Thursday, June 18, 2015

ကမ္ဘာတစ်ဝန်း စစ်ဘေးရှောင် ဒုက္ခသည် သန်း ၆၀ နီးပါးအထိ စံချိန်တင်မြင့်တက်လာ


(ကုလသမဂ္ဂ)။ ။ ကမ္ဘာတစ်ဝန်း စစ်ပွဲများ၊ ပဋိပက္ခများနှင့် ဖိနှိပ်မှုများမှ တိမ်းရှောင်ထွက်ပြေးသူ ဦးရေသည် ၂၀၁၄ ခုနှစ်အတွင်း သန်း ၆၀ နီးပါးရှိပြီး စံချိန်တင်မြင့်မားနေကြောင်း ကုလသမဂ္ဂက အစီရင်ခံစာထုတ်ပြန်သည်။ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ အစီရင်ခံစာတွင် အိမ်ရာစွန့်ခွာ ထွက်ပြေးသူပေါင်းသည် ပြီးခဲ့သည့် နှစ်ကထက် ၈ ဒသမ ၃ သန်း ပိုမိုများပြားလာခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့ နေရပ်စွန့်ခွာ ထွက်ပြေးသူ ဦးရေ မြင့်တက်လာခြင်းသည် ဆီးရီးယားတွင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားလျက်ရှိခြင်းက အဓိကအကြောင်း တစ်ရပ်လည်း ဖြစ်သည်။

UNHCR အကြီးအကဲ အန်တိုနီယိုဂူတာရီက "ကမ္ဘာကြီးက ပြဿနာတွေနဲ့ ရှုပ်ထွေးနေပြီ” ဟု ဘီဘီစီသို့ ပြောခဲ့သည်။

"လူသားချင်း စာနာထောက်ထားမှုတွေက ဒီလိုဖရိုဖရဲဖြစ်နေတဲ့ ကမ္ဘာကို ပြေငြိမ်းစေမယ်လားဆိုပြီး တွေးကြတယ်။ ကျွန်တော်တို့တွေ မတတ်နိုင်ဘဲဖြစ်နေရတယ်။ ဘေးဒုက္ခတွေကို လူတွေ ပိုပိုပြီး ရင်ဆိုင်နေရတယ်။ ကံဆိုးစွာပဲ အဲဒီ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့နိုင်တာက နည်းနည်းပဲရှိသေးတယ်” ဟု အန်တိုနီယိုဂူတာရီကပြောခဲ့သည်။

ယင်းသို့ နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်သည် ၂၀၁၄ ခုနှစ်က တစ်နေ့လျှင် ၄၂,၅၀၀ ဦးရေရှိခဲ့ရာ ယခင်နှစ်က ၃၂,၀၀၀ ဦးရေထက် တိုးတက်များပြားလာခြင်းဖြစ်ကြောင်း အန်တိုနီယိုဂူတာရီက ပြောကြားခဲ့သည်။

REF : BBC
Mizzima

0 comments:

Post a Comment