Thursday, June 18, 2015

တစ်ဖက်သတ်အပစ်ရပ်ရုံနဲ့မရ လက်နက်ချအညံ့ခံမှရမယ် MNDAA




ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်ကတည်းက ကိုးကန့်သောင်းကျန်းသူအဖွဲ့ရဲ့ လုပ်ရပ်ကို ကျွန်တော်တို့ ပြည်သူတွေ လက်မခံခဲ့ကြတာပါ။ အဲဒီတိုက်ပွဲတွေဟာ ကိုးကန့်ဒေသကို ဘယ်လိုလောင်မြိုက်ခဲ့ သလဲ၊ စစ်ဘေးဒဏ်ကြောင့် အပြစ်မဲ့ပြည်သူတွေ ဘယ်လိုဒုက္ခရောက်ခဲ့သလဲဆိုတာ ဒီနေ့အချိန်ထိ မေ့ပျောက် လို့မရနိုင်သေးတဲ့ အဖြစ်ဆိုးတွေ ဖြစ်ပါတယ်။ လောက်ကိုင်ကို သိမ်းပိုက်ဖို့ကြံစည်တဲ့ MNDAA အဖွဲ့ကို အစိုးရ တပ်မတော်ကသာ မတိုက်နိုင်ဘူးဆိုရင် ဒီနေ့ လောက်ကိုင်မြို့ ဘာဖြစ်နေပြီလဲ စဉ်းစားကြည့်ပါ။ ပြာပုံဘ၀ ရောက်နေမလား ဒါမှမဟုတ် MNDAA အဖွဲ့ရဲ့ စစ်စခန်းဖြစ်နေမလားဆိုတာ တစ်ခုခုတော့ ဖြစ်မှာသေချာပါ တယ်။ ဒါပေမယ့် အစိုးရတပ်တွေက အချိန်မီကာကွယ်နိုင်ခဲ့လို့ ဒီနေ့လိုအခြေအနေမျိုးနဲ့ ရပ်တည်နိုင်တာပါ။
တိုက်ပွဲတွေဖြစ်အောင် စပြီး ဖန်တီးတာဟာ သက်ကြားအို ဖုန်ကြားရှင်ဦးဆောင်တဲ့ MNDAA အဖွဲ့ပါ။ ဒီတော့ ဒီတိုက်ပွဲတွေရဲ့ အနိုင်အရှုံးကိုလည်း MNDAA အဖွဲ့ရရှိခံစားရဲရပါ့မယ်။ နိုင်ရင်စံ ရှုံးရင်ခံပေါ့။ အခုသူတို့ ခြေကုပ် ယူထားတဲ့တောင်ကုန်းတွေကို အစိုးရတပ်တွေက တစ်ကုန်းပြီးတစ်ကုန်း သိမ်းလိုက်ပြီ။ လေကြောင်း ပစ်ကူနဲ့ လက်နက်ကြီးတွေဒဏ်ကို MNDAA မရှုမလှ ခံလိုက်ရတယ်။ ကစဥ့်ကလျားထွက်ပြေးရတယ်။ ဒါဆိုရင် MNDAA အဖွဲ့ ရှုံးပြီပေါ့။ ရှုံးရင် ရဲရဲဝံ့ဝံ့နဲ့ အစိုးရတပ်တွေဆီမှာ လက်နက်ချအညံ့ခံဖို့လိုပါတယ်။ လက်နက်ချအညံ့မခံဘဲ တစ်ဖက်သတ်အပစ်ရပ်ရုံနဲ့ မပြီးသေးဘူးဆိုတာ သူတို့နားလည်ဖို့ လိုပါတယ်။

အဲဒီလို တစ်ဖက်သတ် အပစ်ရပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး MNDAA ပြောခွင့်ရပုဂ္ဂိုလ် အမည်တပ်ထားတဲ့ ထွန်းမြတ်လင်းနဲ့ RFA တို့ အင်တာဗျူးထားတဲ့ အသံဖိုင်နားထောင်လိုက်ရပါတယ်။ တိုက်ပွဲတွေ စဖြစ်ကတည်း က ယနေ့အချိန်အထိ မဟုတ်မမှန်သတင်းတွေနဲ့ မီဒီယာတွေကို ဖြေကြားနေတဲ့ ထွန်းမြတ်လင်းဆိုသူရဲ့စကား ဒီတစ်ခါလည်း အမှား တွေပဲ ထပ်ပြီး ပြောနေတာတွေ့ရပါတယ်။ ဒါမှမဟုတ် လိမ်လည်လှည့်ဖြားပြီး ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောနေတယ်လို့ပဲ မြင်ပါတယ်။ MNDAA အဖွဲ့ တစ်ဖက်သတ်အပစ်ရပ်တာ တရုတ်အစိုးရက ရပ်ခိုင်းလို့ မဟုတ်ဘူး ဆိုပြီး ပြောသွားပါတယ်။ ဒါဖြင့်ရင် တရုတ်သံအမတ်ကြီး မြန်မာနိုင်ငံလာတော့ MNDAA အဖွဲ့ တစ်ဖက်သတ် အပစ်ရပ်အောင် တရုတ်အစိုးရက ပြောလိုက်တာပါဆိုပြီး ပြောသွားတယ်။ သေချာတာ တစ်ခုကတော့ တစ်ယောက်ယောက်ကတော့ လိမ်ညာပြောဆိုနေပြီ ဖြစ်ပါတယ်။

“တရုတ်သံအမတ်ကြီး ရန်ဟိုလန် မြန်မာပြည်လာတုန်းက MNDAA အဖွဲ့ တစ်ဖက်သတ်အပစ်ရပ်အောင် တရုတ်အစိုးရက ပြောလိုက်တာလို့ ပြောတယ်။ MNDAA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ထွန်းမြတ်လင်းကတော့ အဲဒီကိစ္စ မဟုတ်ဘူးလို့ ငြင်းတယ်။ တရုတ်ကပြောတာ မရှိဘူး၊ သူမသိတဲ့ လမ်းကြောင်းကနေ သွားရင်တော့ မသိဘူး ဆိုပါလား။ တရုတ်သံအမတ်ကြီးနဲ့ ထွန်းမြတ်လင်း နှစ်ယောက်ထဲက တစ်ယောက်ကတော့ လိမ်နေပြီ၊ ဘယ်သူ ဖြစ်မလဲ၊ ဇွန်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက MNDAA အဖွဲ့ကို အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ လှမ်း ပစ်တယ်ဆိုပြီး ထွန်းမြတ်လင်း ပြောတယ်။ သူတို့ဘက်က ကျတာမရှိဘူး။ အစိုးရတပ်ဘက်က ၂၀ လောက် ကျတယ်ဆိုပြီး ပြောတယ်။ ကြောက်လန့်ပြီး ထွက်ပြေးနေတဲ့ သူ့အဖွဲ့က အစိုးရတပ်ဘက်က အယောက် ၂၀ လောက်ကျအောင် ပြန်တိုက်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဒါဟာ သူလုပ်နေကျ လိမ်ဆင်တွေပါ” ဟု အကြီး တန်းသတင်းထောက်တစ်ဦးက ဆိုပါတယ်။

MNDAA အဖွဲ့အနေနဲ့ ဘယ်လိုပဲ တစ်ဖက်သတ် အပစ်ရပ်နေပါစေ။ လက်နက်ချအညံ့မခံလို့ကတော့ ဒီတိုက်ပွဲ တွေ အဆုံးမသတ်နိုင်ဘူးလို့ပဲ မြင်ပါတယ်။ ပြီးရင် ဖုန်ကြားရှင်ကိုလည်း ယုံကြည်ရန် ခက်ခဲလွန်းပါတယ်။ ထွန်းမြတ်လင်းက ကိုးကန့်ဒေသကို ပြန်တိုက်တာ ကိုယ့်ဇာတိနယ်မြေကို ပြန်နေဖို့အတွက်ဆိုပြီး အကြောင်း ပြတယ်။ အဲဒီစကားကို လုံးဝအယုံအကြည်မရှိပါ။ ကိုယ့်ဇာတိကို နေချင်တယ်ဆိုရင် တိုက်ပွဲနဲ့ လာစရာမလိုပါ။ အစိုးရထံ အသနားခံခွင့်တောင်းပြီး ရိုးသားစွာနေထိုင်ရင် ရပါတယ်။ ပြီးတော့ ကိုးကန့်ဒေသမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့ရှိပါတယ်။ ဒီအဖွဲ့ကိုလည်း အကြောင်းကြားလို့ရပါတယ်။ အခုလုပ်လိုက်တဲ့ လုပ်ရပ် ဟာ ကိုယ့်ဇာတိကို ပြန်နေဖို့ထက်ကိုယ့်ဇာတိကို ပြန်ဒုက္ခပေးတာပါ။ အဲဒီလို အဖွဲ့မျိုးကို အသာတကြည်နဲ့ ခွင့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့ကျူးလွန်ခဲ့တဲ့ အပြစ်အတွက် ထိုက်တန်တဲ့ အရေးယူမှုတွေ ပြုလုပ်ရမှာ ပဲ ဖြစ်ပါတယ်။

“သူတို့က တစ်ဖက်သတ် အပစ်ရပ်တယ်၊ ပြီးတော့ ဒီတိုက်ပွဲတွေကို ဆွေးနွေးတဲ့ပုံစံနဲ့ အဆုံးသတ်ချင်တယ် ဆိုပြီး ထွန်းမြတ်လင်းပြောသွားတာ ကြားတယ်။ သူတို့ကို ဘယ်လိုယုံကြည်ရမလဲ၊ အထူးသဖြင့် ဖုန်ကြားရှင် ပေါ့၊ ဖုန်ကြားရှင်ဟာ ၂၀၀၉ ခုနှစ်တုန်းက ရဲတွေကိုသတ်ပြီး အဖမ်းမခံဘဲ ထွက်ပြေးသွားတဲ့ ၀ရမ်းပြေးတစ် ယောက်ပါ။ သူ့အပြစ်ကို ဖုံးချင်တော့ သမ္မတကြီးဆီကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမက်လုပ်သူ စိုင်းလင်းက နေတစ်ဆင့် တောင်းလာတယ်။ သမ္မတကြီးကလည်း ပေးလိုက်တယ်။ ဒါပေမယ့် ဒီနှစ်ဖေဖော်ဝါရီလအစာပိုင်း မှာ ကိုးကန့်ဒေသကို ပြန်တိုက်လာတယ်၊ သူပြောတဲ့စကားနဲ့ သူ့လုပ်ရပ်တွေ မညီတဲ့အတွက် သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့် ပြန်ရုပ်သိမ်းလိုက်ပြီ။ အခုဖုန်ကြားရှင်ကိုထုတ်ပေးဖို့ မိုင်းလားအဖွဲ့ခေါင်းဆောင် စိုင်းလင်း ဆီကိုတောင် စာပို့ထားတယ်လို့ ကြားတယ်၊ ကိုးကန့်ကို သူတို့စခဲ့တာဆိုတော့ သူတို့ကိုယ်တိုင် အဆုံးသတ်မှ ရမယ်၊ တစ်ဖက်သတ်အပစ်ရပ်ရုံနဲ့ မရဘူး လက်နက်ချအညံ့ခံမှရမယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦး ကလည်း ပြောပါတယ်။

ကိုးကန့်ဒေသတိုက်ပွဲများမှာ မရှုမလှရှုံးနိမ့်ထွက်ပြေးနေရပေမယ့် ထွန်းမြတ်လင်းကတော့ ဒီနေ့အထိ အပြော မလျှော့သေးပါဘူး။ မဟုတ်မမှန် လုပ်ကြံပြောနေတုန်းပါပဲ။ ပြည်သူတွေက သူတို့အဖွဲ့ကို ထောက်ခံတယ်ဆို ပါ့လား။ ဒေသခံပြည်သူတွေဟာ လောက်ကိုင်နဲ့မြို့ရွာတွေကို မပြန်ရဲဘူး။ အစိုးရတပ်က အတင်းအဓမ္မပြန်ခိုင်း လို့ ပြန်နေရတာပါ။ ပြန်သွားတဲ့ လူတွေဟာလည်း မနေနိုင်လို့ သူတို့ဆီကို ပြန်ပြေးလာရတယ်ဆိုပြီး ပြောနေပြန် ပါတယ်။ ပိုပြီးဆိုးတာက ကိုးကန့်တိုက်ပွဲဖြစ်စဉ်မှာ နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်လို့ သူဖြေကြား သွားတာ အံ့အားသင့်စရာပါ။ MNDAA ဘက်က ၇၀ လောက်ပဲ ကျပါတယ်။ အစိုးရတပ်ဘက်က ၁၀၀၀ လောက် ရှိတယ်ဆိုပြီး ပြောသွားပါတယ်။ သူပြောတဲ့ ပမာဏဟာ အရမ်းကွာဟနေတဲ့အတွက် အဲဒီတိုက်ပွဲ ဖြစ်စဉ်တွေကို သိနေတဲ့ လောက်ကိုင်ဒေသခံတွေ ဆီကို ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

“ထွန်းမြတ်လင်းဆိုတဲ့ကောင်က တိုက်ပွဲဖြစ်တဲ့နေရာ ရောက်ဖူးတာမှမဟုတ်တာ၊ ဘယ်ကနေပုန်းပြီး ပြောနေ တာလဲမသိဘူး။ လောက်ကိုင်မြို့ကို ဒေသခံပြည်သူတွေ ပြန်လာနေကြပြီ၊ အစိုးရတပ်နဲ့ ဌာနဆိုင်ရာတွေက လည်း ကူညီစောင့်ရှောက်ပေးပါတယ်။ မြို့ရောက်ပြီးမှ ပြန်သွားတာမရှိဘူး၊ အတင်းအဓမ္မခိုင်းစေတာလည်း မရှိ ပါဘူး၊ ဒါပေမယ့် သူပြောသလို အစိုးရတပ်ဘက်က ၁၀၀၀ လောက် ကျတာတော့ လုံးဝမဟုတ်ဘူး၊ သူတို့ဘက် ကတော့ တော်တော်ကျတယ်။ သူပြောတဲ့ ၇၀ ဘယ်ကမလဲ၊ ထောင်ဂဏန်းနီးပါးပါပဲ၊ ဒေသခံတွေကတော့ အဲဒီ အဖွဲ့ကို ဒီဒေသမှာ မမြင်မတွေ့ချင်တော့ဘူး၊ တစ်ဖက်သတ် အပစ်ရပ်တာ လက်နက်ချတာမှ မဟုတ်ဘဲ၊ အချိန်မရွေး ပြန်တိုက်နိုင်တယ်လေ၊ ဒီတော့ လက်နက်ချအညံ့ခံမှရမှာ၊ အညံ့မခံရင် ညှိနှိုင်းမနေပါနဲ့၊ အပြတ် သာ တိုက်လိုက်တော့” ဟု လောက်ကိုင်မြို့ခံတစ်ဦးက ဖြေကြားသွားပါတယ်။

ဝင်းဇော်သိန်း
Today Myanmar

0 comments:

Post a Comment