Friday, June 26, 2015

ငြိမ်းချမ်းရေးသာလိုပါတယ်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းမှာ မွေးဖွားပြီး ဇာတိမြေနဲ့ခွဲခွာသွားခဲ့တာနှစ်ပေါင်းအတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ တစ်မြို့တစ်ရွာမှာ အိမ်ထောင်ကျ၊ သားသမီးမြေးမြစ်တွေရပြီးဇရာထောင်းတဲ့အရွယ်ရောက်လာပြီ မို့ ကိုယ့်ဇာတိချက်ကြွေကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ကျောက်စိမ်းမှော်ဒေသဟာ ကျုပ် ငယ်စဉ်ကလိုပဲ အတ္တတွေ လိုချင်တပ်မက်မှုတွေနဲ့ ဖုံးလွှမ်းနေဆဲပါပဲ။ ကိုယ့်ဇာတိရွာမှာ အေးအေးဆေးဆေးနေမယ်ဆိုတဲ့ စိတ်ကူးနဲ့ ပြန်လာခဲ့ပေမယ့်တိုင်းရင်းသားတွေ ကြုံတွေ့နေရတဲ့ဒုက္ခကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေမိတယ်။
ဒေသခံတိုင်းရင်းသားတွေဟာ တစ်ပိုင်တစ်နိုင် ရေမဆေးကျောက်လေးတွေရှာဖွေပြီး ၀မ်းရေးကိုဖြေရှင်းလို့ ရနေပါတယ်။ ကျောက်လုပ်ကွက်တွေမှာလည်း လုပ်လို့ရတယ်။မှော်တွေမှာလည်းစီးပွားဖြစ်တူးလို့ ရသလို အလုပ်သမားအဖြစ်လည်း ၀င်ငွေဖြောင့်ပါတယ်။ ဒီဒေသမှာနေထိုင်တဲ့  ဒေသခံပြည်သူတွေအတွက်တော့ စိန်ကို မလို၊ ရွှေကိုမလိုဘူးလို့တောင် ပြောနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
ဒါပေမဲ့ ကချင်ဒေသခံတိုင်းရင်းသားတွေ ဟာ အခြားသော တိုင်းရင်းသားတွေထက်စာရင် ပညာရေး၊ လူမှုရေး၊ အဆင့်အတန်း၊ အတွေးအခေါ် ဗဟုသုတတွေ နောက်ကျကျန်နေတာကို တွေ့ရပါတယ် ။ အဓိက ကတော့မျိုး ဆက်သစ် လူငယ်တွေထဲမှာထွန်းပေါက်တဲ့လူ ပေါ်ထွက်မလာဘဲ အကြောက်တရားရဲ့လွှမ်းမိုးမှု ၊ ဖိနှိပ်ချုပ်ချယ် မှုအောက်မှာ ရောက်ရှိနေတာတွေ့ရပါတယ်။
ဒီတော့ ကျောက်စိမ်းတွေ၊ ရွှေတွေဘယ်လောက်ပဲထွက်ထွက်၊ ကိုယ့်ပြည်နယ် ကိုယ့်ဒေသကို ဖွံ့ဖြိုးတိုးတက် အောင်မလုပ် နိုင်ရင် အလကားပါပဲ။ ကြာလာရင် ဒီ ကချင်ဒေသသခံတွေဟာ အခြားသော တိုင်းရင်းသားတွေ နဲ့ သီးခြားလိုဖြစ်သွားပါတော့မယ်။ ဒါကြောင့်ဒီအကြောင်းတရားတွေကို ဖယ်ရှားရမယ်။ အဲဒီဖိနှိပ်အုပ်ချုပ်မှု အောက်ကနေ ရုန်းထွက်ရပါမယ်။ သူတို့အပေါ် လွှမ်းမိုးချုပ်ကိုင်နေတာကတော့ အများသိထားတဲ့အတိုင်း KIO/KIA ခေါင်းဆောင်တွေ ပဲ ဖြစ်ပါတယ်။
စစ်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ စစ်ပြေးဒုက္ခသည်ဘ၀ ရောက်ကြရတယ်။ ကလေးငယ်တွေ စာမသင်ရဘဲ တောတောင်တွေထဲမှာ ပုန်းအောင်းနေရတယ်။ အဆင့်မြင့်ပညာရပ်တွေ၊ အဆင့်မြင့်ကျောင်းတွေမှာ မသင်ကြ ရဘူး။ ပြည်မကလူတွေနဲ့ ထိတွေ့ ဆက်ဆံခွင့်မရဘဲ သီးခြားကမ္ဘာလိုဖြစ်နေတယ်။ အဲဒီအကြောင်းတရား တွေဟာ ငြိမ်းချမ်းရေးမရလို့သာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ငြိမ်းချမ်းရေး မရသေးတဲ့အတွက် ဒေသခံ ပြည်သူတွေ ဟာလည်း လူ့အခွင့်အရေးတွေဆုံးရှုံးနေရတာဖြစ်ပါတယ်။
အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ရတာပါဆိုပြီး ဒေသခံတွေ အမှတ်မှားနေကြတယ်။ စစ်ဆိုတာ တစ်ဖက်တည်းနဲ့ဖြစ်လို့မရဘူး ။ နှစ်ဖက် အဆင်မပြေလို့သာဖြစ်လာခြင်း ဖြစ်ပါတယ်။ ဒီိတော့ အစိုးရနဲ့ KIO / KIA ကြားမှာ ဘာတွေဖြစ်နေသလဲဆိုတာ အမှန်အတိုင်းသိဖို့လိုပါတယ်။ တကယ်တော့ အစိုးသစ်လက်ထက်မှာ KIA တင်မကဘဲ တိုင်းရင်းသားလက်နက်ကိုင်အားလုံးနဲ့ အပစ်ရပ်ရေး ဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ လုပ်ခဲ့ပါတယ်။ KIA နဲ့ လက်နက်ကိုင်အနည်းစုကလွဲရင် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ကုန်ကြပြီ။ သူတို့ ပြည်သူတွေငြိမ်းချမ်းကုန်ကြပြီ။
ဒါဖြင့် ရင် ကချင်ပြည်နယ် မငြိမ်းချမ်းတာ ဘယ်သူ့ကြောင့်လဲ။ KIO / KIA အဖွဲ့တို့ကြောင့်ဆိုတာ အဖြေကရှင်း နေပါတယ်။ သူတို့နဲ့ အစိုးရကြားမှာ ဘာတွေ ညှိနှိုင်းလို့ မရဘူးလဲဆိုတာ ကျုပ်မသိပါဘူး။ ဒါပေမဲ့ KIA အနေ နဲ့ အခြားသော လက်နက်ကိုင်အဖွဲ့တွေကို လေ့လာကြည့်ရပါမယ်။ သူတို့လိုပဲ KIO / KIA အဖွဲ့တို့ ငြိမ်းချမ်းရေးရယူလိုက်ရင် ကျုပ်တို့ ကချင်ပြည်နယ်ကြီးလည်း အေးချမ်းသာယာသွားမှာ ဖြစ်ပါတယ်။ ဒေသခံ ပြည်သူတွေရဲ့ ဘ၀ကို စာနာတယ်၊ ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောတယ်ဆိုရင် KIA အနေနဲ့ ငြမ်းချမ်းရေး ယူခြင်းသည်သာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါက ကျုပ်တို့ ဒေသခံပြည်သူတွေ ဖြစ်ချင်တဲ့ ဆန္ဒပါ။ လုပ်တာ မလုပ်တာ ကတော့ KIO /KIA ခေါင်းဆောင်တွေရဲ့ အပိုင်းဖြစ်သွားပါပြီ။ ရိုးသားစွာပြောရရင် ကျုပ်တို့ ဒေသခံပြည်သူတွေဟာ စိန်ကိုမလို ရွှေကိုမလို ငြိမ်းချမ်းရေးသာ လိုပါတယ် လို့သာ ပြောလိုက်ချင် ပါတယ်။

နော်တူုးအောင်
Today Myanmar

0 comments:

Post a Comment