ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈)ကို ပြင်ဆင်ပေးဖို့ အဓိကအားဖြင့် တိုင်းရင်းသားတွေက တောင်းဆိုနေကြတာပါ။ ဘာကိုလိုလို့လဲ ဆိုတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင် စီရင်အုပ်ချုပ်ခွင့် တိုးမြှင့်ရရှိစေဖို့လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈)မှာ နောက်ဆက်တွဲဇယား (၁)(၂) (၃)(၅)ဆိုတာ ရှိပါတယ်။ ယေဘုယျ သဘော ပြောရရင်တော့ ဇယား(၁)က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆ ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ပြည်ထောင်စု ဥပဒေပြုစာရင်း ဖြစ်ပါတယ်။ ဇယား (၂)က ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈၈ ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း ဖြစ်ပါတယ်။ ဇယား (၃)ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၆ ရဲ့ နောက်ဆက်တွဲဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရဲ့ ဥပဒေပြုစာရင်း ဖြစ်ပါတယ်။ ဇယား (၅)ကျတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် များ ကောက်ခံရမယ့် အခွန်အခများ စာရင်းဖြစ်ပြီး ပုဒ်မ ၂၅၄ ရဲ့ နောက်ဆက် တွဲဖြစ်ပါတယ်။ ဒီဇယား(၁)က အချို့ကို ကျန်ဇယား (၂)(၃)တို့သို့ မျှပေးပြီး ဇယား(၅)ကို အခွင့်အလမ်း တိုးပေးဖို့ အတွက် အခြေခံဥပဒေကို ပြင်ပေးပါ ဆိုပြီး တိုင်းရင်းသားတွေက တောင်းဆိုကြတာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ပေးမှရမှာပါ။ အခြေအနေ အလိုက် ပြင်နိုင်တယ်ဆိုတာ သိပြီးကြ ပါပြီ။ဒီ့ပြင် တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တစ်ခုက ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ ခန့်ထားခြင်းနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ လွှတ်တော်ကနေ ရွေးချယ် တင်မြှောက်ပိုင်ခွင့် ရချင်တာကို တွေ့ရပါတယ်။ ဒီ ၆ ပွင့်ဆိုင်တို့၊ ၄၈ ပွင့်ဆိုင်တို့ ပြောကြဆိုကြ ဆွေးနွေးကြတဲ့ ရည်ရွယ်ချက်ကလည်း အတွင်းကျကျ သတင်း နှိုက်ကြည့်လိုက်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ဆိုရင် နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကတိကိုရချင်လို့လို့ ယူဆနိုင်ပါတယ်။ မသင့်မလျော်ပြိုင်ပွဲ မဟုတ်ရင် ပြီးတာပါပဲ။
၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ရေးဆွဲခဲ့တာပါ၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတို့ရဲ့ အုပ်ချုပ်မှုစနစ်ကို လေ့လာပြီး ပါလီမန် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နည်းနည်းလေး ရှင်းပြရမယ်ဆိုရင် နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဆိုပြီးတော့ ကဏ္ဍသုံးရပ် ရှိပါတယ်။ နိုင်ငံတော်သမ္မတဟာ သီးခြား နိုင်ငံ့ဥသျှောင် အနေနဲ့ နေရပြီး အုပ်ချုပ်ရေး အာဏာပိုင်ဟာ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ အဲဒီတုန်းက လူမျိုးစု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စု ပါလီမန်ဆိုပြီးတော့ လွှတ်တော် ၃ရပ် ခွဲခြားထားပါတယ်။ အကျဉ်းချုပ်ပဲ တင်ပြရမယ်ဆိုရင် သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများဟာ အုပ်ချုပ်ရေး အာဏာကို တာဝန်ယူရသလို ဥပဒေပြုရေး အာဏာ ရယူထားတဲ့ ပါလီမန်မှာလည်း သူတို့ပါဝင်ကြပါတယ်။ ဆိုတော့ကာ ပါလီမန်ဟာ နိုင်ငံ့အရေး အရာတွေကို အုပ်ချုပ်ရေး ရော၊ ဥပဒေပြုတာရော တွဲလုပ်တော့ အာဏာရှင် ပါလီမန်ဖြစ်လာပြီး အာဏာရပါတီ အတွင်းမှာတောင် အကွဲအပြဲဇာတ်လမ်းဆိုးကြီး ဖြစ်လာခဲ့တယ်။ လွတ်လပ်ရေးရပြီးခါစမှာပဲ ပြည်တွင်းသောင်းကျန်းမှုတွေ မြင့်မားနေသလို နိုင်ငံရေးလမ်းကြောင်းကလည်း အက်ကွဲကြောင်းတွေနဲ့ တည်ငြိမ်မှုပျက်ပြား နေခဲ့ပါတယ်။ သမိုင်းမှတ်တမ်းတွေ ရှိပြီးသားပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)ကို နိုင်ငံတွင်းမှာရှိတဲ့ အစုအဖွဲ့ပေါင်း ၈ ခုက ကိုယ်စားလှယ်ပေါင်း ၁ဝ၈၆ ဦး (လက်နက်ကိုင် တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များမှ ကိုယ်စားလှယ်ပေါင်း ၁ဝ၅ ဦး အပါအဝင်) တက်ရောက် ဆွေးနွေးညှိနှိုင်းပြီးမှ အခြေခံမူတွေချပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဖြစ်ပေါ်ခဲ့တဲ့ ပါလီမန် ဒီမိုကရေစီစနစ်နဲ့ ကွဲပြားတဲ့ သမ္မတ အုပ်ချုပ်တဲ့စနစ်ကို ပြောင်းယူပါတယ်။ ဒီသမ္မတကတော့ နိုင်ငံရဲ့ ဥသျှောင်ဖြစ်သလို အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။ သို့သော်လည်း ပါလီမန်ဒီမိုကရေစီစနစ်နဲ့ ကွားခြားချက်ကတော့ ပါတီအသီးသီးကနေ ရွေးကောက် တင်မြှောက်လိုက်တဲ့ သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများဟာ စတင်တာဝန် ထမ်းဆောင်တာနဲ့ အမျိုးသား နိုင်ငံရေးကိုသာ လုပ်ကြရပြီး ပါတီလုပ်ငန်းလည်း မလုပ်ရ၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါကလည်း နုတ်ထွက်ရတဲ့ပုံစံ ဖြစ်ပါတယ်။ သမ္မတဟာ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ အနေနဲ့ အုပ်ချုပ်ရေး တာဝန်ယူ၊ လွှတ်တော်များသည် ဥပဒေပြုရေး တာဝန်ယူ၊ တရားရေး ကဏ္ဍက သီးခြားရပ်တည်ပြီး တရားစီရင်ရေး ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ သို့သော်လည်း ဒီလို ဆောင်ရွက်တဲ့နေရာမှာ အမှားအယွင်းတွေ မရှိအောင်၊ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အကျင့်တွေ ရအောင်၊ အချင်းချင်း အပြန်အလှန် ထိန်းကျောင်း နိုင်အောင်ဆိုတဲ့ အခြေခံမူကိုချမှတ် ပေးထားပါတယ်။ ဒီပြဋ္ဌာန်းချက်လေးတော့ သိစေချင်လို့ တင်ပြလိုက်ပါတယ် -
''ပုဒ်မ ၁၁။
(က) နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်။
(ခ) ထိုသို့ ပိုင်းခြားထားသည့် နိုင်ငံတော် အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည်။''
ပြည်ထောင်စု လွှတ်တော်က အများပြည်သူတွေ လေ့လာဖို့ဆိုပြီး ၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နဲ့ ၁၂ ရက်များမှာ ထုတ်ပြန်ထားတဲ့ ဥပဒေ (မူကြမ်း)တွေကို ကျွန်တော် လေ့လာကြည့်မိပါတယ်။ ပြည်သူများသို့ ကျွန်တော် နားလည် တာကိုလည်း ရှင်းလင်း တင်ပြချင်ပါတယ်-
(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ပထမဥပဒေ (မူကြမ်း)ဟာ ပုဒ်မ ၄၃၆(က) ပြင်ဆင်ဖို့လို့ ဆိုပါတယ်။
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဒုတိယဥပဒေ (မူကြမ်း)ဟာ ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ဖို့လို့ ဆိုပါတယ်။
(၃) ဥပဒေ(မူကြမ်း)တွေဟာ မပြင်တော့မလိုလို ပြင်တော့မလိုလိုနဲ့ ဝေဖန်ပြစ်တင်သံ ဆူညံဆူညံကြားကနေ ရုတ်တရက် ထွက်ပေါ် လာတာဟာလည်း ဖြစ်ရိုးဖြစ်စဉ်လို့ပဲ ယူဆရမလား၊ ထူးခြားနေ သလား၊ Political Player တွေကတော့ ကောင်းကောင်း သိနိုင် ပါတယ်။
(၄) ဒီဥပဒေ(မူကြမ်း) ၂ ခုရဲ့ ရည်ရွယ်ချက်ကတော့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ အုပ်ချုပ်ပုံစနစ်ကို ၁၉၄၇ ခုနှစ်ကကဲ့သို့ ပါလီမန်ဒီမိုကရေစီစနစ်အသွင် ပြန်ပြောင်းဖို့ ကြိုးစားတာဖြစ်ပါတယ်။ ဒီလိုပြောင်းဖို့ လိုတယ်လို့ သုံးသပ် ဆောင်ရွက်စေတဲ့ ပဲ့ကိုင်ရှင်တော့ရှိပါလိမ့်မယ်။ အခြေခံဥပဒေ က လွတ်လပ်စွာသဘောကွဲခွင့်ရှိတယ်လို့ ဆိုထားတာပဲ။ သို့သော်လည်း ပါလီမန်ဒီမိုကရေစီစနစ်ရဲ့ အားနည်းချက်တွေ ကြောင့် အကွဲအပြဲတွေဖြစ်ပေါ်ခဲ့ကာ၊ အာဏာရှင်ပါလီမန်ပုံစံ ရောက်သွားခဲ့ရတယ်ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) မှာ အချုပ်အခြာအာဏာရဲ့ အာဏာ ၃ ရပ်တို့ကို သီးခြားမဏ္ဍိုင် များအဖြစ် ခွဲဝေအပ်နှင်းထားပါတယ်။ ယခုတစ်ခါပြန်ပြီး ဒီအာဏာရှင်ပါလီမန် ဒီမိုကရေစီစနစ်ပုံစံကို ပြန်ပြောင်းလဲလို ခြင်းဟာ အလွန်စဉ်းစားသင့်တဲ့ကိစ္စ ဖြစ်နေပါပြီ။ ပြည်သူ့အတွက် ဟုတ်ရဲ့လား၊ အခြားရည်မှန်းချက် ရှိနေသလား။
(၅) တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈)ကို ကာကွယ်ပေး ဖို့ တာဝန်ရှိတယ်ဆိုတာကိုတော့ ထိထားတာ မတွေ့ရပါဘူး။ သို့သော်လည်း ဒုတိယ သမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ခွင့် ရတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို လုံးဝပိတ်ပင်ဖို့ ကြိုးစားထားပါတယ်။
(၆) တပ်မတော်သားတွေကို ပြည်ထောင်စုဝန်ကြီး ခန့်အပ်ဖို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ တပ်မတော်သားထဲကပဲ ရွေးချယ်ခန့်အပ်ရမယ်လို့လည်း ဆိုထားပါတယ်။
(၇) နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများဟာ အမျိုးသား နိုင်ငံရေးပဲလုပ်ရမယ်၊ ခန့်အပ်ခံရတဲ့ နေ့ကနေစပြီး ပါတီလုပ်ငန်းများ မဆောင်ရွက်ရ၊ လွှတ်တော် ကိုယ်စားလှယ် မဖြစ်စေရဆိုတဲ့ အချက်တွေကို ဖျက်ပစ်လိုက်ပါတယ်။ ဆိုလို တာက လွှတ်တော်သည်သာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ ကြီး ၃ ရပ်လုံးကို ထိန်းတော့မယ် ဆိုတဲ့သဘော ပုံဖော်ယူလိုခြင်းပဲ ဖြစ်တယ်လို့ နားလည်မိပါတယ်။ ဒုတိယဥပဒေ(မူကြမ်း)ရဲ့ အပိုဒ် (၁၂)မှ (၂၄)အထိ လေ့လာကြည့်ရင် ထူးခြားတဲ့ အသိတစ်ခု ဝင်လာမှာပါ။ နိုင်ငံတော်၏ အထွတ်အထိပ် အာဏာကို ရရှိသည် ဆိုတဲ့ သမ္မတနဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင်ဝ န်ကြီးတွေဟာ ပင်မ တာဝန်ကို မလုပ်ရတော့ဘဲ လွှတ်တော်ကို အချိန်ပြည့်တက်ပြီး လွှတ်တော်ဥက္ကဋ္ဌက ခိုင်းတာကိုပဲ လုပ်ကြရမယ်လို့များ ဆိုလိုပါသလား။ မျက်စိတစ်ဆုံး ကြည့်ရုံနဲ့တောင် ရင်လေးမိတယ်။ ဒါကြီး များ အတည်ပြုလိုက် နိုင်သည်ရှိသော် ရှေ့ကာလအဝေးကြီး အတွက် မတွေးဝံ့နိုင်အောင်ပါဘဲ။
(၈) ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကဲ့သို့မျိုး သမ္မတကို ရုပ်ပြအဖြစ်သာ ထားပြီး ဝန်ကြီးချုပ် တစ်ယောက်လည်း ခန့်ဖို့ ဆက်ပြီးလုပ်မလား စောင့်ကြည့်ရဦးမှာပါ။ ဒါဘာဖြစ်လို့လည်း ဆိုတော့ ဒီဥပဒေ(မူကြမ်း) ၂ခု အောင်မြင်မယ်ဆိုရင် ဆက်လုပ်မယ့် သဘောပါပဲ။ ဒါမှမဟုတ်ရင် ဖဲသုံးချပ်ကစားသလို တွက်ချက်ပြီး လွှတ်တော်ဥက္ကဋ္ဌ ကြိုရွေးထားသလား။ နိုင်ငံတော်ကို အာဏာရှင် ပုံစံတစ်ရပ်ဆီသို့ တွန်းပို့ချင်တဲ့ တစ်စုံတစ်ယောက်ရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်များအရ ဒါတွေ ပေါ်ပေါက်လာသလား ဆိုတာ စဉ်းစားစရာပါ။ ဥပဒေ(မူကြမ်း)ကို ထုဆစ် ဖန်တီးသူတွေက ငြင်းကြပါလိမ့်မယ်၊ အများသဘောတူနဲ့ လုပ်တာပါ၊ အစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ပြီး ဆုံးဖြတ်ပါတယ်လို့ ဆိုပြီးတော့။ ပြည်သူ့အကျိုး အတွက် အဝေဖန်ခံနိုင်တဲ့ ဥပဒေဖြစ်ဖို့က အဓိကပါ။
ကျွန်တော် တင်ပြချင်တာလေး ရှိပါတယ်။ သမိုင်းကို ဘာလို့သင်လဲလို့ မေးတဲ့အခါ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ''မအအောင်လို့'' လို့ ဖြေထားတာ ကျွန်တော်တို့ နှစ်နှစ်ခြိုက်ခြိုက် သဘောကျခဲ့မိတယ်။ ဒါကြောင့် ကျွန်တော်ဟာ သမိုင်း စာအုပ်စာတမ်းတွေကို ဖတ်ရှုစုဆောင်းလေ့ ရှိတယ်။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ကာလသုံးပါးမှာ အတိတ်က မကောင်းတာတွေကို ပယ်ရှားပြီး အနာဂတ် ပိုင်စိုးသူတွေဟာ ဆင်ခြင်တုံတရား အပြည့်နဲ့ နိုင်ငံ ကောင်းအောင် ဖန်တီးလျက် အနာဂတ်မျိုးဆက်သစ်တွေအတွက် အမွေခံ ကောင်းတွေ ပေးရမယ်လို့ဆိုပါတယ်။ စီမံဆုံးဖြတ်ပိုင်ခွင့် ရထားသူတွေ အနေနဲ့လည်း အားလုံးပညာရှိ သတိဖြစ်ခဲဆိုသလို ဖြစ်မှာစိုးလို့ တင်ပြချင်တာက လူတစ်ယောက်ဟာ မြစ်တစ်ခုထဲကို နှစ်ခါခုန်ဆင်းလို့ မရဘူးဆိုတဲ့ စကားပုံလိုပါပဲ။ အသစ်အသစ်သော အမွေခံမျိုးဆက်သစ် လူငယ်လူရွယ် တွေကို နိုင်ငံတော်ကို လက်ဆင့်ကမ်း လွှဲအပ်ပေးခဲ့ရာမှာ မကောင်းပါဘူးဆိုတဲ့ သမိုင်း ပြကွက်ဟောင်းကြီးကိုပဲ ပုံဖော် လွှဲပေးသွားမယ်ဆိုရင် ကိုယ်တာဝန်ရှိလို့ ကိုယ်တစ်ယောက်တည်း နစ်နာတာအကြောင်း မဟုတ်ပါဘူး။ ဆင်းရဲမှုနွံထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံသားတွေ အတွက် အလေးထား ကာကွယ် ပေးဖို့ လိုလာပါပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈)ပြင်ဆင်ရေး ဆောင်ရွက်ဖို့အတွက် ဥပဒေ(မူကြမ်း)ကို ပြည်သူတွေလက်ထဲ ပို့လိုက်ပါပြီ။ ပြည်သူတွေ အနေနဲ့လည်း ပကတိအရှိကို လေ့လာပြီး ရှေ့နောက်ဝေဖန်ကြဖို့လိုမှာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ဥပဒေတိုင်းရဲ့ အခေါင်အချုပ်၊ နိုင်ငံတော်ကို ပုံဖော်တဲ့ အဓိက အကျဆုံး ဥပဒေကြီးဖြစ်ပါတယ်။ တစ်ချက်သိသိ၊ နှစ်ချက်သိသိ ဝင်ရောက် ဆွေးနွေး အကြံပေးကြမှ ကောင်းပါလိမ့်မယ်။ ပြည်သူတွေ အကြံပေးပါလျက်နဲ့ မျက်ကွယ်ပြုပြီး လုပ်ချင်တာလုပ်တဲ့ ပြည်သူ့ကိုယ်စားလှယ်မျိုး ရှိ-မရှိတော့ စောင့်ကြည့်ရမှာပါ။ ဘာပဲပြောပြော ဒီဥပဒေ(မူကြမ်း) ၂ ခုဟာ နိုင်ငံတည်ငြိမ် လာအောင်၊ တိုးတက်လာအောင် လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ လိုက်လျောညီထွေ ရှိပါ့မလားဆိုတာ သံသယရှိစရာပါပဲ။ ကျွန်တော်တို့က ဝေဖန်ခွင့်ပဲရှိတာ၊ ပြည်သူတွေ သိအောင် တင်ပြခွင့်ပဲရှိတာလေ။
ကြုံကြိုက်လို့ ဒီဥပဒေကြမ်းကို ရေးဆွဲထုတ်ပြန်ပေးတဲ့ လွှတ်တော် ကိုယ်စားလှယ်များကို မေးချင်ပါတယ်။ သည်းခံပြီး ဖြေပေးကြပါခင်ဗျာ။ ကျွန်တော်တို့ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ကိုယ်ရွေးထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အပေါ် ထိန်းကျောင်းနိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ အခွင့်အရေးပေးထားတဲ့ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ အဲဒါကတော့ Right to Recall လို့ အင်္ဂလိပ်လိုခေါ်ပါတယ်။
(၁) ပုဒ်မ ၃၈။
(က) xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx၊
(ခ) ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားချက်များနှင့် အညီ တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိသည်။
(၂) ပုဒ်မ ၃၆၉။
(က) xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx၊
(ခ) သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိသည်။
(၃) ပုဒ်မ ၃၉၆။
(က) လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို အောက်ပါအကြောင်း တစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ရှိသည်-
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်၏ အရည်အချင်း ပျက်ယွင်းခြင်း၊
(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။
(ခ) သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်။
(ဂ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရမည်။
(ဃ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့် သော်လည်းကောင်း ချေပခွင့်ပေးရမည်။
(င) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသူသည် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိလျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။
(၄) ပုဒ်မ ၃၉၇။ ပြည်ထောင်စု လွှတ်တော်သည် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်။
ဒီပြဋ္ဌာန်းချက်တွေကို ပြန်လည် တင်ပြရတာကလည်း အလှမ်းကျယ်ပြီး အလယ်လပ်သွားခဲ့ရတယ် ထင်လို့ပါ။ ဒီဥပဒေ(မူကြမ်း)ကို လွှတ်တော်မှာ ဆွေးနွေးဆဲ ရပ်သွားတဲ့ သမိုင်းကြောင်းတွေလည်း မှတ်တမ်း အသီးသီး ရေးမှတ်ပြီးသား ရှိပါတယ်။ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ကြရာမှာ ကိုယ်လိုချင်တာကိုပဲ ရအောင်ယူပြီး ကိုယ်မလိုချင်တာ ကိုယ့်ကို ထိမယ့်ရှမယ့်ဟာဆိုရင် ပြည်သူတို့၏ ရပိုင်ခွင့်ပင် ဖြစ်လင့်ကစား ပစ်ပယ်ထား တာဟာလည်း သမိုင်းမလှဘူးလို့ ထင်မိပါတယ်။ နောက်ပြီး ဥပဒေကြမ်း ရေးဆွဲပေးဖို့ တာဝန်ရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အပေါ် ရည်ရွယ်ချက်ရှိရှိ ဝေဖန် တိုက်ခိုက်နေကြတာတွေလည်း မကြာ ခဏ တွေ့နေရပါတယ်။ ကျေးဇူးရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသား မဲဆန္ဒရှင် များရဲ့ ရပိုင်ခွင့် အခွင့်အရေး ပေးကိုပေးရမယ် ဆိုတဲ့ သူ့ရဲ့စေတနာနဲ့ ရေးဆွဲ တင်သွင်းတဲ့ ဥပဒေကြမ်းကို ဘယ်သူက ရပ်ထားတာလဲ။ ဘယ်သူတွေက ပိတ်ပင်ထားတာလဲ။ အဲတော့ လွှတ်တော်ကြီး အားကောင်းလာတယ် အားကောင်းလာတယ်လို့ တစ်တီတူးငှက်၊ ဇီးကွက်ငှက်နဲ့ တောက်တဲ့ တို့လို ကိုယ့်ကိုယ်ကိုယ်ဖော် အော်နေမယ့်အစား ပြည်သူတွေရဲ့ ဝေဖန် သုံးသပ်ချက်များလည်း နားထောင်ကြပါဦးလား ခင်ဗျာ။ ပြည်သူအများစုက ပြောနေကြတယ်။ လွှတ်တော် အားကောင်းလာတာ နှစ်ချက်ပဲရှိတယ်။ တစ် အချက်က အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းညှိခြင်း (ချုပ်ကိုင်လိုခြင်း)တွေကိုပဲ အများဆုံး လုပ်နေပါသတဲ့။ နှစ် အချက်က လွှတ်တော် ကိုယ်စားလှယ်များနဲ့ လွှတ်တော်ရဲ့ အခွင့်အရေးတွေကို ဦးစားပေး လုပ်နေပါသတဲ့။ ဂျာနယ်တွေ၊ ဖေ့စ်ဘွတ်ခ်တွေဖတ်ရင် ဒါတွေပဲ တွေ့နေရပါတယ်။ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖြစ် တကယ်ပဲ ဖြစ်ချင်တာလား ခင်ဗျာ။ ဒါဆိုရင်တော့ ကိုယ့်ကို မဲပေး တင်မြှောက်ထားတဲ့ ပြည်သူကိုလည်း လေးစားသင့်တာပေါ့။
မနေ့က အင်တာနက်မှာတွေ့တဲ့ ဓမ္မသုတအပိုင်းအစကိုလည်း ဗဟုသုတရအောင်နဲ့ ဆင်ခြင်နိုင်အောင် မျှဝေလိုက်ပါတယ်-
လူဆိုတာ -
- လောဘများလာရင် အရှက်မဲ့လာတယ်။
- ဒေါသများလာရင် အသိမဲ့လာပါတယ်။
- မောဟများလာရင် အမှန်တရားနဲ့ ဝေးသွားတယ်။
နောက်ဆုံးအနေနဲ့ တင်ပြချင်တာကတော့ ပါတီစုံဒီမိုကရေစီစနစ် ကိုအခြေခံကာ သမ္မတ အုပ်ချုပ်တဲ့ပုံစံ ကျင့်သုံးပြီး နိုင်ငံတော်ကို ပုံဖော် လာတာ ၅ နှစ်ပြည့်ပါတော့မယ်။ သမ္မတပုံစံစနစ်ကနေ ပါလီမန်ဒီမို ကရေစီစနစ်ကို ပြန်ပြောင်းဖို့ ကြိုးစားကြတာ ဘယ်သူ့အတွက်လဲ၊ ပြည်သူ့ အတွက်လား၊ တစ်ဦးတစ်ယောက်နဲ့ လူနည်းစုအတွက်ဆိုရင်တော့ သမိုင်းဆိုးကြီး ဖြစ်လိမ့်မယ်။ ဗုဒ္ဓ ဘာသာဝင်တွေကတော့ ကံနဲ့ ကံ၏အကျိုးကို ယုံကြည်တယ်။ ပစ္စုပ္ပန်ကို တည့်တည့်ရှုပြီး ဝိပဿနာဉာဏ်ကို ရှာကြရတယ်လို့ ဆိုတယ်။ ပစ္စုပ္ပန်ကို တည့်တည့် ရှုစေချင်တာလေး တစ်ခုက မည်သူမျှ ပြည်သူတို့၏ အခွင့်အရေးကို မပိတ်ပင်သင့်ပါ။ စိတ်မချလို့ အနာဂတ်မျိုးဆက်သစ်တွေ အတွက်လည်း စဉ်းစားပေးပါ။ ဒီစနစ်ကြီးမှာ ဘယ်သူမှ အမြဲတမ်းလွှတ်တော် ကိုယ်စားလှယ်၊ အမြဲတမ်းသမ္မတ၊ အမြဲတမ်းဝန်ကြီး၊ အမြဲတမ်း ဝန်ကြီးချုပ် လုပ်ရမယ်လို့ မရှိပါဘူးနော်၊ ယုံပါ။ အချိန်တန်ရင် ပြည်သူဟာ ပြည်သူပါပဲ။ ဒါပေမယ့် မဲဆန္ဒရှင် ပြည်သူတွေကို ခါးသီးတဲ့ ဆင်းရဲတွင်း နက်မယ့် ဟန်ပန် စရိုက်လက္ခဏာ တွေအပြည့်နဲ့ အမွေဆိုး ဆိုရင်တော့ မပေးခဲ့ပါနဲ့ဗျာ။ နောက်ရက်တွေမှ လွတ်လပ်ရေးခေတ်ဦးက ပါလီမန် ဒီမိုကရေစီစနစ် အကြောင်း၊ အကွဲအပြဲ အကြောင်း၊ နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားခဲ့ရတဲ့ အကြောင်းတွေကို မှတ်တမ်း မှတ်ရာလေးတွေနဲ့ ဆက်လက် တင်ပြဖို့ ကြိုးစားပါဦးမယ်။
ကျွန်တော့်ရဲ့ ခြုံငုံသုံးသပ် တင်ပြချက်အပေါ် လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ်။ ကျွန်တော်လည်း မဲဆန္ဒရှင်တစ်ဦးပါ။
ရန်ကင်း
MOI
Sunday, June 21, 2015
အမွေကောင်းကောင်း ရချင်တယ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment