Monday, June 15, 2015

နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများ အခြားပြည်နယ် တိုင်းဒေသကြီးသို့ သွားလိုလျှင် သက်ဆိုင်ရာမြို့နယ် ထောက်ခံစာဖြင့် သွားရမည်

ဘင်္ဂါလီလူမျိုးများသည် ဝှိုက်ကတ် ကိုင်ဆောင်မှုအပြီး ပန်းရောင်ကတ်ဖြင့် နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံထားရသူများသည် မိမိနေထိုင်ရာ ဒေသ၏ မြို့နယ်နှင့် အခြားပြည်နယ် တိုင်းဒေသကြီးများသို့ သွားလာလိုလျှင် ရခိုင်ပြည်နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ထောက်ခံချက်ဖြင့် သွားလာနိုင်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ဝှိုက်ကတ်လာရောက် အပ်နှံသူများကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

“ရခိုင်ပြည်နယ်အတွင် ဘင်္ဂါလီလူမျိုးများ ခရီးသွားလာရာမှာ မိမိနေထိုင်ရာ မြို့နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့် ရှိကြပါတယ်။ပြည်နယ်အတွင်း မြို့နယ်ကျော်လွန် ခရီးသွားလာပါက မိမိနေထိုင်ရာ မြို့နယ်ဦးစီး ဌာနမှူး၏ ခရီးသွားလာခွင့် ရယူပြီးတော့မှ သွားလာခွင့်ပြုခဲ့ပြီးတော့မှ အခြားပြည်နယ်၊ တိုင်းများသို့ ခရီးသွားလာရာမှာ ရခိုင်ပြည်နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ခွင့်ပြုချက်ကို ရယူပြီးတော့မှ ပြည်နယ်ပြင်ပသို့ ခရီးသွားလာခွင့်ပြုခြင်းအားဖြင့် ခရီးသွားလာမှုကို ထိန်းသိမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ဦးဖေသန်းက ယနေ့ အစည်းအဝေးတွင် အဖြူရောင်ကတ် ကိုင်ဆောင်ထားသူများသည် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအရ ပန်းရောင် ကိုင်ဆောင်ထားခွင့်ရထားပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရထားပြီးဖြစ်ရာ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာနိုင်ခွင့် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံသား အခွင့်အရေးကို ရရှိလာချိန်မှာ တစ်ချိန်က ဒီလူတွေဟာ ဘယ်ကလာမှန်း မသိလို့ နိုင်ငံတော်လုံခြုံရေးအရ ခရီးသွားလာခွင့်ကို ပိတ်ပင်ထားတာကို နားလည်နိုင်ပေမယ့် ဒီကနေ့ နိုင်ငံသား ဖြစ်လာချိန်မှာတော့ သူကိုယ်တိုင် နိုင်ငံသား အခွင့်အရေးရပြီးတော့ သူတို့သွားလိုရာ မိသားစုဆွေမျိုး ဒေသ အလုပ်အကိုင် အခွင့်အလမ်းပေါများရာဒေသ ဖွံ့ဖြိုးရာဒေသ အမုန်းမပွားသော ကြိုဆိုနေသော ဒေသ ပြည်မဒေသကို တအားကို လာချင်ကြပါတယ်ခင်ဗျ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဝှိုက်ကတ်ကိုင်ဆောင်ထားသော ဘင်္ဂါလီလူမျိုးများ ခရီးသွားလာရာတွင် မိမိနေထိုင်ရာ မြို့နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့် ရှိသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်တွင် ဒေသခံ တိုင်းရင်းသားများနှင့် ပဋိပက္ခ နှစ်ကြိမ် ဖြစ်ပွား ပြီးနောက် မိမိဝန်ကြီးဌာနက မြေပုံမြို့နယ်ကို စမ်းသပ်ဧရိယာ အဖြစ်သတ်မှတ်၍ ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား အက်ဥပဒေနဲ့ အညီ နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းကို စတင်ဆောင်ရွက် ခဲ့သည်ဟု ဆိုသည်။ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ စတင်ပြီး လျှောက်လွှာလက်ခံကာ မြို့နယ် အဆင့်၊ ပြည်နယ်အဆင့် နိုင်ငံသားစိစစ်ရေးအဖွဲ့များ၏ စိစစ်အတည်ပြုချက်ဖြင့် လူမှုရေးကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဌာနသို့ တင်ပြခဲ့သည်ဟု ဆက်ပြောသည်။

“လူမှုရေး ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဌာနကမှ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ အညီ စိစစ်ပြီး ဗဟိုအဖွဲ့ကို တင်ပြပေးပါတယ်။ ဗဟိုအဖွဲ့က စုံညီစည်းဝေးပြီး ဆုံးဖြတ်ချက်ကိုတော့ ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြ အတည်ပြုချက် ရယူရပါတယ်။ ဗဟိုအဖွဲ့ရဲ့ ဆုံးဖြတ်ချက် ချပြီးတဲ့ နောက်မှာ ပထမအကြိမ်မှာ နိုင်ငံသားအဖြစ် ခွင့်ပြုသူ ၄၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူအဖြစ် ခွင့်ပြုသူ ၂၇၃ ဦး တို့ကို ကျမ်းသစ္စာ ကျိန်ဆိုစေပြီး ကာယကံရှင်များ လက်ဝယ်သို့ ကိုင်ဆောင်ခွင့် လက်မှတ်များ ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

နိုင်ငံသားဖြစ်ကြောင်း စိစစ်ရေးကတ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ ပါ နိုင်ငံသား နိုင်ငံသားများ မူလအခွင့်အရေး တာဝန်များနှင့်အညီ ရရှိနိုင်ကြပြီ ဖြစ်ပြီး လွတ်လပ်စွာ သွားလာခွင့်လည်း ရှိကြပြီး ဖြစ်သည်ဟု ပြောသည်။

မဇ္ဈိမ

0 comments:

Post a Comment