Sunday, June 21, 2015

ဗီဒီယို အကြိုခံစားခြင်း


ဒီနေ့ရဲ့ ဗီဒီယို အညွှန်းကဏ္ဍမှာတော့ ဟာသကားလေးတစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

အဂ္ဂမျိုးရိုးက သူတို့ရဲ့ မျိုးရိုးစဉ်ဆက် အထိမ်းအမှတ်ပစ္စည်းတစ်ခုအနေနဲ့ ရွှေလှံကို အိမ်ဦးခန်းမှာ အမြတ်တနိုး ထားထားပါတယ်။ အဲဒီရွှေလှံကြီးကို အဂ္ဂ မျိုးရိုးရဲ့နောက်ဆုံးမျိုးဆက် အဂ္ဂဂွတို နဲ့ အဂ္ဂရာဇာတို့က ထိန်းသိမ်းထားပါတယ်။ အဂ္ဂဂွတိုကသူတို့ရဲ့မျိုးရိုးအကြောင်းကိုဂုဏ်ယူစွာပြောဆိုပြီး အမျိုးဂုဏ်မောက်နေပေမယ့် အဂ္ဂရာဇာကတော့ သူ့လိုမဟုတ်ပါဘူး။ သူတို့လိုပဲ အဂ္ဂမျိုးနွယ်ရဲ့ဘေးအိမ်မှာ အမယ်မျိုးနွယ်စုဆိုတာရှိပါတယ်။အမယ်မျိုးနွယ်စုမှာတော့ မျိုးရိုးစဉ်ဆက်ထိန်းသိမ်းတဲ့ပစ္စည်းအနေနဲ့ ဒိုင်းကြီးတစ်ခုရှိပါတယ်။ အဲဒီဒိုင်းကြီးကို သူတို့ကအိမ်ဦးခန်းမှာထားပြီး သူတို့ရဲ့အမျိုးက မြင့်မြတ်ကြောင်း ဂုဏ်ယူလေ့ရှိပါတယ်။ အိမ်ချင်း ကပ်နေပေမယ့် အဂ္ဂမျိုးရိုးနဲ့ အမယ်မျိုးရိုးတို့က မတည့်ကြပါဘူး။ အမြဲတမ်းဂုဏ်တုဂုဏ်ပြိုင် လုပ်လေ့ရှိပါတယ်။ အဲဒီလိုနဲ့တစ်ရက်မှာတော့ အဂ္ဂဂွတိုက သူတို့ကမျိုးရိုးစဉ်ဆက် ပညာပိုင်းမှာနိမ့်ကျတာကြောင့်သူ့ညီကို အဲဒီအစဉ်အလာ ချိုးဖျက်နိုင်ဖို့ အမေရိကန်မှာကျောင်းသွားထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဂုဏ်တုဂုဏ်ပြိုင်လုပ်ရတာ မကြိုက်တဲ့ အဂ္ဂရာဇာက အတိုက်အခံပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ဆုံးမှာတော့ အဂ္ဂရာဇာလူကြီးတွေ စီစဉ်တဲ့အတိုင်းလက်ခံခဲ့ရပါတယ်။

အမယ်မျိုးရိုးကလည်း အဲဒီသတင်းကိုကြားတဲ့အချိန်မှာ အမယ်မျိုးရိုးရဲ့မျိုးဆက် မယ်မိကို အင်္ဂလန်ကိုကျောင်းသွားတက်ဖို့ စီစဉ်ခဲ့ပါတယ်။ တကယ်တော့ မယ်မိကလည်း အဂ္ဂရာဇာလိုပါပဲ။ ဂုဏ်တုဂုဏ်ပြိုင်တွေလုပ်ရတာ မကြိုက်ပါဘူး။ဒါပေမဲ့လည်း သူ့အစ်မ မယ်ကိုရဲ့ တစ်ချက်လွှတ်အမိန့်ကိုမလွန်ဆန်နိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ အဂ္ဂရာဇာရော၊မယ်မိရော နိုင်ငံခြားမှာသွားကျောင်းတက်ဖို့အတွက် အင်္ဂလိပ်စာသင်တန်းတက်ဖို့စီစဉ်ခဲ့ပါတယ်။

အင်္ဂလိပ်စာသင်တန်းတက်ဖို့သွားအပ်တဲ့အချိန်မှာလည်း သင်တန်းကို မျိုးနွယ်စုနှစ်ခုစလုံး အပြိုင်သွားပြီး သူ့ထက်ငါ အပြိုင် ကျောင်းအပ်ကြပါတယ်။

သင်တန်းမှာ အဂ္ဂရာဇာနဲ့ မယ်မိတို့နှစ်ယောက်ဇာတ်လမ်း ဘာတွေဆက်ဖြစ်မှာလဲ။ အိမ်နီးချင်းတွေဖြစ်ပေမယ့် မျိုးနွယ်စုချင်းပြိုင်နေတဲ့ အဂ္ဂမျိုးနွယ်နဲ့ အမယ်မျိုးနွယ်တို့ရဲ့ပြိုင်ပွဲ ဘယ်အချိန်ပြီးမလဲဆိုတာကိုတော့ အောင်တိုင်းကျော်ထုတ်လုပ်ရေးကဖြန့်ချိပေးထားတဲ့ မျိုးနွယ်စုတိုက်ပွဲဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ အဂ္ဂဂွတိုအဖြစ် လူမင်း၊ အဂ္ဂရာဇာအဖြစ် ထွန်းလင်း၊ မယ်မိအဖြစ် အိချောပို၊ မယ်ကိုအဖြစ် အေးသီတာတို့က ပါဝင်သရုပ်ဆောင်ထားပြီး လင်္ကာညိုရဲ့ ဝတ္ထုဇာတ်ညွှန်းကို ဒါရိုက်တာ သားကြီးက ရိုက်ကူးပုံဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment