Monday, June 15, 2015

ကျောင်းမအပ်ရသေးသော ကျောင်းသားများကို နေအိမ်ထိလိုက်လံခေါ်ယူမည်

ကျောင်းအပ်နှံရေးကာလအတွင်း ကျောင်းသို့ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများ(ဓာတ်ပုံ-ကျော်ဇင်သန်း)

အခြေခံပညာကျောင်း များတွင် ကျောင်းဖွင့်ချိန်ရောက်ရှိ နေသော်လည်း ကျောင်းမအပ်နှံ ရသေးသည့်ကျောင်းသားများကို ဇွန်လတတိယပတ်အထိ နေအိမ် များအထိ လိုက်လံခေါ်ယူပြီး ကျောင်းအပ်နှံရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သတင်းရရှိသည်။အခြေခံပညာကျောင်းများ အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ မြို့နယ် အသီးသီးတွင် ဧပြီလအတွင်း ကောက်ယူထားသည့် ငါးနှစ် အရွယ်ကလေးဦးရေအရ သူငယ် တန်းသို့ အပြည့်အဝကျောင်းအပ် နှံမှုရှိ၊ မရှိနှင့် အတန်းအသီးသီး တွင် အောင်မြင်သွားသည့် ကျောင်းသားများ ကျောင်းအပ်နှံ ခြင်းရှိ၊ မရှိ စိစစ်ပြီး ကျောင်း အကျိုးတော်ဆောင်အဖွဲ့၊ မိဘ ဆရာအသင်းနှင့် အထောက်အကူပြုအဖွဲ့များပူးပေါင်း၍ ကျောင်းအပ်နှံနိုင်ရေး အခက်အခဲရှိပါကကူညီပေးရန် ညွှန်ကြားထားကြောင်း အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

‘‘ကျောင်းတွေမှာ ဧပြီလ တုန်းက ကောက်ထားတဲ့စာရင်း အတိုင်း မြို့နယ်ထဲမှာ ကျောင်း အပ်ဖို့ကျန်တဲ့ကလေး ဘယ်နှ ယောက်ရှိလဲ၊ ဘယ်ကျောင်းကို ရောက်သွားလဲဆိုတာ ကောက် သင်းကောက် ကျောင်းအပ်နှံရေး ကို ဇွန်လတတိယပတ်လောက် အထိ လုပ်သွားမယ်။ ကျောင်း မတက်နိုင်တဲ့ကလေးတွေကို မြို့ နယ်အလိုက် အဖွဲ့အစည်းတွေ ကနေ ကူညီဖြည့်ဆည်းပြီး ကျောင်းတက်နိုင်အောင်လုပ်ပေး ဖို့မှာထားတယ်’’ဟု ၎င်းကပြောသည်။


ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ကျောင်းအပ်နှံရေးရာသီတွင် ကျောင်းအပ်နှံခြင်းမရှိသည့် ကျောင်းသားများကို အိမ်တိုင်ရာရောက် လိုက်လံခေါ်ယူပြီး ကျောင်းအပ်နှံနိုင်ရန်ဆောင်ရွက် ပေးသည့် ကောက်သင်းကောက် ကျောင်းအပ်နှံရေးအစီအစဉ်ကို ၂၀၁၄ တွင်စတင်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

‘‘ဒီမြို့နယ်က ကျောင်းသား တွေကတော့ ကျောင်းအပ်နှံရေး ရက်သတ္တပတ်မှာပဲ လာပြီးအပ် ကြတာများတယ်။ နောက်ကျမှ အပ်တဲ့ကလေးကနည်းပါတယ်။ မြို့နယ်ပြောင်း၊ ကျောင်းပြောင်း တို့လောက်ပဲရှိတယ်’’ဟု ကမာ ရွတ်မြို့နယ် အထက်တန်း ကျောင်းအုပ်ဆရာမကြီးတစ်ဦးကပြောသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ယခုပညာသင်နှစ်တွင် အထက်တန်းအဆင့်အထိ အခမဲ့ ပညာရေးစနစ်အဖြစ် စတင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပြီး ကျောင်းအပ်နှံရာတွင် ငွေကြေးပေးသွင်းရန်မလိုအပ်ဘဲ မူလတန်းအဆင့်ကျောင်းသား များအား ကျောင်းဝတ်စုံတစ်စုံ၊ ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်ခြောက်အုပ်၊ အလယ်တန်းနှင့်အထက်တန်းကျောင်းသားများအား ပုံနှိပ်စာအုပ်များ အခမဲ့ရရှိ မည်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် အခြေခံပညာကျောင်း များတွင် တက်ရောက်သင်ကြား နေသည့် မူလတန်းအဆင့် ကျောင်းသား ၅ ဒသမ ၇ သန်း၊ အလယ်တန်းအဆင့် ကျောင်း သား ၂ ဒသမ ၈ သန်းနှင့်အထက် တန်းအဆင့်ကျောင်းသား ရှစ် သိန်းကျော်ရှိကြောင်း ပညာရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

7Day Daily

0 comments:

Post a Comment