Wednesday, June 17, 2015

ပြည်သူ့ချန်ပီယံတို့၏ အိမ်ပြန်ချိန်

မြန်မာ ယူ-၂၃ အသင်းအား ကြိုဆိုနေသူများကို ကားပေါ်မှ လက်ပြနှုတ်ဆက်နေသော ကစားသမားအချို့ (ဓာတ်ပုံ − MFF)

‘‘အနီကတ်မထိအောင် ကြိုးစား၊ နိုင်ဖို့ မစဉ်းစားနဲ့’’၊ ‘‘မျှော်လင့်စရာ လုံးဝမရှိတဲ့ အသင်းကို တွေ့ရတာ စိတ်ပျက်တယ်’’၊ ‘‘မင်းတို့ ကို ပြိုင်ခိုင်းချင်လို့ သွားပြိုင်ခိုင်း တာမဟုတ်ဘူး။ အဲဒီလိုမပြိုင်ရင် ဘောလုံးအဖွဲ့ချုပ်ကို AFF တို့၊ FIFA တို့က အရေးယူမှာစိုးလို့။ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီး မနေနဲ့ ယူ-၂၃’’အထက်ပါ ဝေဖန်ချက်များ က မြန်မာ ယူ-၂၃ အသင်း ဆီးဂိမ်းပြိုင်ပွဲဝင်မည့် သတင်းနှင့်ပတ် သက်၍ ပြိုင်ပွဲမတိုင်မီ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာအောက်တွင် ပရိသတ် များက ဝင်ရောက်ရေးသားခဲ့ကြ သည့် မှတ်ချက်များဖြစ်သည်။

မြန်မာ ယူ-၂၃ အသင်း ဆီး ဂိမ်းပြိုင်ပွဲဝင်ရန် မင်္ဂလာဒုံလေ ဆိပ်က ထွက်ခွာခဲ့ကြချိန်က သူတို့ခရီးအတွက် လိုက်ပါအားပေးသူ မရှိခဲ့။ ကမ္ဘာ့ဖလား သွားရောက် ယှဉ်ပြိုင်မည့် ယူ-၂၀ အသင်းနှင့် တစ်ချိန်တည်း ပြိုင်ပွဲဝင်နေသည့် ယူ-၂၃ ကို ပြီးခဲ့သည့် သီတင်းပတ် များအထိ မည်သူကမျှ မယုံစားခဲ့ ကြ။ ဂရုမစိုက်ကြ။

ပရိသတ်၏ ယုံကြည်အား ကိုးမှု သုညအောက် ရောက်နေ သည့် အခြေအနေကို မြန်မာယူ- ၂၃ အသင်းက ဆီးဂိမ်းပြိုင်ဘက် များကို တစ်ပွဲပြီးတစ်ပွဲ အနိုင်ယူ ရင်း ချေဖျက်ပြနိုင်ခဲ့သည်။ မြန်မာယူ -၂၃ အသင်းအတွက် ရလဒ်က တော့ သူတို့၏ အိမ်ပြန်ခရီးသည် လွန်ခဲ့သည့် သီတင်းပတ်အနည်း ငယ်က ပြိုင်ပွဲဝင်ရန် လူမသိ၊ သူ မသိ ထွက်ခွာသွားခဲ့ရသည့် အ ခြေအနေနှင့် လုံးဝခြားနားသွားခဲ့ သည်။

မြန်မာ ယူ-၂၃ အသင်းသည် ရန်ကုန်သို့ ဇွန်လ ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် ပြန်လည်ရောက်ရှိ မည်ဖြစ်သော်လည်း လေယာဉ်မဆိုက်မီ နှစ်နာရီခန့် အလိုကတည်းကပင် ရန်ကုန်လေဆိပ်၌ ခြေချစရာ မရှိတော့သည်အထိ ပရိသတ်များပြားခဲ့သည်။

မွန်းလွဲ ၁ နာရီခန့်ကတည်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းသို့ မြန်မာ ယူ-၂၃ အသင်း နည်းပြချုပ်နှင့် ကစားသမားများ၏ ပိုစတာများကို ကိုင်ဆောင်၍ ပရိသတ်များ တဖွဲဖွဲ ရောက်ရှိလာပြီး မြန်မာ ယူ-၂၃ အသင်းကို ကြိုဆိုရန် စောင့်ဆိုင်းနေခဲ့ကြသည်။

‘‘ကျွန်တော်တို့ ဒီအသင်းကို လာကြိုဖို့အတွက် ကားပေါ်မှာ ဆောင်းဘောက်စ်တွေ ဆင်ထား ခဲ့တယ်။ ဇွန်လ ၁၆ ရက်ကတည်း က ယူ-၂၃ အသင်းကို ကြိုဖို့အ တွက် ကြိုတင်ပြင်ဆင်ထားတာ’’ ဟု မြေနီကုန်းမှ ကိုတာယာက ပြောသည်။

မြန်မာမော်ရင်ဟိုဟု ပရိ သတ်အချို့က တင်စားခေါ်ဝေါ် သည်အထိ တစ်ရှိန်ထိုးနာမည်ကြီး လာသည့် နည်းပြချုပ်ဦးကြည်လွင်၊ ဆီးဂိမ်းဂိုးသွင်းအများဆုံး ကစား သမား စည်သူအောင်၊ တိုက်စစ် မှူး ကောင်းဆက်နိုင်၊ ရှိုင်းသူရ၊ အသင်းခေါင်းဆောင် နေလင်း ထွန်းနှင့် ဆီးဂိမ်းအကောင်းဆုံး ဂိုးသမားစာရင်းဝင် ကျော်ဇင်ဖြိုးတို့၏ အမည်များကို လာရောက် ကြိုဆိုသူများက ထပ်တလဲလဲ အော်ဟစ်၍ အားပေးခဲ့ကြသည်။

လေယာဉ်ဆိုက်ရောက်ချိန် တွင် ထောင်နှင့်ချီသည့် လူအုပ်ကြီးကို တိုးထွက်ရင်း အသင်း၏ ကားရှိရာပေါ် အပြေးအလွှားတက်ရောက်ခဲ့ကြရသည်။

‘‘ကျွန်တော်တို့ကို ဒီလိုတစ်ခါမှ လာမကြိုဖူးတဲ့အတွက် လေဆိပ်ထဲက ထွက်လိုက်တော့ လူအုပ်ကြီးမြင်လိုက်ရတာ ကြက်သီး တောင်ထတယ်။ ဘယ်လိုပြောရ မှန်းမသိဘူး။ စိတ်ထဲမှာအရမ်းကို ပီတိဖြစ်မိတယ်’’ဟု ကွင်းလယ် ကစားသမား စည်သူအောင်က ပြောသည်။

ဆီးဂိမ်းအကောင်းဆုံး ကစားသမားအဖြစ် စာရင်းဝင်ခဲ့ သည့် စည်သူအောင်သည် လာ ရောက်ကြိုဆိုကြသည့် အမျိုးသ မီးပရိသတ်များအကြားရေပန်းအ စားဆုံးကစားသမားတစ်ဦးဖြစ်ခဲ့သည်။ ကစားသမားများ လေ ယာဉ်ပေါ်မှ မဆင်းမီကတည်းက ပင် စည်သူအောင်နှင့် ဓာတ်ပုံတွဲ ရိုက်ရန် အမျိုးသမီးပရိသတ် အ များအပြားက ပြင်ဆင်ခဲ့သော် လည်း လုံခြုံရေးအရာရှိများက စည်သူအောင်ကို လူအုပ်ကြားထဲ မှ ခွဲထုတ်သွားသောကြောင့် ပရိ သတ်များ စိတ်ပျက်ခဲ့ရသည်။ ယင်းသို့ တားဆီးထားသည့်ကြား ကပင် အသင်းသားများ၏ အနီး သို့ တိုးကပ်ခွင့်ရသည့် အမျိုးသမီးကြီးအချို့က အနမ်းဖြင့် ဂုဏ်ပြုကြသည်။

မြန်မာယူ-၂၃ အသင်းသည် ခေတ္တတည်းခိုရာ သုဝဏ္ဏဘော လုံးကွင်းအနီးရှိ GOAL ဟိုတယ် သို့သွားရာ လမ်းတစ်လျှောက်၌ လည်း ပရိသတ်များက ကြိုဆိုခဲ့ ကြသည်။

‘‘ပရိသတ်အားပေးတာက ကျွန်တော်တို့ မျက်ရည်တောင်ကျ တယ်’’ဟု ယူ-၂၃ နည်းပြချုပ် ဦး ကြည်လွင်က စင်ကာပူနှင့်ရန်ကုန် ရှိ ပရိသတ်များအား ရည်ညွှန်းပြီး ပြောသည်။

မြန်မာ ယူ-၂၃အသင်းသည် ပြိုင်ပွဲမ၀င်မီက မည်သူမျှသတိ ထားမိသည့် အသင်းမဟုတ်ဘဲအ သင်းသားအများစု၏ အမည်ကို ပင် ပရိသတ်အများစု မသိရှိခဲ့ကြ ပေ။ ၂၀၁၃ ဆီးဂိမ်းတွင် အုပ်စု အဆင့်မှ ထွက်ခွာခဲ့ရခြင်း၊ယူ-၂၀ အသင်း၏ သမိုင်းဝင်ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် တစ်ချိန်တည်း ယှဉ်ပြိုင် ခဲ့ရခြင်း စသည့် အခြေအနေများ ကြောင့် မြန်မာဘောလုံးပရိသတ် များ၏ စိတ်ဝင်စားမှုအနည်းဆုံး ဖြစ်ခဲ့ရသည့် ယူ-၂၃ အသင်း သည် ဆီးဂိမ်းပြိုင်ပွဲပြီးဆုံးချိန်တွင်တော့ ပရိသတ်များ၏ စိတ်ဝင်စားမှုကို အမြင့်ဆုံးအထိ ရောက်ရှိအောင် ဖမ်းစားနိုင်ခဲ့သည်။

မြန်မာယူ-၂၃ အသင်းသည် ထိုင်းအသင်းကို ဂိုးပြတ်ရှုံးကာ ဒုတိယဖြင့် ကျေနပ်လိုက်ရသော် လည်း မြန်မာနိုင်ငံ၏ စီးပွားရေး သာ ယခုထက် ပိုမိုတောင့်တင်းပြီး အစိုးရ တာဝန်ရှိသူများ ပံ့ပိုးပေး မည်ဆိုပါက အောင်မြင်မှုရရှိလာ မည်ဖြစ်ကာ ထိုင်းအသင်းကို ၁၀ဂိုးထက်မနည်း ပြန်သွင်းယူနိုင်စွမ်းရှိသည်ဟု အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က တိုင်းပြည်နိမ့်ကျမှုနှင့်နှိုင်းယှဉ်၍ ပြောကြားသည်။

7Day Daily

0 comments:

Post a Comment