Sunday, June 28, 2015

သမ္မတဖြစ်ချင်ရင် ပိုင်ဆိုင်မှု ကြေညာပါ အဖေရှင်ဘုရင်လုပ်ရင်၊ သားတွေခရိုနီ မလုပ်နဲ့ သားတွေခရိုနီလုပ်ရင်၊ အဖေရှင်ဘုရင်မလုပ်နဲ့


ရွှေမန်းသဘင်ဆိုတာ အလင်္ကာ ကျော်စွာ ရွှေမန်းဦးတင်မောင် ထူထောင်ခဲ့တဲ့ ဇာတ်ကြီးခင်ဗျ။ သစ္စာမေတ္တာ ရွှေမန်းသဘင်လို့ ခေါ်တယ်။ "အကမှာ ဖိုးစိန်" (နောင်စိန် မဟာသဘင်)၊ "အပြောမှာ ရွှေမန်း" ဆိုပြီး ဆိုကြရတယ်။ ရွှေမန်းဟာ အပြောမှာ နာမည်ကြီးတယ်။ "ရွဲကုန်သည် ပြဇာတ်၊ ဘုရားအလောင်း လေးတော်တင်ခန်းပြဇာတ်တို့ဆိုတာ ရွှေမန်းရဲ့ အပြောင်မြောက်ဆုံး အပြောတွေပါတဲ့ ဇာတ်တော်ကြီးတွေ ဖြစ်တယ်။ရွဲကုန်သည်ဇာတ်ထဲမှာ ရွှေမန်းတင်မောင်က ရွဲကုန်သည်အဖြစ် သရုပ်ဆောင်တယ်။ ရွဲကုန်သည် ရွှေမန်းဟာ နေရာဒေသ ပေါင်းစုံ လှည့်လည်ရင်း ရွဲရောင်းတယ်။ တစ်နေ့မှာ ရွာတစ်ရွာကို ရွဲကုန်သည် ရွှေမန်း ရောက်သွားတယ်။ အဲဒီရွာက သူဆင်းရဲ အဘွားအိုနဲ့ မြေမလေး တစ်ဦးက ရွဲကုန်သည် ရွှေမန်းဆီက ရွဲတချို့ လိုချင်တယ်။ သူတို့မှာ ရွဲဝယ်ဖို့ အသပြာကလည်း မရှိတာကြောင့် အနှစ်နှစ် အလလက အိမ်ထဲမှာ သိမ်းထားခဲ့တဲ့ ကြေးခွက်ကြီး တစ်လုံးနဲ့ ရွဲအနည်းငယ် လဲချင်တဲ့အကြောင်း ရွဲကုန်သည် ရွှေမန်းကို ပြောတယ်။ ရွဲကုန်သည်ဟာ ကြေးခွက် အဟောင်းကြီးကို ယူကြည့်လိုက်တဲ့အခါ ရွှေခွက်ကြီး ဖြစ်နေမှန်း သိသွားတယ်။ ဒီရွှေခွက်ကြီးဟာ အသပြာ တစ်သိန်းလောက် တန်နေမှန်း သိလိုက်တယ်။ သူဆင်းရဲ မြေး အဖွားဟာ အသပြာ တစ်သိန်းတန်တဲ့ သူတို့ ရွှေခွက်ကို ရွှေခွက်မှန်း မသိဘဲ ရွဲနဲ့ လဲတယ်။ လောဘရမ္မက် အလွန်ကြီးတဲ့ ရွဲကုန်သည် ရွှေမန်းက သူ့မှာ ပါလာတဲ့ ရွဲနဲ့မလဲ မပေးချင်ဘဲ အလကား လိုချင်သွားတယ်။ အသပြာ တစ်သိန်းထိုက်တဲ့ ရွှေခွက် မဟုတ်ဘဲ အလကားတောင် ဘယ်သူမှ အလကား ပေးရင်တောင် မလိုချင်တဲ့ ခွက်အစုတ်ပဲ ဆိုပြီး သူဆင်းရဲ မြေးအဖွားဆီက ရွှေခွက် အလကား ရအောင်ကြံတယ်။ ရွဲကုန်သည်ဟာ ရုတ်တရက် တက်လာတဲ့ လောဘကို ဘယ်လိုမှ မတားဆီးနိုင်တော့ဘဲ သင်တို့ ပေးတဲ့ ကြေးခွက်ကြီးမှ ဘယ်လိုမှ တန်ဖိုးမရှိတဲ့ ခွက်အဟောင်းကြီး ဖြစ်တာကြောင့် သူ့ရဲ့ ရွဲတွေနဲ့ မလဲပေးနိုင် ဘူးလို့ ပြောချလိုက်တယ်။ ရွဲလှလှလေးတွေ လိုချင်လွန်းလှတဲ့ မြေးမလေးဟာ ငိုကြွေးရှာတယ်။ လောဘ အလွန်အမင်း တက်နေတဲ့ ရွဲကုန်သည်ဟာ အသပြာ တစ်သိန်း ထိုက်တဲ့ ရွှေခွက်ကြီးကို ရွဲတွေ မပေးရဘဲ အလကား လိုချင်တဲ့ စိတ်နဲ့ ဟန်ဆောင်ပြီး သူဆင်းရဲ မြေးအဖွားကို ကျောခိုင်းပြီး ထွက်လာခဲ့တယ်။

လောဘကို မထိန်းနိုင်၍ ရွှေခွက် လက်လွတ်သွားရလေသော ရွဲကုန်သည် ရွှေမန်း

ရွဲကုန်သည်ဟာ မြစ်ကမ်းတစ်ခုဆီ ရောက်မှ နောင်တရပြီး သူဆင်းရဲ မြေးအဖွားဆီ ပြန်လာတယ်။ အဲဒီမှာ ရွဲကုန်သည် ရွှေမန်းနောက်ကျသွားပြီး ခင်ဗျ။ ရွဲကုန်သည် ရွှေမန်း အဲဒီရွာက ထွက်သွားပြီး မကြာမီ ရိုးသားဖြောင့်မတ်တဲ့ အခြား ရွဲကုန်သည် တစ်ဦးက သူဆင်းရဲ မြေအဖွား ရှိရာကို ရောက်လာတယ်။ မြေအဖွားက သူတို့ ကြေးခွက်နဲ့ ရွဲလဲချင်ကြောင်း ပြောတော့ ဒီခွက်ဟာ သာမန် ကြေးခွက် မဟုတ်ဘဲ အသပြာ တစ်သိန်းထိုက်တဲ့ ရွှေခွက်ကြီး ဖြစ်နေကြောင်း ရှင်းပြတယ်။ သူဆင်းရဲ အဖွားအိုက ဒီရွှေခွက်ဟာ အသင်နဲ့ ထိုက်တဲ့အတွက် အသင်ယူသွားပါ။ သူမြေးမလေး လိုချင်တဲ့ ရွဲ အနည်းငယ်သာ ပေးခဲ့ပါလို့ ဆိုတယ်။ ရိုးသားတဲ့ ရွဲကုန်သည်ဟာ သူ့မှာပါလာတဲ့ ရွဲအားလုံးကို ပေးခဲ့တယ်။ ဒါ့အပြင် သူ့မှာ ရှိသမျှ ငွေအသပြာ အားလုံးလည်း ပေးခဲ့တယ်။

အလိုရမ္မက်ကြီးတဲ့ ရွဲကုန်သည် ရွှေမန်း သူဆင်းရဲ မြေးအဖွားဆီ ပြန်ရောက်လာတယ်။ မြေးအဖွားက အကြောင်းစုံကို ရှင်းပြလိုက်တော့ ရွှေခွက်ကြီး ဆုံးရပြီဆိုပြီး ငိုချင်းချပါတော့တယ်။ "မပေး…ပေး….ပေး…ငါ့ရွှေခွက်ပေး" အရင်မိန်းမအတွက် ရွှေ…ဒီရွှေ..နောက်မိန်းမအတွက် ရွှေ..ဒီရွှေ" ဆိုပြီး ရွှေမန်းတင်မောင် ရဲ့ အဆိုအဟဲကို အခုထိ နားက မထွက်ဘူး။ လောဘရမ္မက်မီးကြောင့် ရွဲကုန်သည် ရွှေမန်းဟာ သွက်သွက်ခါအောင် ရူးသွပ်သွားပြီး ရင်ကွဲ ပက်လက် နှလုံးကွဲ သေပွဲ ဝင်ရတဲ့ ဇာတ်တော်ကြီး ခင်ဗျ။

ဇာတ်က ကောင်းသလောက် ရွှေမန်းရဲ့ အငိုအပြော အဆိုတွေ ပိုင်ချက် ကောင်းလွန်းလို့ ကျုပ် အခုထက်ထိ နားထဲက ရွှေမန်းရဲ့ အဟောအပြောတွေကို မထွက်နိုင်သေးဘူး။

ဘုရားလောင်း လေးတော်တင်ခန်းမှာလည်း အမတ်ကြီး မောင်ကာဠုအဖြစ် သရုပ်ဆောင်တဲ့ ရွှေမန်းက အပြောက ပိုင်တယ်ခင်ဗျ။ "ဟုတ်ပါ့မလား…မောင်ကာဠုရဲ့" ဆိုတဲ့ ရွှေမန်းတင်မောင်ရဲ့ အပြောကို လူတိုင်း မှတ်မိနေကြတယ်။ ဒါ့ကြောင့် ရွှေမန်း သဘင်နဲ့ ပတ်သက်ပြီး "အပြောကတော့ ရွှေမန်း"၊ "အကမှာတော့ ချိုမိုင်မိုင်" လို့ စကားပုံတောင် ဖြစ်လာခဲ့ရတယ်။

ရွှေမန်းတင်မောင် ခမျာ သူ့ဝါသနာကြီးလှတဲ့ အနုပညာတွေ မမောနိုင် မပန်းနိုင် တင်ဆက်ရင်း ဇာတ်ကရင်းနဲ့ပဲ ဇာတ်စင်ပေါ်မှာ နှလုံး အတိုက်ခိုက် (Heart Attack) ခံရပြီး ရုတ်တရက် ကွယ်လွန် သွားခဲ့ရရှာတယ်။ ရွှေမန်း ဆုံးတော့ သူ့သား ညွန့်ဝင်း၊ ဝင်းဗိုလ်၊ ဆန်းဝင်း၊ ချမ်းသာ၊ ဝင်းမောင်ဆိုပြီး ပေါ်လာကြတယ်။ အခု ရုပ်ရှင်မင်းသား ကျော်ကျော်ဗိုလ်ဆိုတာ အလင်္ကာ ကျော်စွာ ရွှေမန်းတင်မောင်ရဲ့ မြေး ခင်ဗျ။ ရွှေမန်း တင်မောင်ကို ဆက်ခံတဲ့ သားတွေ၊ မြေးတွေလည်း သူတို့ အထိုက်အလျောက် အနုပညာ အရည်အချင်းတွေ ရှိကြပေမယ့် ရွှေမန်းတင်မောင်ကိုတော့ ဘယ်လိုမှ မမီကြတော့ဘူး။ မြန်မာ့ ဇာတ်သဘင်လောကမှာ ရွှေမန်းရဲ့ ရာဇဝင်ကို စာတင်ရမှာ ဖြစ်တယ်။

ပဲခူးရွှေမော်ဓေါဘုရားပွဲတော်နှင့် ရွှေမန်းသဘင်


ကျုပ်တို့ ပဲခူးမြို့ ရွှေမော်ဓေါဘုရားပွဲဟာ တန်ခူးလမှာ အမြဲကျင်းပတယ်။ တောင်ဘက်မုခ်က လယ်ကွင်း ကြီး တွေ၊ ရိုးပြတ်ကွင်းကြီးတွေထဲမှာ ရွှေမန်းသဘင်၊ စိန်မဟာသဘင်၊ မြို့တော်သိန်းအောင်၊ စိန်မာဒင် မပါရင် ပွဲမစည်ဘူး။

ကျုပ်တို့ ငယ်ငယ်က ပဲခူးမြို့ဆိုတာ ဆေးလိပ်ရုံတွေ အားထားနေရတဲ့မြို့၊ ရွှေဘဲဆေးလိပ်၊ ခြင်္သေ့သုံးကောင်၊ စင်္ကြာဆေးလိပ် စတဲ့ ဆေးလိပ်ခုံကြီးတွေရှိတယ်။ ဒါကြောင့် ဆံတော်တွင်း၊ ဟင်္သာကုန်း၊ ဆိုရှယ်လစ်၊ ပုဏ္ဏားစု၊ ထန်းတစ်ပင်၊ မွန်စု၊ ဇိုင်းဂနိုင်း စတဲ့ ရပ်ကွက်တွေမှာ အိမ်တိုင်းလိုလို ဆေးလိပ်ခုံတွေရှိကြတယ်။ ကျုပ်တို့ရပ်ကွက်ထဲမှာလည်း အိမ်ရှေ့၊ အိမ်အနောက်၊ ဘေးအိမ်၊ မျက်စောင်းထိုး အိမ်၊ အိမ်မအားလုံးဟာ ဆေးလိပ်ခုံရှိတယ်။ တစ်နေကုန်နဲ့ တစ်ညဦးပိုင်းလုံး ဆေးလိပ်ခုံ တွေက ဆေးလိပ်အစီခံ ညီအောင်ထုတဲ့ အသံတွေကြား နေရင်းနဲ့ ကျုပ်လည်း လူလားမြောက်လာတယ်။

တန်ခူးလရောက်ပြီဆိုရင်တော့ အနှီဆေးလိပ်လိပ်သမအားလုံးဟာ ညနေစောင်းပြီဆိုတာနဲ့ ရေမိုးချိုး အလှပြင်ကြပြီ။ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ပြီး ဇာတ်ပွဲသွားဖို့ ပြင်နေကြပြီ။ လမ်းမီးတွေ လင်းချိန် ရောက်ပြီဆိုတာနဲ့ ဇာတ်ပွဲရှိရာ ရွှေမော်ဓေါတောင်ဘက်မုဒ်ကို အနွေးထည်တွေ၊ စောင်တွေ၊ လက်ဆွဲခြင်း တောင်းကြီးတွေနဲ့ ချီတက်ကြပြီ၊ လက်ဆွဲခြင်းတောင်းကြီးတွေထဲမှာ ရေဘူး၊ ဓါတ်ဘူး။ ပုစွန်ခြောက် အကောင်ကြီးတွေနဲ့ ကြိုနှပ်ထားတဲ့ လက်ဖက်ဘူး၊ အကြော်စုံဘူး၊ လက်သုတ်ပဝါကအစ ပွဲခင်းထဲမှာ အေးလာရင်ခြုံဖို့ စောင်တွေပါ သယ်သွားကြတတ်တယ်။ ရွှေမော်ဓေါဘုရားပွဲကျင်းပတဲ့ တန်ခူးလ တစ်လလုံးနီးပါး ပဲခူးသူတွေ အထူးသဖြင့် ဆေးလိပ် သမတွေဟာ တစ်ညတောင်မှ ဇာတ်ပွဲ အလွတ်မပေးတတ်ကြဘူး။ ပဲခူးသူတွေ အကြိုက်ဆုံး ဇာတ်သဘင် ကတော့ ရွှေမန်းသဘင်ပဲ ခင်ဗျ။ တန်ခူးလ မတိုင်ခင်ကတည်းက ရွှေမန်းသဘင်ပွဲဆက် အစအဆုံး ညစဉ်ရက်ဆက် ဖျာတွေ ကြိုဝယ်ထားတတ်ကြတယ်။ နီးမှ ဝယ်ရင် နဂိုဈေးနဲ့ မရတော့ဘဲ အမြတ်ပေးကြရတယ်။ ပြဇာတ် ကောင်းတဲ့ညဆို ဖျာဈေးက တောင်းချင်သလို တောင်းကြတာ။ တစ်နှစ်ပတ်လုံး ဖင်ဂျွတ်တက်အောင် ထိုင်ပြီး ဆေးလိပ်လိပ်၊ စုလာတဲ့ ငွေအားလုံး တစ်နှစ်တစ်ခါလာတဲ့ ရွှေမန်းသဘင်ဇာတ်ကို ပဲခူးသူတွေက သွားသွားပြီး စုပေးကြသလိုမျိုးကို ဖြစ်ခဲ့ကြရတာ။

ရွှေမန်းတင်မောင်ဆုံးတော့ ဝင်းဗိုလ်ခေတ်၊ ဆန်းဝင်းခေတ်၊ ချမ်းသာခေတ်လည်း ဒီအတိုင်းပါဘဲ။ ပဲခူးသူတွေဟာ ရွှေမန်းသဘင်ဇာတ်ကို ပေးဖို့ တစ်နှစ်ပတ်လုံး ဆေးလိပ် လိပ်ပြီး စုဆောင်း နေရသလို မျိုးကို ဖြစ်ခဲ့ကြဖူးတယ်။

ပဲခူးသူတွေက ရွှေမန်းမှ ရွှေမန်းပဲခင်ဗျ။ ရွှေမန်းသာ ချမ်းသာသထက် ချမ်းသာသွားကြတယ်။ ပဲခူးသူဆေးလိပ်သမတွေခမျာ ဒုံရင်းက ဒုံရင်းပဲ။ တစ်နှစ်လိပ်လည်း မပြောင်၊ ဆယ်နှစ်လိပ်လည်း မပြောင်လာခဲ့ပါဘူး၊ ပဲခူးသူဆေးလိပ်သမတွေရဲ့ လက်ထိပ်တွေမှာလည်း ဆေးလိပ်ခေါင်းချိုးရတဲ့ သံဆူးကလေးတွေ စူးတဲ့ဒဏ်နဲ့ အမာရွတ်ကျန်ခဲ့တာပဲ အဖတ်တင်တယ်။ ဒါတွေက တစ်ခါက တစ်ဘဝတုန်းက ပဲခူးမြို့နဲ့ ရွှေမန်းဆက်ဆံရေးသမိုင်းခင်ဗျ။

ရွှေမန်းဦးတင်မောင်ပြီးတော့ သူရဦးရွှေမန်း ပေါ်လာခြင်း

ရွှေမန်းတင်မောင်ပြီးတော့ အခု မြန်မာပြည်မှာ နောက်ထပ် ရွှေမန်းပေါ်လာပြန်ပြီ။ ဒီတစ်ခါ ရွှေမန်းကတော့ ဇာတ်ကတဲ့ ရွှေမန်းသဘင်မဟုတ်တော့ဘူးခင်ဗျ။ ပြည်ထောင်စု လွှတ်တော်နာယကကြီး သူရဦးရွှေမန်း ခင်ဗျ။ သူရဦးရွှေမန်းဆိုတာ တပ်မ ၆၆ တပ်မှူးဘဝနဲ့ ကရင်ပြည်နယ် စစ်ဆင်ရေးတွေမှာ သူရဘွဲ့ရခဲ့တဲ့ မြန်မာ့တပ်မတော်ထဲက သူရဲကောင်းဗိုလ်ချုပ်ကြီးခင်ဗျ။

ဦးရွှေမန်းက ပဲခူးတိုင်း၊ အရှေ့ခြမ်း ကညွတ်ကွင်းဇာတိခင်ဗျ။ ဒါကြောင့် ဦးရွှေမန်းလည်း ပဲခူးဆိုတဲ့ ဝေါဟာရနဲ့တော့ ဆက်နွယ်ပတ်သက်နေပါတယ်။ ဦးရွှေမန်းကြည့်ရတာတော့ ရိုးပုံရိုးအကြီးနဲ့ပါ။ သူရဦးရွှေမန်းကလည်း တစ်ချိန်က အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ထက် မညံ့အောင် အပြော ကောင်းသူပဲခင်ဗျ။ လွှတ်တော်ကြီးရဲ့ နာယကကြီးထိုင်ခုံကြီးပေါ်မှာ လွှတ်တော်နာယက ဝတ်စုံကြီးနဲ့ သူပြောနေတဲ့ စကားလုံးတွေ၊ လွှတ်တော်ကို ထိန်းကြောင်းနေတာတွေ ရုပ်မြင်သံကြားထဲမှာ ကြားဖူးတော့ သူလည်း ရွှေမန်းတင်မောင်နဲ့တော့ နင်လား ငါလားပဲခင်ဗျ။

ရွှေမန်းတင်မောင်မှာ ညွှန့်ဝင်း၊ ဝင်းဗိုလ်၊ ဆန်းဝင်း၊ ချမ်းသာ၊ ဝင်းမောင် ဆိုပြီး သား ၅ ယောက် လောက်ရှိခဲ့လို သူရဦးရွှေမန်းကလည်း အောင်သက်မန်း၊ တိုးနိုင်မန်း ဆိုပြီး သားနှစ်ယောက် ရှိသတဲ့။ သားကြီး အောင်သက်မန်းနဲ့ သားငယ်တိုးနိုင်မန်းတို့ဟာ နာမည်အတော်ကြီးကြတယ်။ သားကြီး အောင်သက်မန်းလက်ထဲမှာ ဧရာရွှေဝါဆိုတဲ့ လယ်ယာစိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာတွေ၊ ဓါတ်မြေသြဇာ ရောင်းဝယ်ရေးကုမ္ပဏီကြီး ပိုင်ထားတယ်။ E-Lite အီလိုက် ဆိုတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အဝေးပြေး ယာဉ်လိုင်းကြီး ရှိတယ်။ Red Link ဆိုတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အင်တာနက် ဆက်သွယ်ရေး ထောက်ပံ့ရေးကုမ္ပဏီကြီးရှိတယ်။ ဦးအောင်သက်မန်းဆိုတာ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး လူပုဂ္ဂိုလ် ခရိုနီကြီး ၂၀ ထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး အလွန်ချမ်းသာပါတယ်။

ဦးတိုးနိုင်မန်းဆိုတာကလည်း ဇေကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီကြီးရဲ့ ပိုင်ရှင် ဦးခင်ရွှေရဲ့ သမက်ခင်ဗျ။

သူရဦးရွှေမန်းမှာ ဘာပြဿနာမှ မရှိပါဘူး။ သမ္မတလောင်း ဝင်ယှဉ်ပြိုင်နိုင်စွမ်း အရည်အသွေး ပြည့်မီပါတယ်။ ဦးရွှေမန်းဟာ ကျန်းမာရေးကောင်းပုံရပါတယ်။ မြန်မာစကားကို အလွန်ကျွမ်းကျင်စွာ ပြောတတ်ပါတယ်။ အသံသြဇာလည်း ရှိပါတယ်။

ဒါပေမဲ့ ဦးရွှေမန်း သားနှစ်ယောက်နဲ့ ခမည်းခမက် ဖြစ်သူတို့က မြန်မာပြည်ရဲ့ အကြီးဆုံး ခရိုနီကြီးတွေဖြစ်နေတာကတော့ ပြဿနာအကြီးအကျယ်ရှိနေတယ်ခင်ဗျ။

သူရဦးရွှေမန်းရဲ့ မိခင်ကြီး ဒေါ်ဋ္ဌေးရီဟာ ၂၃၊ ၅၊ ၂၀၁၅ ရက်မှာ ကညွတ်ကွင်းမြို့ နေအိမ်မှာ အသက် ၉၂ နှစ် အရွယ်အရောက်မှာ ကွယ်လွန်အနိစ္စရောက်သွားပါတယ်။ (ဦးရွှေမန်း၏ မိခင်ကြီး ဒေါ်ဋ္ဌေးရီ ကောင်းရာမွန်ရာဘုံ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။) မိခင်ကြီးဈာပနာအတွက် ကညွတ်ကွင်း ကို ရောက်လာတဲ့ ဦးရွှေမန်းရဲ့ ဓာတ်ပုံတွေ မြင်ရတယ်။ ဦးရွှေမန်းရဲ့ မိခင်ကြီးဒေါ်ခင်ရီဟာ ကညွတ်ကွင်းက သာမန်မြန်မာ့ကျေးလက်ပုံစံ အိမ်ကလေးတစ်လုံးမှာပဲ သာမန်ပြည်သူပြည်သားတွေလို နေထိုင်ပြီး အေးအေးချမ်းချမ်းနဲ့ ဘဝပြောင်းသွားတာ တွေ့ရတော့ သာဓုခေါ်မိပါတယ်။ ဦးရွှေမန်းရဲ့ ကညွတ်ကွင်းက ဆွေမျိုးသားချင်းတွေရဲ့ မြန်မာဆန်ဆန် ရိုးရိုးသားသား ဓာတ်ပုံကြီးတွေ မြင်ရတော့ ဦးရွှေမန်းမိခင်နဲ့ မိခင်ရဲ့ ဆွေမျိုးသားချင်းတွေဟာ အင်မတန် ရိုးသားစွာ နေထိုင်ခဲ့ကြတဲ့ ကျေးလက်နေ မြန်မာအစစ်ကြီးတွေပဲဆိုတာ တွေ့လိုက်ရပါတယ်။

ဦးရွှေမန်းမိခင် ဈာပနာကို ကြံခိုင်ရေးပါတီ ဝါရင့်ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဦးအောင်သောင်း၊ ဦးဋ္ဌေးဦး အစရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေလည်း လာရောက်အားပေးတာ တွေ့ရတယ်။ ဦးရွှေမန်းရဲ့ မိခင်ကြီးနဲ့ ကညွတ်ကွင်းက ဆွေမျိုးသားချင်းတွေ ရိုးသလောက် ဦးရွှေမန်းရဲ့ သားတော်နှစ်ပါးနဲ့ ခမည်းခမက် ခရိုနီကြီးကတော့ အလွန်သွက်၊ အလွန်လျင် ကြတယ်ဗျ။ နတ်ပြည်နဲ့ မြေကြီးလို ကွာနေပါတယ်။ ခမည်းခမက် ခရိုနီကြီးက မြစ်ဝကျွန်းပေါ်ဘက်က ကျေးရွာတစ်ရွာက ရန်ကုန်တက်လာပြီး မည်သို့ လုပ်လိုက်သည်မသိ နှစ်အနည်းငယ်အတွင်း အချမ်းသာဆုံး ခရိုနီကြီး တစ်ဦး ဖြစ်သွားတယ်ခင်ဗျ။

ဦးရွှေမန်းဟာ စစ်သားကောင်းတစ်ယောက်ပါ။ သူရဘွဲ့တောင် ရထားတဲ့ စစ်သားပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း လူမှုရေး ခင်မင်မှုအတိုင်းအတာ ကြီးမားပုံရပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ ကျန်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေ ထက်စာရင် ဦးရွှေမန်းကို အများကြီး ခင်မင်ရင်းနှီး ယုံကြည်နေပုံ တွေ့ရပါတယ်။

သူရဦးရွှေမန်းမှာ ဘာပြဿနာမှ မရှိပေမယ့် သူ့သားနှစ်ယောက်ရဲ့ ခမည်းခမက်နဲ့ စုစုပေါင်း ခရိုနီ ကုမ္ပဏီကြီး သုံးခုနဲ့ သွေးသားဆွေမျိုးတော်စပ် ပတ်သက်ဆက်နွယ်နေသော ပုဂ္ဂိုလ်ကြီးတစ်ဦးဟာ မည်မျှပင် ရိုးသားကြိုးစားစေကာမူ မည်မျှပင် တိုင်းပြည်ချစ်စိတ်ရှိစေကာမူ မြန်မာနိုင်ငံ၏ သမ္မတကြီးဖြစ်လာခဲ့သော်…။

အနှီ ခရိုနီကြီး သုံးဦးနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက်…။ စဉ်းစားတိုင်း စဉ်းစားတိုင်း… စဉ်းစားစရာတွေ တပုံတပင်ကြီးပါခင်ဗျ။

မြို့တစ်မြို့က တရားသူကြီးတစ်ဦးအကြောင်း

တစ်ခါက မြို့တစ်မြို့က တရားရုံးမှာ အဂတိလိုက်စားမှုကင်းပြီး ဖြောင့်မတ်တဲ့ တရားသူကြီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ အဲ့ဒီတရားသူကြီးဟာ ဘယ်အမှုသည်ကိုမှ အိမ်မှာ လက်မခံဘူးခင်ဗျ။ ရုံးမှာလည်း လုံးဝ မဆက်ဆံဘူး ခင်ဗျ။ မည်သည့်တံစိုးလက်ဆောင်ကိုမျှ လက်မခံပါဘူး။ ဒါကြောင့် ဒီတရားသူကြီးကို ဘယ်လိုမျှ လာဘ်လာဘထိုးလို့ မရကြဘူး ဖြစ်နေကြတယ်။

တစ်နေ့မှာတော့ အဲဒီတရားရုံးတရားခွင်ထဲမှာ တရားသူကြီး တရားစီရင်နေစဉ်အတွင်း ကွမ်းအစ်ကြီး တစ်လုံးနဲ့ ကွမ်းယာ တစ်ယာပြီးတစ်ယာ မှန်မှန်ယာစားနေတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက် တရားခွင်ထဲမှာ ပေါ်လာပါတယ်။ အဲဒီ ကွမ်းအစ်ကြီးနဲ့ ပုဂ္ဂိုလ်ကြီးဟာ နေ့စဉ် ဘယ်သူ့ကိုမျှ ကြည့်လည်းမကြည့်ဘူး။ စကားလည်းမပြောဘူး။ တရားစီရင်နေစဉ်အတွင်း တရားရုံးတစ်နေရာမှာ ကွမ်းအစ်ကြီး ထောင်ပြီး ကွမ်းပဲ အမြဲစားနေတယ်ခင်ဗျ။ ဒါကို တရားသူကြီးလည်း ဘာမှ ဟန့်တားခြင်း မလုပ်ဘဲ ခွင့်ပြုထားတယ်ခင်ဗျ။ ဒီလိုနဲ့ ကြာလာတာနဲ့အမျှ ဒီ ကွမ်းအစ်ကြီးထောင်ပြီး နေ့စဉ် ကွမ်းစားနေတဲ့လူကြီးကို အမှုသည်တွေက တိုးတိုးတိတ်တိတ် ချည်းကပ်လာကြပါတော့တယ်။

ဒီကွမ်းအစ်ကြီးနဲ့သူက တရားသူကြီးရဲ့ ငယ်သူငယ်ချင်းဆိုသူ ဖြစ်ပါသတဲ့။ အဲဒီမြို့က အမှုသည်တွေဟာ ကွမ်းအစ် ဆရာကြီးကတစ်ဆင့် တရားသူကြီး အမှုနိုင်ဖို့ တံစိုးလက်ဆောင် ငွေကြေးတွေ ပေးကမ်းတဲ့နည်း စတင်ပေါ်ပေါက်လာခဲ့ ပါတော့တယ်။ တရားသူကြီးဟာ အမှုသည်တွေဆီက ငွေကြေးလာဘ်လာဘကို တိုက်ရိုက် မယူဘဲ ကွမ်းအစ်ဆရာကြီးက တစ်ဆင့်ခံပြီး ယူခဲ့တာသာ ဖြစ်ပါတယ်။ အနှီတရားသူကြီးဟာ မည်သည့် အမှုသည်ဆီကမှ တံစိုးလက်ဆောင်လာဘ်လာဘ တိုက်ရိုက်မယူဘဲ ကွမ်းအစ်ဆရာကြီးက တစ်ဆင့် ယူခဲ့တဲ့အတွက် အနှီတရားသူကြီးကို လာဘ်စားမှုကင်းတဲ့ တရားသူကြီးလို့ ခေါ်ဆို၍ ရနိုင်ပါ သလား။

၂၀၁၅ မှာ အမတ်ကစ ဝန်ကြီးအလယ် သမ္မတအဆုံး မိမိဇနီး၊ သားသမီး၊ ယောက္ခမ၊ ဆွေမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုမကြေညာနိုင်ရင် ရွေးကောက်ပွဲ မဝင်ကြနဲ့

ဒါကြောင့် မြန်မာပြည်မှာ ၂၀၁၆ သမ္မတလုပ်မယ့်သူ ဘယ်သူမဆို ပိုင်ဆိုင်မှုတွေ အားလုံးကို အတိအလင်းကြေညာရပါမယ်။ မိမိသား သမီး၊ ဇနီး၊ ယောက္ခမ၊ ခမည်းမခမက်၊ ဆွေမျိုးတွေပိုင်တဲ့ ကုမ္ပဏီရှိရင် ကြေညာရပါမယ်။ ၎င်းကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေကို အတိအလင်းကြေညာ ရပါမယ်။ မရွှေ့ပြောင်းနိုင်တဲ့ မြေယာ၊ တိုက်အိမ်၊ ခြံမြေ၊ ပြည်တွင်းဘဏ်စာရင်း၊ ပြည်ပ ဘဏ်စာရင်း တွေကို ကြေညာရပါမယ်။ သူတို့ရဲ့ သားသမီး ဇနီးဆွေမျိုးတွေရဲ့ ကြွယ်ဝမှု ဓနဥစ္စာစာရင်းကို ရွေးကောက်ပွဲမတိုင်မီ ကြေညာရပါမယ်။

အကယ်၍ ပိုင်ဆိုင်မှုတွေကို မကြေညာနိုင်ရင်တော့ အမတ်လည်းမလုပ်နဲ့၊ ဝန်ကြီးလည်း မလုပ်ပါနဲ့၊ သမ္မတလည်း မလုပ်ပါနဲ့၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်များလည်း မလုပ်ပါနဲ့။

သူရဦးရွှေမန်းဟာ စစ်သားကောင်းတစ်ယောက်၊ လွှတ်တော်နာယကကောင်းကြီး တစ်ဦး ဖြစ်ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်ဆိုတာ ဦးရွှေမန်းက စတင်အကောင်အထည်ဖော်ခဲ့တဲ့ လွှတ်တော်ကြီး လို့ပြောလို့ရပါတယ်။ မြန်မာ့လွှတ်တော် ထူထောင်သူ Pioneer ကြီးအဖြစ် ဦးရွှေမန်း မှတ်တမ်းဝင် သွားပါပြီ။

လွှတ်တော်ဆိုတာ အစိုးရရဲ့အာဏာကို ထိန်းကျောင်း ကန့်သတ်မှုမရှိမဖြစ် လိုအပ်တဲ့ ဥပဒေပြု အာဏာကြီးတစ်ရပ် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဘယ်သူပဲ သမ္မတဖြစ်လာဖြစ်လာ အဲ့ဒီသမ္မတအစိုးရဲ့ အာဏာကို ထိန်းချုပ်ဖို့ စစ်မှန်တဲ့ လွှတ်တော်တွေနဲ့ ထက်မြက်တဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေ အမှန်တကယ် လိုအပ်ပါတယ်။ သူရဦးရွှေမန်းဟာ ထက်မြက်တဲ့အရည်အချင်းရှိတဲ့ လွှတ်တော်ဥက္ကဋ္ဌ ကောင်းတစ်ယောက်ပါ။

သို့သော် ပြဿနာကတော့ နိုင်ငံမှာ အာဏာအမြင့်ဆုံး သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ် ထားသူတစ်ဦးဟာ သူသမ္မတ ဖြစ်လာရင် သမ္မတအာဏာအရပ်ရပ်နဲ့ သူ့သားတွေ၊ သူ့ယောက္ခမတွေ၊ ခမည်းခမက်တွေရဲ့ စီးပွားရေးအင်အား ကြီးမားလှတဲ့ ဓနဥစ္စာတွေနဲ့ တစ်နည်းမဟုတ် တစ်နည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်စပ်ပတ်သက်လာမှာ ဖြစ်ပါတယ်။

သမ္မတလုပ်မယ့်သူဟာ ကိုယ်တိုင် မချမ်းသာဆိုပါတော့။ သို့သော် သားတွေ၊ သမီးတွေနဲ့ ခမည်း ခမက်၊ ဆွေမျိုးတွေကတော့ ခရိုနီတွေ၊ ဘီလီယံနာကြီးတွေ ဖြစ်နေပါတယ်လို့ ဆိုလာရင် ဒါဟာ ဘယ်လိုမှ လက်ခံလို့မရတဲ့ အဓိကပြဿနာကြီးပါပဲ၊ ကိုယ်တိုင် မီးမလောင်ပေမယ့် မီးလောင်ခြင်းကို အားပေးလို့ မရပါ။

သမ္မတအာဏာနဲ့ သားသမီး၊ ဆွေမျိုး၊ ခမည်းခမက်တွေရဲ့ စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို တစ်နည်းမဟုတ်တစ်နည်း ကာကွယ်စောင့်ရှောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတော် စီးပွားရေး အရေးကြီးသတင်းတွေ၊ နိုင်ငံတော်စီးပွားရေးစီမံကိန်းတွေ၊ လျှို့ဝှက်ထိပ်တန်း စီးပွားရေး သတင်းတွေကို သားသမီး၊ ခမည်းခမက်၊ ဆွေမျိုးသားချင်းဖြစ်သူတွေက ကြိုတင်ရယူ သိရှိသွား နိုင်ပါတယ်။

ဒါကြောင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အနေဖြင့် သမ္မတရွေးကောက်ပွဲမတိုင်မီ သမ္မတဖြစ်ရန်၊ အမတ်ဝင်ရွေးရန် ဆုံးဖြတ်ထားပါက သားသမီး၊ ဆွေမျိုးသားချင်းတော်စပ်သူများ၏ စီးပွားရေးလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်းများကို ဖျက်သိမ်းစေပြီး စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းကို ရပ်ဆိုင်းစေရမှာ ဖြစ်ပါတယ်။

အကယ်၍ သမ္မတဝင်ရောက်ယှဉ်ပြိုင်လိုသူသည် သားသမီး၊ ဆွေမျိုးသားချင်းများ၏ စီးပွားရေး လုပ်ငန်းများနှင့် ကုမ္ပဏီများကို မရပ်ဆိုင်း၊ မဖျက်သိမ်းဘဲ သမ္မတအဖြစ် ရွေးကောက်ခံမည်ဆိုပါက အနှီ ပုဂ္ဂိုလ်သည် သမ္မတဖြစ်လာခဲ့လျှင် အဖေက ရှင်ဘုရင် သားတွေက ခရိုနီ ဇာတ်လမ်း ဖြစ်ပေါ်လာမည်မှာ သေချာပါတယ်။ သမ္မတလုပ်သူ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ လုပ်သူ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမတ်များနှင့် ခရိုနီစီးပွားရေး ကုမ္ပဏီများ ဆက်နွယ်ပတ်သက်နေပါက ၎င်းတို့မှ တိုင်းပြည် စီးပွားရေးတစ်ခုလုံးကို လက်ဝါးကြီးအုပ်သွားနိုင်သော အခြေအနေဆိုးများကို သေချာပေါက်မြင်တွေ့နေရ ပါကြောင်း။

၂၀၁၅ ရွေးကောက်ပွဲမှစ၍ နောင်မြန်မာပြည် ရွေးကောက်ပွဲများတွင် သမ္မတအရွေးခံသူ၊ ဒုသမ္မတ အရွေးခံသူ၊ ဝန်ကြီးအဖြစ် တာဝန်ယူမည့်သူများအားလုံး၊ အမတ်လုပ်မည့်သူများအားလုံး မိမိတို့ ပိုင်ဆိုင်မှု များကို ကြေညာရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲမတိုင်ခင် ဥပဒေပြဋ္ဌာန်းသင့်ပါတယ်။

အထူးသဖြင့် သမ္မတလုပ်မည့်သူနှင့် တိုင်းနှင့်ပြည်နယ် ဒေသကြီး ဝန်ကြီးချုပ်လုပ်မည့်သူများ၏ သားသမီး ဇနီးများသည် လက်ရှိစီးပွားရေးလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်ကြီးများ မဖြစ်စေရ။ ၎င်းတို့၏ သားသမီး၊ ဆွေမျိုးအရင်းအချာများသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများ မဖြစ်စေရ ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းပေးရန် လိုပါကြောင်း အလေးအနက်တောင်းဆိုလိုက်ပါတယ်။

ကျွန်ုပ်သည် ဤဆောင်းပါးကို လက်ရှိသမ္မတဖြစ်သူ ဦးသိန်းစိန်အား လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်နာယကနှင့် ၂၀၁၆ သမ္မတဖြစ်ရန် ရည်မှန်းထားသူ သူရဦးရွှေမန်းအား လည်းကောင်း၊ နောက်ထပ် ရွေးကောက်ပွဲဝင်ကြမည့် အမတ်များ အားလုံးကိုလည်းကောင်း၊ ပုဂ္ဂိုလ်ရေး မုန်းတီးခြင်း လုံးဝ (လုံးဝ) မပါရှိဘဲ ရိုးသားစွာအကြံပေး ရေးသားခြင်းသာ ဖြစ်လေသည်။

ကျွန်ုပ်နှင့် သမ္မတကြီးဦးသိန်းစိန်အကြား၊ ကျွန်ုပ်နှင့် လွှတ်တော်နာယကကြီး ဦးရွှေမန်းအကြား၊ ကျွန်ုပ်နှင့် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ လွှတ်တော်အမတ်များအကြား ပုဂ္ဂိုလ်ရေးပြဿနာ၊ မိသားစု ပြဿနာ၊ စီးပွားရေးပြဿနာ၊ ငွေကြေးကိစ္စများ တစ်စိုးတစိမျှ ပတ်သက်ခြင်း ပြိုင်ဆိုင်ခြင်း လုံးဝ မရှိခဲ့ဖူးပါ။ ဤဆောင်းပါးရေးသားရန် မည်သူတစ်ဦးတစ်ယောက်မှလည်း ကျွန်ုပ်အား တိုက်တွန်းခြင်း မရှိပါ။ ကျွန်ုပ်သည် ၎င်းပုဂ္ဂိုလ်ကြီးများအားလုံးနှင့် ပြဿနာတစ်စုံတစ်ရာ ရှိဖို့ဝေးစွ ၎င်းပုဂ္ဂိုလ်ကြီးတို့အား တစ်ခါမှပင် မမြင်တွေ့၊ မဆက်ဆံခဲ့ဖူးသည့်အပြင် ကျေးဇူးခံ၊ ကျေးဇူးစားလည်း အလျဉ်းမရှိပါသဖြင့် ကျွန်ုပ်၏ လိပ်ပြာသည် ပကတိသန့်ရှင်းစွာဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြလိုက်ရခြင်း ဖြစ်လေသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစရှိသော ခေါင်းဆောင်ကြီးလေးဦးထဲမှ တစ်ဦးဦးသည် မြန်မာနိုင်ငံတော်၏ သမ္မတကြီး ဖြစ်လာပါတော့မည်။ သို့အတွက် ပုဂ္ဂိုလ်ကြီး ၄ ဦးစလုံး၏ ကိုယ်ရေး ရာဇဝင် အချက်အလက်များကို ပြည်သူလူထု၊ ရဟန်းရှင်လူအများ သိရှိနားလည်စေရန် တင်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။

အထက်ပါ ပုဂ္ဂိုလ်ကြီး လေးဦးထဲမှဖြစ်စေ၊ ပြည်သူထဲမှ တစ်ဦးပင်ဖြစ်စေ မြန်မာပြည်သူ ပြည်သားများ အပေါ် ရိုးသား၍ ၊ အရည်အချင်းရှိ၍ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခဲ့ပါလျှင် သမ္မတကြီးဖြစ်လာမည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ကျွန်ုပ်၏ သမ္မတကြီးလည်းဖြစ်သည်ဟု ခံယူပေသည်။

ထောင်သူရဲဘအုပ်
သူရိယနေဝန်း ( ၂၇ ဇွန်၂၀၁၅)

0 comments:

Post a Comment