Monday, June 29, 2015

ဂျပန်မှာ သူပုန်ရှိရင် တိုက်မလား၊ ထမင်းကျွေးထားမလား ?


ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းက မိုင်းပန်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုတွေကို ဆန်၊ ဆိုလာနဲ့ ခြင်ထောင် တွေ လှူဒါန်းတယ်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ဦးအနေနဲ့ ကိုယ့်နိုင်ငံသားတွေအပေါ် တိုင်းတစ်ပါးဖောင် ဒေးရှင်းက အခုလို ပစ္စည်းနဲ့ရိက္ခာတွေ လာရောက်လှူဒါန်းတဲ့အပေါ် ၀မ်းသာမိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီဝမ်းသာ မှုဟာ ရေရှည်မခံလိုက်ပါဘူး။ နောက်ဆက်တွဲ ကြားရတဲ့သတင်း က နီပွန်ဖောင်ဒေးရှင်းဟာ RCSS/SSA အဖွဲ့ဝင် မိသားစု တွေကို လှူတာလို့ သိရပါတယ်။ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲဆိုပြီး ပထမတော့ ဒေါသဖြစ်မိသေးတယ်။ နီပွန်ဖောင်ဒေးရှင်းကို RCSS/SSA ဆက်ဆံရေး ရုံးက ကားနဲ့ လိုက်ပို့တာလို့ သိရပါတယ်။ မိုင်းပန်မြို့ အခြေစိုက် RCSS/SSA ဆက်ဆံရေးရုံးကနေ ဗွီဂိုအဖြူရောင်နဲ့ မနက် ၉ နာရီလောက်မှာ ရွာတွေဘက်ကို ထွက်သွားတာလို့ ဆိုပါတယ်။ ဒါဆိုရင် နီပွန် ဖောင်ဒေးရှင်းဟာ သက်ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာတွေကို အကူအညီမတောင်းဘဲ RCSS/SSA အဖွဲ့ရဲ့ အကူအညီကို ယူခဲ့တာကတော့ အများပြောသလို ဖြစ်နိုင် ပါတယ်။

“ မိုင်းပန်မြို့မှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အပါအ၀င် ဌာနဆိုင်ရာ အားလုံးရှိပါတယ်၊ ဒါပေမယ့် နီပွန် ဖောင်ဒေးရှင်း က ဌာနဆိုင်ရာတွေကို အဆက်အသွယ်မလုပ်သလို အသိပေးတာလည်း မရှိပါဘူး၊ နယ်မြေလုံခြုံရေးအရ သူတို့အတွက် စိုးရိမ်စရာပဲလေ၊ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ကို အကူအညီတောင်းပြီး သွားလှူတာကတော့ အဲဒီ လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်တဲ့ မိသားစုတွေပဲ ရမှာပေါ့၊ တကယ်ဆိုရင် မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်စုတွေ အားလုံးကို ညီတူ ညီမျှ လှူဒါန်းသင့်တယ်လို့ မြင်တယ်” ဟု မြို့ခံ ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

နီပွန်ဖောင်ဒေးရှင်းမှ မိုင်းပန်မြို့နယ်အတွင်းမှာရှိတဲ့ ဟိုမိုင်လုံ၊ ကုန်းကျိုင်း၊ နမ့်တိန်း၊ နားလော၊ ဆားဝါး၊ နောင်လုံ၊ တောင်ကွဲ၊ နားမွန်၊ နောင်ယမ်း စသည့် ကျေးရွာအုပ်စု ၉ စုကို ဆန်အိတ် ၁၂၅၉ အိတ်၊ ဆိုလာပြား မီးအိမ်တွဲလျက်ပါ ၁၃၇၃ ပြား၊ ခြင်ထောင် ၁၃၇၃ လုံး လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။ ယင်း ဖောင်ဒေးရှင်းရဲ့ လှူဒါန်းမှုအပေါ် မိုင်းပန် မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ပအိုဝ့်တိုင်းရင်းသားတွေကလည်း သူတို့ကို မျက်ကွယ်ပြုတဲ့အတွက် စိတ်မကောင်းခံစားရ တယ်လို့ ပြောဆိုနေကြပါတယ်။

“ နီပွန်ဖောင်ဒေးရှင်းက မျက်နှာလိုက်ပြီး လှူတယ်လို့ ပြောရမလားပဲ၊ ဒီမြို့နယ်ထဲမှာ ရှမ်းတိုင်းရင်းသားတွေနဲ့ အတူ ပအိုဝ့်၊ ဗမာ စတဲ့ တိုင်းရင်းသားတွေလည်း နေကြတာပဲလေ၊ RCSS/SSA က သူတို့ မိသားစုတွေ အများဆုံးနေတဲ့ ရွာတွေကိုပဲ ခေါ်သွားတာ၊ ဒါပေါ့လေ၊ RCSS/SSA နဲ့ ဆက်သွယ်မှတော့ ဒီလိုပဲ ဖြစ်မှာပေါ့၊ ပအိုဝ့်တွေမှာလည်း PNLO အဖွဲ့ရှိတယ်၊ အဲဒီအဖွဲ့ကိုတော့ ဘာမှ မဆက်သွယ်ဘူး ” ဟု ဒေသခံပအိုဝ့်တိုင်းရင်းသား ခွန်ထွန်းမြင့်က ဆိုပါတယ်။

အဆိုပါ ဖောင်ဒေးရှင်းအနေနဲ့ RCSS/SSA အဖွဲ့ရဲ့ အလိုကျ သွားရောက်လှူဒါန်းခြင်းမှာ အများပြောစရာ ဖြစ်နေပြီး ယခုကဲ့သို့ RCSS/SSA အဖွဲ့အား ဆက်သွယ်လှူဒါန်းခြင်းမှာ သူပုန်ကို အားပေးအားမြှောက်ပြုရာ ရောက်နေကြောင်းလည်း မိုင်းပန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ နီပွန်ဖောင်ဒေးရှင်းက MPC ကို ခွင့်တောင်းပြီး လာလှူတာလို့ ပြောတာပဲ၊ ဒါပေမယ့် သူတို့ လှူတာ RCSS/SSA ဆိုတဲ့ သူပုန်အဖွဲ့ဝင်တွေကိုလေ၊ ရိုးရိုးသားသား နေထိုင်စားသောက်တဲ့ ဒေသခံတွေကိုတော့ မျက်ကွယ်ပြုသွားတယ်၊ RCSS/ SSA ဆိုတာ အားလုံးသိကြတဲ့ အတိုင်းပဲ၊ အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတယ်ဆိုတဲ့ နာမည်ခံပဲရှိတာ၊ ဒေသအကျိုးကို ဘာမှဆောင်ရွက်ပေးတာ မရှိဘူး၊ လူသစ်စုမယ်၊ ဆက်ကြေးကောက်မယ်၊ ရိက္ခာတောင်းမယ်၊ ဒါပဲ လုပ်နေတာ၊ အဲဒီ နီပွန် ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေကိုတွေ့ပြီး မေးချင်လိုက်တာဗျာ၊ ဂျပန်မှာ သူပုန်ရှိရင် တိုက်မလား၊ ထမင်းကျွေးထား မလားလို့၊ အဆိပ်ပင်ကို ရေလောင်းနေတာ၊ သူ့နိုင်ငံမှာသာ ဒီလို သူပုန်ရှိရင် ဒီလိုဘယ်လှူမလဲ၊ တိုက်မှာပဲ မဟုတ်ဘူး လား ” ဟု တိုင်းရင်းသားအရေး လေ့လာစောင့်ကြည့်သူ သတင်းထောက်တစ်ဦးကလည်း ပြောကြားသွားပါတယ်။

စိုင်းကောင်းခန့်
Today Myanmar

0 comments:

Post a Comment