Thursday, June 18, 2015

မြန်မာ့ဘောလုံး ရွှေခေတ် ဘယ်တော့ရောက်မှာလဲ


ဗိုလ်လုပွဲကြည့်ရှုနေသည့် ရန်ကုန်မှ ပရိသတ်များ (ဓာတ်ပုံ – ဧရာဝတီ)

စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၈ ကြိမ်မြေအာက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းတွင် ယူ-၂၃ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းသည် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် ၃ ဂိုး၊ ဂိုးမရှိ ဖြင့် ရှုံးနိမ်ခဲ့ရသည်။

ဇွန်လ ၁၅ ရက်နေ့ ပြိုင်ပွဲမစတင်မီ ရန်ကုန်မြို့ အပါအဝင် နိုင်ငံတဝန်းတွင် မြန်မာဘောလုံးအသင်း ယှဉ်ပြိုင်သည့် ဗိုလ်လုပွဲ စဉ် အတွက် ပြည်သူ သန်းပေါင်းများစွာက အုတ်အော်သောင်းတင်း အုံးအုံးကျွက်ကျွက် အားပေးခဲ့ကြသည်။မြန်မာ့ဘောလုံး ရွှေခေတ်ဟုဆိုရမည့် ၁၉၅၉ ခုနှစ်မှ ၁၉၇၅ အထိ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းသည် ၅ ကြိမ်တိုင်တိုင် ရွှေတံဆိပ်ဆုကို ဗိုလ်စွဲနိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်း တွင် တော့ ရွှေတံဆိပ်ဆု ဗိုလ်စွဲနိုင်ခြင်း မရှိတော့ပေ။

နှစ်ပေါင်း ၄၂ နှစ်ကာလအထိ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲတွင် ရွှေတံဆိပ် ဝေးကွာခဲ့ရပြီး ၁၉၉၃ ခုနှစ်၊ ၂၀ဝ၇ ခုနှစ်တို့တွင် ဆီးဂိမ်း ဗိုလ်လုပွဲအထိ တက် ရောက်နိုင်ခဲ့သော်လည်း ၂ ပွဲစလုံးတွင် ထိုင်းအသင်း ကိုရှုံးနိမ့်ကာ ငွေတံဆိပ်ဖြင့်သာ ကျေနပ် ခဲ့ရသည်။ ယခု ၂၀၁၅ ခုနှစ် ၂၈ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ တွင်လည်း ထိုင်းအသင်းကို ထပ်မံ ရှုံးနိမ့် ခဲ့ရပြန်သည်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ LED TV ကြီးရှေ့တွင် လာရောက်အားပေးခဲ့ကြသော ထောင် ပေါင်းများစွာ ပြည်သူများမှာ ဗိုလ်လုပွဲ ကိုကြည့်ရှုရင်း ငိုင်ကျသွားသည်။ ငိုသူတွေက မျက်ရည်လည်ရွှဲဖြင့် ငိုကြ၊ တောက်ခေါက်သူကလည်း မချိတင်ကဲ တောက်ခေါက်ကြ။ မြန်မာအသင်း၏ အရှုံးကို အားမလို အားမရ မချိတင်ကဲ ဖြစ်ကြသော်လည်း အရှုံးကို လက်ခံကြသည်။ မျိုးချစ်စိတ် အပြည့်ဖြင့် မြန်မာ အသင်းကို အားပေးနေကြသော်လည်း ဘောလုံးစွမ်း ရည်၊ ကစားကွက်၊ ကစားနည်းနှင့် တဦးချင်း ကျွမ်း ကျင်မှု သာလွန်သော ထိုင်းအသင်းကို မယှဉ်နိုင်မှန်း အားလုံးက နားလည်လက်ခံကြသည်။

မြန်မာဘောလုံး ရွှေခေတ် ဘယ်တော့ရောက် မှာလဲဆိုသော မေးခွန်းက ဘောလုံးချစ် ပြည်သူ သန်းပေါင်းများစွာ ရင်ထဲတွင် အဖြေမရှိသောမေးခွန်း တခုအဖြစ် ဆက်လက်ရပ်တည်နေဆဲပင်။ ဆီးဂိမ်း ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသော မြန်မာ ဘောလုံးလောကအတွက် ပြန်လည် ပြင်ဆင်ရမည့် အချက်များနှင့် ပတ်သက်၍ ဘောလုံး အားကစားနည်း ကျွမ်းကျင်သူများကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါသည်။

ဦးခင်မောင်ထွေး (ပျဉ်းမနား)
ဝါရင့် အားကစားကလောင်ရှင်

ကျနော်တို့ကလေးတွေကစားတာ ပထမပိုင်းမှာ ကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ တော်တော် လေးကို ကစား အားကျသွားတာ တွေ့ရတယ်။ကစားသမားတွေလည်း အမှားတွေဖြစ်တတ်ပါတယ်။ နောက်ပြီး ရှေ့တန်းမှာ ကစား တဲ့သူတွေကလည်း ဘောလုံးပေးပို့မှုတွေမှာ အပျက်တွေ များနေခဲ့ပါ တယ်။ အဝေးဘောတွေကနေ ဂိုးသွင်းဖို့လုပ်ရင်း ဘောလုံးတွေ ဖြုန်းပစ်တာပဲပေါ့။ နောက်တန်းနဲ့ ဂိုးသမားကတော့ အပြစ်ပြောလို့မရဘူး။

ကျနော်ပြောချင်တာကတော့ ရှေ့တန်းကစား သမားတွေပါပဲ။ အစကတည်းကလည်း ထိုင်းကို နိုင်မယ်လို့ မမျှော်မှန်း ထားရဲပါဘူး။ ဘာပဲဖြစ်ဖြစ် ယူ-၂၃ အသင်းအနေနဲ့ အချိန်တိုအတွင်းမှာ ဒီနေရာ ရောက်အောင် လုပ်နိုင်တာကိုပဲ ကျေးဇူး တင်ပါတယ်။ သူတို့အသင်းက စဖွဲ့တဲ့အချိန်မှာ တလ ၂ လ လောက်ပဲ ပြင်ဆင်လေ့ကျင့်ချိန် ရခဲ့တာဖြစ်ပါတယ်။

အနာဂတ်အတွက် လူငယ်တွေ မွေးထုတ်ဖို့ စီမံကိန်းတွေ၊ အကယ်ဒမီတွေလုပ်ရမယ်။ အခုတော့ ကျနော်တို့ကလေးတွေမှာ ကစားဖို့ ဘောလုံးကွင်း တွေတောင် မရှိကြပါဘူး။ ရှိတဲ့ကွင်းတွေကလည်း ကောင်းကောင်းကစားဖို့ အဆင့်မမီ တာတွေမျိုး တွေ ရှိပါတယ်။ ဒီလို အခြေခံကျတာတွေကနေစပြီးလုပ်ဖို့ လိုနေပါပြီ။

ဦးခင်မောင်လတ်
ဥက္ကဋ္ဌ၊ KBZ FC

ကျနော်တို့အသင်း ထိုင်းကိုရှုံးပြီး ရွှေနဲ့ လွဲခဲ့ပေ မယ့် အဆိုးကြီးတော့ မဟုတ်ခဲ့ပါဘူး။ သူတို့နဲ့ကွာ သွားတာက တဦးချင်း ကစားပုံနဲ့ အပေးအယူအချိတ် အဆက်လေးတွေမှာ ကျနော်တို့ကလေးတွေ အား နည်းခဲ့တာ တွေ့ရပါတယ်။ ကျနော် တယောက် တည်း အနေနဲ့ကတော့ ဒီရလဒ်ကိုကျေနပ်ပါတယ်။ အရင် ထဲကလည်း ထိုင်းနဲ့တွေ့မယ်ဆို ကျနော် တို့ဘက်မှာ နိုင်ခြေက ၂၀ ရာခိုင်နှုန်းလောက်ပဲရှိပြီး သူတို့ဘက် မှာ ၈၀ ရာခိုင်နှုန်းလောက် ရှိတာပါ။

မျိုးချစ်စိတ်နဲ့သာ ကျနော်တို့ အနိုင်ရလဒ်ကို မျှော်လင့်ပြီး အားပေးခဲ့ကြတာပါ။ ဂိုးသမားက ၁၀ ယောက် နဲ့ ၁ ယောက် ကန်ခဲ့ရသလိုပါပဲ။ အခုကစပြီး နည်းစနစ်တွေ၊ တဦးချင်းစွမ်းရည်တွေကို ပိုကောင်း လာအောင် ကြိုးပမ်း လုပ်ဆောင် ကြမယ် ဆိုရင် ကျနော်တို့ဘက် ရောက်လာမှာပါ။ အခုဒုတိယလည်း မနည်းပါဘူး။ ပွဲထွက်ကစားသမားတွေနဲ့ အရန်ကစား သမားတွေရဲ့ကြားက ကွာဟမှုတွေ နည်းလာအောင် လုပ်ဆောင်ကြရပါမယ်။ ခုလို ဗိုလ်လုပွဲမှာ ထိုင်းကို ရှုံးခဲ့တယ် ဆိုပေမယ့် ကျနော်အနေနဲ့ တဂိုးလောက် ပြန်ရဖို့တော့ မျှော်လင့်ခဲ့မိပါတယ်။

ဦးမျိုးလှိုင်ဝင်း
မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း

ထိုင်းကိုတော့ အနိုင်ရဖို့မလွယ်ဘူးလို့ အစက တည်းက ပြောခဲ့တာတွေရှိပါတယ်။ ဘာလို့လဲဆို တော့ သူတို့က ကိုယ့်ထက် အစစအရာရာ သာလွန် နေခဲ့တာပါ။ ကျနော်တို့ဆီမှာ နည်းစနစ်ပိုင်းရော၊ တဦးချင်းမှာပါ ပြန်ပြီးပြင်ဆင်ရမယ့် အပိုင်းတွေ အများကြီးရှိပါသေးတယ်။ နောက်ပြီး ကျနော်တို့ ကလေးတွေ တရက်ခြား တပွဲနှုန်းနဲ့ ကစားခဲ့ရတဲ့ အတွက် သူတို့မှာ အင်အားလည်း နည်းနေပါပြီ။ ဒီနေ့ကစားသွားတာ သူတို့မှာအကုန်ပါပဲ။ ကျနော်တို့ ဒီလောက်လုပ်နိုင်တာကိုပဲ ကျေနပ် တယ်၊ ကျေနပ် တယ်ဆိုပြီး ဒီနေရာမှာတင် ရပ်နေလို့မရပါဘူး။

ဒီနေရာကို ရောက်လာတဲ့အခါမှာ ကျနော်တို့ရဲ့ လိုအပ်ချက်တွေ၊ အမှားတွေကို ပြန်လည်ပြင်ဆင်ရမှာ ပါ။ ဒီပြိုင်ပွဲဟာ ၂ နှစ်တခါ ပြိုင်တဲ့ပွဲဖြစ်တဲ့အတွက် ကျနော်တို့ အမှားတွေပြန်ပြင်ပြီး ပြိုင်ပွဲကို ထပ်ပြိုင် ရဦးမှာပါပဲ။ လက်ရှိမှာတော့ ယူ-၂၃ က အကောင်းဆုံးကစားသွားခဲ့ပါပြီ။ သူတို့ကို ကျနော်အနေနဲ့ကတော့ ဂုဏ်ပြုချင်ပါတယ်။ နောက် ပြိုင်ပွဲတွေအတွက် အခုက စ ပြီး ပြင်ဆင်ရပါမယ်။

ဦးစိုးမင်း
မန်နေဂျာ၊ မကွေးယူနိုက်တက်အသင်း

ကျနော်တို့ကလေးတွေ ရှုံးခဲ့ပေမယ့် အားလုံး စည်းစည်းလုံးလုံး ကစားနိုင်ခဲ့ကြပါတယ်။ ထိုင်းနဲ့က တဦးချင်း ကစား တဲ့နေရာ မှာ ကွာသွားတာပါ။ ယူ-၂၃ အနေနဲ့ ရှိတဲ့အင်အားနဲ့ အကောင်းဆုံးလုပ်နိုင်ခဲ့တယ် လို့ မြင်ပါတယ်။ သူတို့အနေနဲ့ ဒီအသင်း ကို တည် ဆောက်တဲ့နေရာမှာ အချိန်နည်းခဲ့ပါတယ်။ နည်းပြချုပ် ဦးကြည်လွင်နဲ့ ဦးသန်းတိုးအောင်တို့ အနေနဲ့ လည်း ရှိတဲ့ကစားသမားတွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်သွားနိုင်တာပါ။

ဘောလုံးကိုသာ တစိုက်မတ်မတ် လုပ်ခဲ့တဲ့ ဦးကြည်လွင်အနေနဲ့ အသီးအပွင့်တွေကို ပြန်ခံစားရ တာပါ။ သူလုပ်နိုင်ခဲ့ တာပါ။ သူ့ကိုချီးကျူးရမှာပါ။ ဒီအသင်းက တချို့ဆို MNL မှာတောင် မကစားဖူး သေးတဲ့သူတွေ ပါပါတယ်။ ကျနော်တို့တွေ ဒီပုံစံအတိုင်း ဆက်ပြီးကြိုးစားသွားကြရင် ဖြစ်လာမှာပါ။ ဒီကလေးတွေရဲ့ အားသာချက်က သူတို့ အစွမ်းကုန်ပေးဆပ် ကစား ခဲ့ကြပါတယ်။ အဲ့အတွက်လည်း သူတို့ ဒီအဆင့်အထိ တက်လှမ်းနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော့်အနေနဲ့တော့ ဂိုးသမား ကို ချီးကျူးချင်ပါတယ်။

ဧရာဝတီ

0 comments:

Post a Comment