲ့သော်လည်း ဤစာအုပ်လောက်မစုံ။ ဆိုရလျှင် ဗိုလ်ချုပ်ကြီးဝီလျံဆလင်းရေးသားသော (Defeat into Victory)စာအုပ်ကြီးပင်လျှင် စစ်အကြီးအကဲ တစ်ဦးအဖြစ် အပေါ်စီးကရှုမြင်ထားပြီး အောက်ခြေစစ်သားများဘဝ၊ ဂျပန်တပ်သားများဘဝ စုံစေ့အောင်မပါ၍ အစုံလင်ဆုံး စာအုပ်ဟုပြောမရကြောင်း ဆရာမြသန်းတင့်က မိတ်ဆက်အမှာတွင်ရေးထားသည်။ ယခုဖတ်ရသည့်အခါ ဆရာ့စကားမှန်ကန်ကြောင်းတွေ့ရပေသည်။ ယခု လူဝီအယ်လင်၏ စာအုပ်သည်ကား ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင်အကြောင်း အစုံတကာ့အစုံဆုံးဟုပြောရချေမည်။ လူဝီအယ်လင်သည် ယခု စာအုပ်ကိုရေးရာ၌ မြန်မာပြည်သို့ ဂျပန်တပ်များနှင့် ဗမာ့တပ်မတော် တပ်များ စတင်ဝင်ရောက်ချိန် ၁၉၄၁ နှစ်ကုန်ပိုင်းမှစ၍ မြန်မာ ပြည်လွတ်လပ်ရေးရသည့် ၁၉၄၈ အထိ စစ်အတွင်းနှင့် စစ်ပြီးခေတ်အထိ အသေးစိတ်ရေးထားခဲ့သည်။ ဂျပန်ဗိုလ်ချုပ်ကြီးတာကီ အူချီဦးဆောင်သော ဂျပန်တပ်များ စစ်ကြောင်းများ ခွဲ၍ မြန်မာပြည်တွင်းဝင်ရောက်လာစဉ် ဆုတ်ပြီး ရင်းဆုတ်ခဲ့ရသော ဆလင်းဦးဆောင်သည့် ဗြိတိသျှတပ်မတော် သည် မြေလှန်မီးရှို့စနစ်သုံးကာ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ချောက်၊ ရေနံချောင်းတို့ရှိ ရေနံတူးစင်များကို ဖျက်ဆီးမီးရှို့ကာ ချင်းတွင်းမြစ်ကိုဖြတ်၊ ချင်းတောင်တန်းများကိုကျော်၍ တစ်ဖက်အိန္ဒိယနိုင်ငံထဲသို့ အဆင့်ဆင့်ဆုတ်ပေးခဲ့ရပုံကို တစ်ဆင့်ချင်းအသေးစိတ်ဖတ်ရသည်။ တစ်ဆက်တည်း လိုက်လံတိုက်ခိုက်သော ဂျပန်တပ်များသည် မြန်မာပြည်သိမ်းပြီးပါက နယူးဒေလီထိတိုင် တက်သိမ်းဖို့ကြံရွယ်ပြီး ဒလစပ်လိုက်လံတိုက်ခိုက်ခဲ့သည်။ ကျန်စစ်မျက်နှာပြင်တစ်ခုဖြစ်သော ကချင်နယ်နှင့်ရှမ်းပြည်ဘက်တွင်လည်း အမေရိကန်ဗိုလ်ချုပ်စတီးဝဲလ်ခေါင်းဆောင်သည့် တရုတ်တပ်များကတစ်ဖက်၊ ဂျပန်များက တစ်ဖက် သဲကြီးမဲကြီးစစ်ပွဲများဆင်နွှဲနေကြသည်။ တရုတ်ပြည်၏ အဓိကဆိပ်ကမ်းမြို့ကြီးများကို ဂျပန်တို့က သိမ်းယူထား၍ချန်ကေရှိတ်သည် အမေရိကန်ဗိုလ်ချုပ်စတီးဝဲလ်နှင့်တွဲကာ ဂျပန်တို့ကိုတွန်းလှန်နေရသည်။ လက်နက်တင်ပို့ရန် ရန်ကုန်ဆိပ်ကမ်းမှ ယူနန်ပြည်နယ် ကူမင်းထိတိုင်ပေါက်အောင် လီဒိုလမ်းမကြီးကိုဖောက်ကာ ခဲယမ်းမီးကျောက်များတင်ပို့ရသည်။ ထိုသို့သော အခြေအနေတွင် မြန်မာပြည်တွင်း၌ တပ်တွေကစုံလှသည်။ ဆလင်း၏တပ်မှာပင် ဗြိတိသျှလူမျိုးများ၊ အာဖရိကလူမည်းများ၊ အိန္ဒိယ နိုင်ငံသား ပန်ချာပီနှင့် ဂေါ်ရခါးများသာမက ချင်းတိုင်းရင်းသားများလည်း ပါဝင်၏။ ဂျပန်တို့ကို တိုက်နေသော တရုတ်တပ်များကို အမေရိကန်စစ်ဗိုလ်များက အုပ်ချုပ်၏။ ထို့ကြောင့် မြန်မာပြည် စစ်မြေပြင်သည် လူမျိုးပေါင်းစုံဝင် ရောက်တိုက်ခိုက်သော စစ်တလင်းပြင်ဖြစ်ခဲ့သည်။ မြန်မာပြည်ထဲမှ အရှက်တကွဲအကျိုးနည်း ဆုတ်ခွာခဲ့ရသော ဗိုလ်ချုပ်ဆလင်းသည် အိန္ဒိယဘက်ခြမ်း ကိုဟီးမားနှင့် အင်ဖာ၌ အခိုင်အမာတပ်စွဲကာ ဂျပန်တို့ကို ရဲရဲဝံ့ဝံ့ပြန်တိုက်သည်။ အရှေ့တောင်အာရှကို လက်ဦးမှု ရယူထားသော ဂျပန်သည် အိန္ဒိယ တိုက်ကြီးကို သွားရေတများများမက်နေ၏။ ထို့ကြောင့် စစ်ဦးဘီလူးကျွံကာ အင်ဖာနှင့်ကိုဟီးမားကိုတိုက်လေသည်။ သို့သော် စစ် အင်အားနှစ်သိန်းခွဲမျှစုဆောင်း ထားပြီးဖြစ်သော ဆလင်းက ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံ၏။ ကိုဟီးမား - အင်ဖာတိုက်ပွဲများသည် အာရှတိုက်ပွဲများတွင် အသေအပျောက်အများဆုံးနှင့် အပြင်းထန်ဆုံးတိုက်ပွဲများဖြစ်ခဲ့သည်။ ဂျပန်တို့ကား အတွက်မှားသွားခဲ့လေပြီ။ သည့်အတွက်ကြောင့်လည်း တန်ဖိုးကြီးကြီး ပြန်လည်ပေးဆပ်ခဲ့ရသည်။ ဆလင်း၏တပ်များသည် အရှေ့တောင် အာရှစစ်သေနာပတိချုပ်လော့ဒ် မောင့်ဘက်တန်၏ အကူအညီ အစီအစဉ်ဖြင့် ဂျပန်တပ်မတော် ကြီးကို တွန်းလှန်နိုင်ခဲ့ပြီး စစ်ရေး ချိန်ခွင်လျှာပြောင်းလဲနိုင်ခဲ့သည်။ သည်တစ်ခါ ထွက်ပြေးရသည်က ဖက်ဆစ်ဂျပန်တို့ဖြစ်ချေသည်။ ထိုအချိန်ဝယ် ဗမာ့တပ်မတော် ကလည်း ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲနေပြီဖြစ်ရာ ဂျပန်တို့အဖို့ အပြင်စည်းတွင်သာမက အတွင်း စည်းထဲကပါ တိုက်ခိုက်မှုကြုံရ၍ အထိနာတော့သည်။ ဂျပန်တွေ ခွေးပြေးဝက်ပြေးပြေးကြပြီ။ စစ် တောင်းလွင်ပြင်၊ စစ်တောင်းမြစ် ဝှမ်းတိုက်ပွဲသည်ကား ဂျပန်တပ် မတော်ကြီးအတွက် သင်္ချိုင်းမြေ ဖြစ်ခဲ့ရသည်။ ဗိုလ်ချုပ်ကြီး ဆလင်းတွင် ဗိုလ်ချုပ်ဝင်းဂိတ်နှင့် သူ၏ချင်းဒစ်တပ်တွေလို သတ္တိရှိသူတွေမနည်း။ ထို့ကြောင့် မဟာမိတ်တို့သည် မြန်မာပြည် စစ်မြေပြင်တွင် တစ်စထက်တစ်စ အားသာလာသည်။ နောက်ဆုံး တွင် ဂျပန်တို့သည် အသေအပျောက်သောင်းနှင့်ချီ၍ မြန်မာပြည်မှ ထွက်ပေးခဲ့ရ၏။ ကိုဟီးမား -အင်ဖာတိုက်ပွဲတွင် ဂျပန်တပ် အင်အားတစ်သိန်းကျော်ပါဝင် တိုက်ခိုက်ခဲ့ပြီး ငါးသောင်းကျော် သေကျေခဲ့ရသည်။ မဟာမိတ်တို့ ဘက်ကလည်း တစ်သောင်းခွဲကျော်၊ နှစ်သောင်းနီးပါးကျဆုံးခဲ့ရ သည်။ အင်းတော်တိုက်ပွဲ၊ မိတ္တီလာတိုက်ပွဲများကလည်း ကြောက် ခမန်းလိလိ၊ မန္တလေးနန်းတွင်း၌ ဂျ ပန်တို့ ကျားကုတ်ကျားခဲခုခံနေ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ ဂျပန်များအတုံးအရုံးသေကျေပြီး နန်းတော်ကြီးလည်း မီးဟုန်း ဟုန်းတောက်ခဲ့သည်။ ရန်ကုန်ကို ပြန်လည်သိမ်းယူချိန်မှာတော့ ဂျပန်တစ်ကောင်တစ်မြီးမျှမကျန် တော့။

စာရေးသူလူဝီအယ်လင်သည် ယခုစစ်သမိုင်းကြီးကိုရေးသားရာ၌ အထက်ဖော်ပြပါ အဖြစ်အပျက်များကို တိုက်ပွဲ တစ်ပွဲချင်းစီ၊ အဖြစ်အပျက်တစ်ခုချင်းစီ အသေးစိတ်ဖော်ပြထားသဖြင့် ဖတ်ရသူအဖို့ အချို့နေရာများ၌အသည်းတထိတ်ထိတ်ရင်တဖိုဖို။ စစ်အနိဋ္ဌာရုံတွေကို ဖွဲ့နွဲ့ရာတွင်လည်း ပေါ်လွင်လွန်းလှသည်။ လူဝီအယ်လင်ကိုယ် တိုင် စစ်ကြီးအတွင်းပါခဲ့၍ ကိုယ်တွေ့အဖြစ်အပျက်များဆိုလျှင် လည်းမမှား။ ကမ္ဘာစစ်ကြီးသည် မည်မျှခက်ခဲကြမ်းတမ်းခဲ့သနည်းဟုဆိုရလျှင် ဂျပန်တပ်များဆုတ်ခွာခြင်းကိုတစ်နေရာတွင် ယခုလိုရေးထားသည်။

စုတ်ပြတ်နွမ်းနယ်နေသော တပ်များသည် တောင်ပေါ်လမ်းများအတိုင်း ဒယီးဒယိုင်ဖြင့် ဆုတ်ခွာလာခဲ့ကြသည်။ လက်နက်များလည်းမရှိတော့။ ဒဏ်ရာအကြီး အကျယ်ရသူတို့မှာမူ လမ်းဘေးတွင် လဲကျကျန်ရစ်ခဲ့ကြသည်။ ကုသခြင်းမပြုရသောဒဏ်ရာများမှ ဝေဒနာ၊ ပြင်းပြသောဆာလောင် ငတ်မွတ်မှု၊ ၀မ်းကိုက်ရောဂါနှင့် ငှက်ဖျားရောဂါကြောင့် မခံမရပ်နိုင်ကြတော့ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် မိမိတို့အနီးမှ ဖြတ်သွားသောတပ်သားများထံမှ လက်ပစ်ဗုံးများကို တစာစာတောင်းနေကြသည်။ အချို့မှာကား ထိုသို့ပင် အသံထွက်၍ မတောင်းနိုင်တော့။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့မှ အနာများတွင် လောက်တွေတဖွားဖွားတက်လျက် လမ်းဘေးတွင် လဲကျနေကြသည်။ ဟု စစ်အနိဋ္ဌာရုံကို ကွက်ကွက်ကွင်းကွင်းရေးထားသည်။ ထို့အတူ စစ်ကြီးကြောင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ်ပျက်စီးရပုံကိုလည်း မှတ်တမ်းတစ်ခု၌ တောထဲရှိ ကွက်လပ်ကလေးထဲတွင် တဲပျက်တွေပြန့်ကျဲလျက်ရှိသည်။ အချို့မှာ ထိုတဲစခန်းများတွင် နားရင်း သေသွားခဲ့ကြသည်။ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်သေဆုံးနေကြသော မိခင်နှင့် ကလေးငယ်တို့ကို ကျွန်တော်မြင်ခဲ့ရသည်။ အခြားတဲတစ်လုံးတွင် မီးဖွားရင်းတန်းလန်းသေဆုံးနေသော မိခင်တစ်ယောက်ကိုမြင်ခဲ့ရသည်။ ကလေးငယ်မှာအပြင်သို့ တစ်ပိုင်းထွက်လျက် ဟု ဖော်ပြထားသည်။

စစ်ရေးအခြေအနေများနှင့် အတူ မြန်မာပြည်နိုင်ငံရေးအဖြစ် အပျက်များကိုလည်းလူဝီအယ်လင်မမေ့။ စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် ၀င်အချို့အကြောင်းပါသည်။ ဒေါက်တာဘမော်၊ ဂဠုန်ဦးစောတို့ကိုလည်း မေ့မထား။ ဗမာ့တပ်မ တော်ပေါ်ထွန်းလာအောင် စီစဉ် ဆောင်ရွက်ပေးသော ဗိုလ်မိုးကြိုး (ဗိုလ်မှူးကြီး ဆူဇူကီး) အပါအဝင် ဂျပန်စစ်ဗိုလ်ချုပ်များဖြစ်သော အီဒါ၊ တာကီအူချီ၊ တာကီမူရာ၊ မူတာဂူချီ၊ ဆာတိုးနှင့် စစ်သေနာပ တီချုပ်ကာဝါဘီအကြောင်းပါ သည်။ ကိုယ့်ကိုယ်ကိုယ်သတ်သေ သွားသော ဗိုလ်ချုပ်မိဇူကာမီ အ ကြောင်းပါသည်။ မဟာမိတ်ဘက် က ဆိုလျှင်လည်း လော့ဒ်မောင့်ဘက်တန်၊ ဝီလျံဆလင်း၊ စတီး ၀ဲလ်၊ ဝင်းဂိတ်၊ အယ်လိပ်ဇန်ဒါ၊ ဝေဗယ်တို့လို စစ်ဗိုလ်ချုပ်ကြီးများ ပါသည်။ တရုတ်ခေါင်းဆောင်ချန် ကေရှိတ်နှင့် သူ၏ တပ်မှူးများဖြစ် ကြသော ဗိုလ်ချုပ်ကြီး လိုချိုယင်း နှင့် လင်းဝေတို့ပါ ပါဝင်ထား၍ တပ်ပေါင်းစုံ စစ်ဗိုလ်ချုပ်များအ ကြောင်းသိရသည်။ စစ်သမိုင်း၊စစ် အကြောင်းစာအုပ်ဆိုသော်လည်း မူရင်းစာရေးဆရာ လူဝီအယ်လင်သည် ရသကိုပစ်မထား။ အလျဉ်း သင့်လျှင်သင့်သလို ထည့်သွင်း ရေးသွား၍ တစ်မျိုးတစ်ဖုံ ဝတ္ထု ဆန်နေသည်။ လူဝီအယ်လင်၏ အရေးအသားကို ဆရာမြသန်း တင့်က တစ်နေရာတွင် ဤသို့ပြန် ဆိုရေးထားသည်။ ဗိုလ်ချုပ်စမိုက်သည် မြောက်ဘက်နှင့် အနောက်ဘက်ပင်လယ်ဘက်သို့မျှော်ကြည့် မိသည်။ မုတ္တမပင်လယ်ကွေ့အ လွန်တွင် ရန်ကုန်ရှိသည်။ အုန်း ပင်တွေပေါက်နေသည့် ကမ်းရိုး တန်းတစ်လျှောက်တွင် ချောင်းငယ်၊ မြောင်းငယ်တွေ ရှုပ်ယှက်ခတ်လျက်။ စိမ်းလန်းသော မြက်ခင်းစားကျက်များထဲတွင် အစာ စားနေသော နွားအုပ်များကိုမြင်ရ သည်။ အရောင်စုံတောက်ပနေသည့်လိပ်ပြာကြီးများသည် မြစ်ကမ်းစပ်ကလှေများ၊ သမ္ဗန်များ ကြားထဲတွင် လူးလာဝဲပျံနေကြသည်။ ဗျိုင်းတို့က သောင်စပ်တွင် လမ်းသလားလျက်။ တောင်စောင်းမှ စေတီများသည် နေခြည်နုနုထဲတွင် ဖွေးဖွေးပေါ်နေကြသည်ဟု ရသမြောက်စွာရေးထားသည်။

ကျွန်တော်သည် စာအုပ်အထူကြီးကို ငေးကြည့်ရင်း၊ အတွေး နယ်ချဲ့နေမိသည်။ ထိုသို့ရသ အရေးအဖွဲ့များပါဝင်နေ၍သာ မပျင်းမရိဖတ်နိုင်သော စာအုပ်ဖြစ်ရသည်ဟု ထင်မြင်နေမိသည်။ မူရင်းစာရေးဆရာ၏ ရသပါသော အရေးအသားနှင့် ဘာသာပြန်ဆိုသူ ဆရာမြသန်းတင့်၏ ရသခံစားမှုအားပေါင်းစပ်ထား၍သာ စစ်အတွင်း အဖြစ်အပျက်များနှင့် စစ်ကြောင့်ဖြစ်သော စိတ်ခံစားမှုများကို ကွက်ကွက်ကွင်းကွင်းပေါ်လွင်အောင်ဖတ်ရသည်ဟုလည်း နှစ်ထောင်းအားရဖြစ်မိသည်။ ထိုစာအုပ်မျိုးသည် စစ်နှင့်ဆိုင်သော၊ စစ်ကိုရှောင်ကွင်းမရသောသူများသာမက ငြိမ်းချမ်းရေးလိုလားတောင့်တသူများ၊ မြန်မာ့နိုင်ငံရေးနှင့် မြန်မာ့သမိုင်းလေ့လာသူများ မဖတ်မဖြစ်ဖတ်ရမည့် စာအုပ်မျိုးဖြစ်သည်။ စစ်သေနင်္ဂဗျူဟာများသာမက ဒုတိယကမ္ဘာစစ်ကြီးအတွင်း တိုင်းပြည်မည်သို့ ဖြစ်ပျက်ခဲ့သည်ကို အစုံလင်ဆုံးသိနိုင်သောစာအုပ်။ စစ်ကြောင့် ဖြစ်ပေါ်ရသည့်ဆိုးကျိုး အနိဋ္ဌာရုံများမှ သင်ခန်းစာယူဖွယ်၊ ဆင်ခြင်သုံးသပ်ဖွယ် အကောင်းဆုံးသောစာအုပ်။တစ်နည်းအားဖြင့် ဆရာမြသန်းတင့်ကွယ်လွန်ပြီး ၁၅ နှစ် ကျော်ကြာမှ ရှားရှားပါးပါးထွက်လာသည့် လက်ရာမွန်စာအုပ်အဖြစ် မြတ်မြတ်နိုးနိုးသိမ်းထားရပါမည်။ မြန်မာပြည်ကား စစ်ညောင်းခဲ့ချေပြီတကား။


7Day Daily

0 comments:

Post a Comment