Wednesday, June 17, 2015

ဖားကန့် တိုက်ပွဲတွင် ဒေသခံ တရာကျော်ပိတ်မိ

ဖားကန့် တိုက်ပွဲဖြစ်ပွားနေသည့် မြင်ကွင်း (ဓာတ်ပုံ – Myu Tsaw Kasa / Facebook)

ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်းရှိ ဆိုင်းဂျာ့ရွာနှင့် အောင်လျန့်ရွာကြား အစိုးရစစ်တပ်နှင့် ကချင်လွတ် မြောက်ရေး တပ်မတော် (KIA) အကြား ဇွန်လ ၁၅ ရက်နေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့အချိန်အထိ တိုက်ပွဲ မပြီးဆုံးသေးဘဲ ဒေသခံ တရာကျော်မှာလည်း တိုက်ပွဲအတွင်း ပိတ်မိနေကြောင်း သတင်းရရှိသည်။တိုက်ပွဲဖြစ်ပွားရာ ဆိုင်းဂျာ့ရွာနှင့် အောင်လျန့်ရွာမှ ဒေသခံ တရာကျော်မှာ တိုက်ပွဲတိမ်းရှောင်ရင်း တောအတွင်းတွင် ပိတ်မိ နေကြောင်း၊ အစိုးရစစ်တပ်က ပိတ်ဆို့ထား၍ ကယ်ဆယ်ရေး မဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိတွင် ပိတ်မိနေသည့် ဒေသ ခံများကို ကယ်ဆယ်ရေး ပြုလုပ်ခွင့်ပေးရန် ကချင်ပြည်နယ် အစိုးရ အဖွဲ့ ဘက်သို့ ဆက်သွယ်၍ အကူအညီ တောင်း ခံ ထား ကြောင်း ဖားကန့်မြို့မှ ဒုက္ခသည် ကယ်ဆယ်ရေး တာဝန်ခံ သင်းအုပ်ဆရာ ဘရန်မိုင်က ဧရာဝတီကို ပြောသည်။

“တိုက်ပွဲကြောင့် ထွက်ပြေးတဲ့ သူတွေက တောထဲမှာဖြစ်နေတယ်၊ သွားကယ်ဖို့ တပ်မ တော်စစ်ကြောင်းတွေ က ပိတ်ဆို့ ထားတော့ ကျနော်တို့ သွားလို့မရဘူး၊ မနေ့ကထိ ပြေးနေတဲ့ လူအုပ်စုနဲ့ ဖုန်းရတယ်၊ခုတော့ လုံးဝ အဆက် အသွယ် ပြတ် သွားပြီ။ KIA ဘက်ကို ဒုက္ခသည်တွေကို ကူညီဖို့လည်း ဆက်သွယ်ပေမယ့် သူတို့က တောင်ကြောတွေနဲ့ ကွယ် နေ တော့ ဝေး နေတယ်လို့ပဲ ပြောတယ်” ဟု ဆရာဘရန်မိုင်က ဆိုသည်။

ဖားကန့်ဒေသတွင် တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ အစိုးရစစ်တပ်က KIA တပ် ရင်း ၆ အခြေစိုက် နေရာဒေသို့ ၀င်ရောက် လာ သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း KIA ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့မှ အကြီးတန်းအရာရှိ ဦးလမိုင် ဂွမ်ဂျာ က ပြောသည်။

“ တပ်မတော်ဘက်က ကျနော်တို့ တပ်ရင်း ၆ ရှိတဲ့နေရာကို သွားတော့ တိုက်ပွဲဖြစ်တယ်၊ ဘာမှ မသွား ရင် ဘာမှ ဖြစ်စရာ မရှိဘူး၊ သွားတော့ ဖြစ်ကုန်တာပေါ့” ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။

ဖားကန့်တိုက်ပွဲနှင့်ပတ်သက်၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြံပေး ဦးလှမောင်ရွှေကို ဧရာဝတီက ဆက်သွယ် မေးမြန်း ရာ ဦးလှမောင်ရွှေက “ဒါက တပ်မတော်ရဲ့ ကိစ္စဆိုတော့ကျနော်တို့ဘက်က သိပ်မေးတာမြန်းတာ မလုပ်မိဘူး၊ ဒါက တပ်မ တော် ကိစ္စပါ” ဟု ပြန်လည်ဖြေဆိုသည်။

၂၀၁၂ ခုနှစ်တွင် ပဋိပက္ခများ လျော့ချရေး၊ ဖြေရှင်းရေး၊ ညှိနှိုင်းရေး များ ပြုလုပ်ရန် အစိုးရနှင့် KIA အကြား တလတကြိမ် တွေ့ဆုံခဲ့သော်လည်း နောက်ပိုင်းတွင် တွေ့ဆုံမှုများ ပျက်ပြယ်သွားခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် ၊နိုဝင်ဘာလ ၁၉ ရက်တွင် လက်နက်ကြီး ဖြင့် ပစ်ခတ်မှုများဖြစ်ခဲ့ပြီး တပ်မတော် နှင့် KIA အကြား သစ်ခိုးထုတ်သည်ဟု အပြန်အလှန်စွပ်စွဲမှုများဖြင့် တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီ

0 comments:

Post a Comment