Thursday, June 18, 2015

ရွှေတိဂုံစေတီတော်ကာကွယ်ရေး ပြည်သူ့ဆန္ဒလက်မှတ်များစုဆောင်းပြီး သမ္မတရုံးနှင့် လွှတ်တော်သို့ ပေးပို့မည်

မင်းကွန်းတိပိဋကကျောင်းတွင် ရွှေတိဂုံစေတီတော်ကာကွယ်ရေးအခမ်းအနားကျင်းပနေစဉ်(ဓာတ်ပုံ - သက်အောင်) 

ရွှေတိဂုံစေတီတော်ဝန်းကျင်ရှိ အထပ်မြင့်အဆောက်အအုံ စီမံကိန်းများရပ်ဆိုင်းရေးနှင့်ပတ်သက်၍ ဗိသုကာပညာရှင်များ ပြုစုထားသည့်စာတမ်းများနှင့် ကန့်ကွက်သည့် ပြည်သူ့ဆန္ဒလက်မှတ်များကို တစ်ပတ်အတွင်း နိုင်ငံတော်သမ္မတရုံးနှင့် လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ပြည်သူ့ဆန္ဒလက် မှတ်များကို ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ က ဦးဆောင်ပြီး ရန်ကုန်မြို့တွင် ဇွန်လ ၁၇ ရက်က စတင်ကောက် ယူခဲ့ပြီး နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် သက်ဆိုင်ရာဌာန အသီးသီးသို့ တစ်ပတ်အတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ဝင် ဓမ္မစက္ကဦးမောင်မောင်က ပြောသည်။

‘‘အရင်ဆုံး ရန်ကုန်မှာ စကောက်တာပါ။ ပြီးရင် နယ်တွေကိုသွားမယ်။ တစ်နိုင်ငံလုံးအ တိုင်းအတာအနေနဲ့ ကောက်ခံ သွားမယ်။ တစ်လတစ်ကြိမ် ဌာန ဆိုင်ရာတွေကို ပေးပို့သွားမယ်။ ဒီစီမံကိန်းတွေ ဆောက်လုပ်နေ တဲ့ ကုမ္ပဏီတွေကိုလည်း အသိ ပေးစာပေးပို့မယ်။ သူတို့ဘက်က ရှင်းလင်းသွားအောင်ပါ။ သူတို့ ကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါ ဘူး။ ဒါပေမဲ့ ဒါမြန်မာတစ်နိုင်ငံ လုံးအနေနဲ့ ပတ်သက်တဲ့အတွက် ဒီနေရာမှာ မသင့်တော်ဘူးဆိုတာ အသိပေးသွားမှာပါ’’ဟု ဦးမောင် မောင်က ဆိုသည်။


ရွှေတိဂုံစေတီတော်ကြီး၏ လက်ရှိခိုင်ခံ့မှု အခြေအနေ၊ သိင်္ဂုတ္တရကုန်းမြေ၏ မြေလွှာမြေကြောများ ခိုင်ခံ့မှုနှင့် စေတီတော်ကြီး အနီးတစ်ဝိုက် ရေစီးရေလာစနစ်၊ မြေအောက်ရေ အသုံးချထားမှုပမာဏ၊ ရေဆိုး၊ မိလ္လာအမှိုက်စွန့်ပစ်မှုတို့ကို စနစ်တကျသုတေသနပြု လေ့လာရန်လိုအပ်ကြောင်း၊ ထို့ပြင် ယဉ်ကျေးမှုပျောက်လျှင် မျိုးရိုးပျောက်မည်။ ကောင်းသော ယဉ်ကျေးမှုကို မပြောင်းလဲသင့်၊ မဖျက်ဆီးသင့်ကြောင်း၊ ရွှေတိဂုံစေတီ မရှိလျှင်မြန်မာဆိုသည်မှာ မရှိတော့ကြောင်း၊ မြစ်ဆုံစီမံကိန်း ကန့်ကွက်စဉ်ကကဲ့သို့သုတေသနများထုတ်ပြီး ခိုင်မာစွာ ကန့်ကွက်ရန် လိုအပ်ကြောင်း ဇွန်လ ၁၇ ရက်ကဒဂုံမြို့နယ်မင်းကွန်းတိပိဋကကျောင်းတိုက်တွင် ပြုလုပ်သည့်ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ စာတမ်းဖတ်ပွဲ၌ ရဟန်းသံဃာများ၊ ဗိသုကာပညာ ရှင်တို့က ဖတ်ကြားခဲ့ကြသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေနှင့်ပတ်သက်ပြီး တုံ့ပြန်ပြောကြားလိုခြင်း မရှိကြောင်း၊ဒဂုံစီးတီး (၁)စီမံကိန်းဆောက်လုပ်ရန် အစိုးရဌာနနှင့် စည်ပင်သာယာဌာနကို ခွင့်ပြုချက်တောင်းထားကြောင်း၊ ၎င်းတို့ဘက်သုတေသန ထွက်ရှိလာမှ ဆောက်လုပ်မည်ဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းမစတင်ရသေးကြောင်း ဒဂုံစီးတီးစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နိုင်ငံတစ်နိုင်ငံမှာဆိုရင် အ ထိမ်းအမှတ်နေရာရဲ့ ကိုက်ဘယ် လောက်အတွင်း အဆောက်အအုံ မဆောက်ရဘူးဆိုပြီး နိုင်ငံတကာ မှာ ပြဋ္ဌာန်းထားတယ်။ ရွှေတိဂုံ ဘုရားဆိုတာက အစ်မတို့ ဗုဒ္ဓဘာ သာရဲ့ အမြင့်မြတ်ဆုံးနေရာ ဖြစ် တယ်။ ဒီလိုမျိုးဆို ပိုပြီးထိန်းသိမ်း သင့်တယ်။ အခုလည်း ဘာပဲ ပြောပြော ဆရာတော်တွေက ဦး ဆောင်ပြီး ကျင်းပပေးတဲ့အတွက် ပြည်သူတွေအတွက် အများကြီး အကျိုးရှိပါတယ်’’ဟု တက်ရောက်လာသည့် ဒါရိုက်တာကြည်ဖြူသျှင်က သုံးသပ်သည်။

ယင်းစာတမ်းဖတ်ပွဲတွင် သ၀ဏ် လွှာငါးစောင်နှင့် ဥပဒေပညာရှင်၊ ဗိသုကာပညာရှင်နှင့် ရဟန်းသံဃာတော်တို့ ရေးသားပြုစုထားသည့် စာတမ်းကိုးစောင်ဖတ်ကြားခဲ့ကြသည်။

စီမံကိန်းဆောက်လုပ်မည့် တပ်ပိုင်မြေ ၁၃၆ ဒသမ ၆၃၈ ဧကအနက် ၄၉ ဒသမ ၇၅၈၄ ဧကကိုငှားရမ်းထားသည်။ ရွှေတောင်ကုမ္ပဏီက အမည်နှစ်ခုဖြင့် မြေ ၁၂ ဒသမ ၆၀၄ဧကကို၊ တစ်နှစ်လျှင်ဒေါ်လာ ၁ ဒသမ ၄၂ သန်းဖြင့်လည်းကောင်း၊ မတ်ဂါလန်းမတ်၊ ဒဂုံစီး တီး (၁)၊ သြစတြေးလျကုမ္ပဏီ တို့က မြေ ၂၂ ဒသမ ၁၃၂ ဧက၊ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ သန်းဖြင့်လည်းကောင်း၊ သုခရတနာကုမ္ပဏီ၊ ဒဂုံစီးတီး(၂) ကုမ္ပဏီတို့က မြေ ၇ ဒသမ ၆၉၅ ဧကကို တစ်နှစ်ငှားရမ်းခ ၁ ဒသမ ၆၄ သန်းတို့ဖြင့်လည်းကောင်း အစိုးရက အသီးသီးငှားရမ်းထား ပြီး ကုမ္ပဏီငါးခုကို တစ်နှစ်ငှား ရမ်းခ စုစုပေါင်း ဒေါ်လာ ၈ ဒသမ ၈၉ သန်း(မြန်မာငွေ ကျပ်သန်း ၈,၉၀၀ ခန့်)ရရှိကြောင်း ဓမ္မစက္ကဦးမောင်မောင်က ပြောသည်

7Day Daily

0 comments:

Post a Comment