Sunday, June 21, 2015

သေမင်းနှင့် ၃၄ နာရ်ီကြာ စစ်ခင်းခြင်း

ကိုဆန်းမြင့်အောင်ကို ကယ်တင်နိုင်ရန် ကွန်ကရစ်တုံးများကို ကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ခွဲနေကြစဉ် (ဓာတ်ပုံ − ညီညီဇော်) 

ကိုဆန်းမြင့်အောင်ကို ကယ်တင်နိုင်ရေး ကြိုးပမ်းနေကြစဉ် (ဓာတ်ပုံ-ညီညီဇော်) 

သံချောင်းများ ထိုးထိုး ထောင်ထောင်ဖြင့် ပြိုကျပျက်စီးနေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်း ရောက်ရှိ နေသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲဝန် ထမ်းများနှင့် အရပ်သားများ၊

လူမှုအဖွဲ့အစည်းများ အားလုံး ဟေးခနဲအော်ကာ ပျော်ရွှင်သွားကြသည်။ လက်ခုပ်တွေ ထတီး ကြသည်။ ထိုသို့ပျော်ရွှင်ရခြင်း အကြောင်းရင်းမှာ ဇွန်လ ၂၀ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော မင်္ဂလာမန္တလေးစီမံကိန်းအတွင်းမှ PullMan ဟိုတယ်လုပ်ငန်းခွင် တစ်ခုတွင် သံငြမ်းများပြိုကျရာမှ လက်သမားများ ပိမိခဲ့ရာ နောက်ဆုံးအသက်ရှင်လျက် ကျန်နေသေးသည့် အမျိုးသားတစ်ဦးကို နာရီပေါင်း ၃၀ ကျော် ကြာသည့်အချိန်တွင် ဇွန် ၂၁ ည ၁၁ နာရီဝန်းကျင်တွင် ကယ်ဆယ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ကိုဆန်းမြင့်အောင်သည် ၃၄ နာရီကျော်ကြာ မလှုပ်မယှက် နေရသည့်အတွက် သူ့ကို အမြန်ကယ်တင်ပေးရန် တောင်းပန်ခဲ့သည်။ သူပိတ်မိနေသည့်အနီးတွင် သူနှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ဦးမှာ အသက်ခန္ဓာမဲ့စွာ အင်္ဂတေများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။ သေဆုံးသွားသူ သူ့သူငယ်ချင်းမှာ လာမည့် ရက်ပိုင်းအတွင်း မင်္ဂလာဆောင်တော့မည့် သတို့သားလောင်းဖြစ်သည်ဟု ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များက ပြောသည်။

အောက်ခံ သံငြမ်းပြိုကျမှု ကြောင့် လုပ်ငန်းခွင်အတွင်းမှ အလုပ်သမား ၁၈ ဦး ဒဏ်ရာရရှိ ပြီး နောက်ဆုံးပိတ်မိနေသည့် သုံးဦးအနက် အသက်ရှင်လျက် ကျန်ရှိသူမှာ အသက် (၁၉) နှစ်အရွယ် ကိုဆန်းမြင့်အောင် ဖြစ်သည်။

ကိုဆန်းမြင့်အောင်သည် မကွေးတိုင်း မင်းဘူးမြို့ စကုမြို့နယ် ကျောက်ဆစ်ပုံရွာမှ မန္တလေးမြို့သို့ လက်သမားအလုပ် လာရောက်လုပ်ကိုင်နေခြင်းဖြစ်သည်။ မန္တလေးရောက်သည်မှာလည်း လေးလခန့်သာရှိသေးသည်။

‘‘လူက ဘိလပ်မြေအပုံထဲကို ရောက်သလိုဖြစ်သွားတယ်။ အားလုံးကတော့ သူအသက်ရှင်ဖို့အတွက် ၀ိုင်းပြီး လုပ်ပေးခဲ့ကြတယ်’’ဟု တန်ဖိုးရှိလှသော လူ့အသက်တစ်ချောင်းကို ကယ်တင်ရန်နာရီပေါင်းများစွာ ကြိုးပမ်းနေသော ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကိုဆန်းမြင့်အောင်ကဲ့သို့ပင် ငြမ်းစင်ပြိုကျ၍ ရရှိသည့် ဒဏ်ရာ ဖြင့် မန္တလေးဆေးရုံကြီး ခွဲစိတ်ကုသဆောင်တွင် သုံးဦး၊ အရေးပေါ် ထိခိုက်ရှနာ ကုသဆောင်တွင် လေးဦးတို့အပြင်ဇွန်လ ၂၁ ရက် ည ၈နာရီ အထိ ဆေးကုသမှုခံယူ နေရသူတွေလည်း ရှိသေးသည်။ငြမ်းပြိုကျမှုဖြစ်စဉ်ကို မြို့ခံများ စိတ်ဝင်စားမှုများပြားနေပြီး စီမံကိန်းအနီးသို့ တစ်နေကုန် တစ်ညလုံး လာရောက်စောင့်ဆိုင်းနေကြသည်။

PullMan ဟိုတယ်ကိုဆောက်လုပ်ရာတွင် အပိုင်းလေးပိုင်းခွဲ၍ ဆောက်လုပ်နေခြင်း ဖြစ်ပြီး CAD၊ New Star Light နှင့် ဉာဏ်ဆောက်လုပ်ရေးတို့က တာဝန်ယူဆောက်လုပ်လျက်ရှိပြီး ဉာဏ်ဆောက်လုပ်ရေးက တာဝန်ယူဆောက်လုပ်သည့် အပိုင်းမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆောက်လုပ်ရေးတွင် အဓိကစီမံခန့်ခွဲရေးအပိုင်းကို စင်ကာပူနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ ပြုလုပ်ပေးခြင်းဖြစ်ပြီး ဖြစ်ပွားခဲ့ရခြင်းမှာ အောက်ခံမြေသားကျွံကျခြင်းကြောင့်လည်းကောင်း၊ သံငြမ်းကလစ်ချောင်ခြင်းကြောင့် လည်းကောင်း၊ အပေါ်ဝိတ်များလွန်းခြင်းကြောင့်လည်းကောင်း ပြိုကျသွားခြင်း ဖြစ်နိုင်သည်ဟု လတ်တလောသုံးသပ်ထားရှိကြောင်း မင်္ဂလာမန္တလေးစီမံကိန်းကို ဦးဆောင်လုပ်ကိုင်နေသူ Regal Hospitality Co.,Ltd ဒါရိုက်တာ ဦးဇင်မင်းဆွေကပြောကြားသည်။

ကိုယ်ခန္ဓာ ထိခိုက်သေဆုံးသွားသည့် အလုပ်သမားများအတွက် ထိရောက်သောလျော်ကြေးငွေများ စာနာစွာပေးအပ်ရန်လည်း မြို့ခံများက လိုလားနေကြသည်။ ကုမ္ပဏီမှတာဝန်ရှိသူများကလည်း အခင်းဖြစ်ပွားရာညက သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့ အတွက် ထိရောက်သောပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဟုပြော ကြားခဲ့သည်။ ‘‘ဆောက်လုပ်ရေး ကုမ္ပဏီဘက်က တာဝန်ယူ ဆောင်ရွက်ပေးမယ်။ ရဲစခန်းကလည်း ဉာဏ်ဆောက်လုပ်ရေးကို ခေါ်ပြီး စစ်ဆေးတာတွေ လုပ်တယ်။ သေဆုံးစာရင်း တိတိကျကျ မရသေးတဲ့အတွက် အမှုမဖွင့်ရ သေးဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတာ အဖြေရှာဖို့အတွက် ဟိုတယ် တည်ဆောက်နေတာကို ယာယီ ရပ်ဆိုင်းထားမယ်’’ဟု ဦးဇင်မင်းဆွေကပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် (၂) ဦးခင်မောင်တင့်ကလည်း ‘‘ကျွန်တော်တို့စည်ပင်သာယာဘက်က ဘာကြောင့်ဖြစ်တယ်ဆိုတာ သုံးသပ်ထားပါတယ်။ အခုချိန်က ပြောလို့မရသေးဘူး။ ကုမ္ပဏီဘက်ကနေ နိုင်ငံခြားက ငြမ်းဒီဇိုင်နာခေါ်ထားတယ်။ ဒီဇိုင်နာတွေ သုံးသပ်ချက်ကို သိပြီးမှ ဘာဆက်လုပ်မယ်ဆိုတာသိရမှာ။ ဆောက်လုပ်ရေးကိုတော့ ယာယီရပ်ဆိုင်းထားတယ်’’ဟု ပြောသည်။

ယခုကဲ့သို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းမတော်တဆမှုဖြစ်စဉ်များမှာ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ဖူးပြီး ဖြစ်ပြီဆိုလျှင် လုံလောက်သောအကာအကွယ် မရှိသည့် အခြေခံလူတန်းစား လက်လုပ်လက်စားများပင် သေ ကျေဒဏ်ရာရရှိခဲ့ကြသည်။ ‘‘ပုံမှန်လုပ်ရိုးလုပ်စဉ် လုပ်နေကိုင်နေကျ ပုံစံမျိုးတွေမှာ ကြီးကြီးမားမား ပြိုတာမရှိပေမယ့် ပုံမှန်ထက် မြင့်တဲ့ အရပ်အမြင့်တွေ ထောက်မရတဲ့အခါမျိုး၊ ပုံမှန်ထက်ထုထည်များတဲ့ ကွန်ကရစ်တွေကိုထောက်မရတဲ့အခါမျိုးတွေမှာ ဖြစ်နိုင်တဲ့အတွက် အထူးဂရုစိုက်
ဖို့လိုပါတယ်’’ဟု Innovate Design & Construction က Structure & Construction Engineer ဦးဗိုလ်ဗိုလ်ကျော်က ၎င်း၏အမြင်ကို ပြောပြသည်။

နာရီပေါင်း ၃၀ ကျော်ကြာ ပိတ်မိနေသည့် ကိုဆန်းမြင့်အောင်ကို မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုပေးထားသည်။ သို့သော် ကံမကောင်းခဲ့သူ လက်လုပ်လက်စား အခြေခံလက်သမားလေး နှစ်ဦးကတော့ ဘ၀တစ်ပါးသို့မသက်မသာ ဖြင့် ကူးပြောင်းသွားခဲ့ရလေပြီ။

7Day Daily

0 comments:

Post a Comment