Saturday, June 20, 2015

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှစ်(၇၀)ပြည့် မွေးနေ့တွင် ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း


ကျွန်မ အပေါ် စေတနာ မေတ္တာထားတဲ့ ပုဂ်္ဂိုလ်များ အားလုံးကို ကျေးဇူးတင်ခြင်း အားဖြင့် စပါရစေ။

အသက် (၇၀)ဆိုတော့ ဒီလောကကြီးမှာ အနှစ်(၇၀)နီးပါး နေခဲ့ ရပြီပေါ့။ အဲဒီတော့ ဒီနှစ်(၇၀) အတွင်းမှာ စေတနာ မေတ္တာရဲ့တန်ဖိုးကို ကောင်းကောင်းကြီး သိခဲ့ ရပါတယ်။ ကျွန်မတို့ နိုင်ငံရေး လုပ်ခဲ့ ရတယ် ဆိုတာလည်း သိပ်လွယ်လွယ်နဲ့ လုပ်ခဲ့ ရတာ မဟုတ်ပါဘူး။ဒါကြောင့်မို့လို့လည်း ပြည်သူတွေရဲ့ မေတ္တာ၊ ကျွန်မတို့ကို ထောက်ခံသူများရဲ့ စေတနာဟာ ကျွန်မတို့ရဲ့ အင်အား ဖြစ်ခဲ့တယ် ဆိုတာ ငြင်းမရပါဘူး။ ဒါကြောင်မို့လို့ ကျွန်မတို့ ဒီနိုင်ငံ ဘယ်သွား မလဲလို့ ဆက်ပြီးတော့ ကြည့်တဲ့ အခါ ကျွန်မတို့ ပြည်သူများဟာ ညီညီညွတ်ညွတ်နဲ့ သန့်ရှင်းတဲ့ နိုင်ငံရေး လမ်းစဉ်ကို သွားစေချင်ပါတယ်။ သန့်ရှင်းတဲ့ နိုင်ငံရေး ဆိုတာ ရိုးရိုးလေး ပြောတာပါ။ နိုင်ငံရေး ဆိုတာ နိုင်ငံရေး ပါပဲ။

နိုင်ငံရေး ဆိုတာ လူတွေနဲ့ လုပ်နေရတဲ့ အလုပ်ဆိုတော့ ခြောက်ပြစ်ကင်း သဲလဲစင်လို့ ပြောလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သန့်ရှင်းတဲ့ နိုင်ငံရေး ဆိုတာ နံပါတ်တစ် ကတော့ ပြည်သူလူထုကို မလှည့်ဖြားတဲ့ နိုင်ငံရေးမျိုး၊ နံပါတ်နှစ် ကတော့ ကိုယ့်ရဲ့ အဖွဲ့ အစည်း၊ ကိုယ့်ရဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့ လုပ်တဲ့ အခါမှာ အခြားသူတွေကို ထိခိုက် နစ်နာအောင် မကောင်းတဲ့ နည်းတွေ၊ မမှန်ကန်တဲ့ နည်းတွေ၊ မတရားတဲ့ နည်းတွေ လုပ်တာကို ရှောင်ကြဉ် ဖို့ပဲ။ အဲဒီလို လုပ်မှ ကျွန်မတို့နိုင်ငံ သန့်ရှင်းတဲ့ နိုင်ငံရေး ရှိနိုင် မှာပါ။ သန့်ရှင်းတဲ့ နိုင်ငံရေး ရှိမှ ကျွန်မတို့ နိုင်ငံဟာ ရှေ့မှာ ဆက်ပြီးတော့ အေးအေး ဆေးဆေး ငြိမ်ငြိမ် သက်သက်နဲ့ တိုးတက် နိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ မွေးနေ့ အတွက် ပြောတဲ့ စကားတွေဟာ နိုင်ငံရေး စကားတွေ ချည်းပါလား တချို့က မေးပါတယ်။ အဲဒါ ကတော့ ရှောင်လို့ မရပါဘူး။ ကျွန်မ ဒီလို မွေးနေ့ အတွက် ပြောရတဲ့ အချိန် ရောက်လာတာကလည်း နိုင်ငံရေးကြောင့် ရောက်လာ တာပါ။ ဒါကြောင့် နိုင်ငံရေး စကားပဲ ပြောရမှာ ပါပဲ။ ဒီနိုင်ငံဟာ အခုနှစ် ဆိုလို့ ရှိရင် ကျွန်မရဲ့ (၇၀)မြောက် မွေးနေ့ ဖြစ်လို့ မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်မို့လို့ အင်မတန်မှ အရေးကြီးတဲ့ အချိန်ကို ရောက်နေ ပါပြီ။ ဒီရွေးကောက်ပွဲမှာ မှန်မှန် ကန်ကန် ရလဒ် ထွက်ပေါ်ဖို့ ဆိုတာဟာ ကျွန်မတို့ နိုင်ငံ အတွက် အင်မတန်မှ အရေးကြီး ပါတယ်။ အခု အချိန်မှာ အဖွဲ့ အသီးသီး၊ ပုဂ်္ဂိုလ် အသီးသီးက ရွေးကောက်ပွဲများမှာ အောင်မြင်ရေး အတွက်၊ အောင်နိုင်ရေး အတွက် ကြိုးပမ်း နေကြပါတယ်။ ဒါလည်း သဘာဝကျ ပါတယ်။ အားလုံးဟာ ကိုယ့်ရဲ့ ယုံကြည်ချက် အရ၊ ကိုယ့်ရဲ့ အဖွဲ့အစည်း၊ ကိုယ်ထောက်ခံတဲ့ ပုဂ်္ဂိုလ်များ နိုင်အောင်လို့ လုပ်ပေး ချင်ကြတာချည်း ပါပဲ။

ဒါပေမဲ့ လုပ်ပုံ ကိုင်ပုံဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် အတွက် အင်မတန်မှ အရေးကြီး ပါတယ်။ ဒီရွေးကောက်ပွဲကို ဘယ်လို ပုံစံနဲ့ ကျွန်မတို့ ကျင်းပမလဲ ဒီရွေးကောက်ပွဲရဲ့ ရလဒ်တွေ ဘယ်လို ဖြစ်မလဲ၊ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်မှာ ကျွန်မတို့ နိုင်ငံဟာ ဘယ်လို အခြေအနေမှာ ရှိမှာလဲ ဆိုတာတွေဟာ ဒီနှစ်အတွက် မဟုတ်ဘူး၊ နောက်နှစ် အတွက် မဟုတ်ဘူး။ နောက်နှစ်ပေါင်း များစွာ အတွက်၊ ကျွန်မတို့ နိုင်ငံ အတွက် အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။ ဥပမာ ဆိုလို့ ရှိရင် လူတစ်ယောက်ရဲ့ အသက်နဲ့ လူတစ်ယောက်ရဲ့ ဘ၀ နှိုင်းယှဉ်မယ် ဆိုရင် ကျွန်မရဲ့ ဘ၀နဲ့ နှိုင်းယှဉ်မယ် ဆိုရင် ဘ၀ တစ်ခု ဆိုတာ နေ့ချင်း၊ ညချင်း ဖြစ်လာတာ မဟုတ်ပါဘူး။ တဖြည်းဖြည်း တစ်နှစ်ပြီး တစ်နှစ် တည်ဆောက် လာရ တာပါ။ ကျွန်မက ကံကောင်း ထောက်မလို့ ကျွန်မကို ကောင်းကောင်း ဆုံးမမယ့် မိဘ ဆရာများနဲ့ ကြီးပြင်း ခဲ့ရပါတယ်။

မှန်မှန် ကန်ကန်လုပ်ဖို့၊ မှန်မှန် ကန်ကန် စဉ်းစားဖို့ အားပေးတဲ့၊ သင်ပေးတဲ့ မိဘတွေ၊ ဆရာတွေနဲ့ ကြီးပြင်း ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဘယ်လိုပဲ၊ ဘယ်သူကပဲ သင်သင် ကိုယ်က သင်ယူမှပဲ ကိုယ့်ကိုယ် ကိုယ် ပြင်နိုင်မှာပါ။ ဒီအတိုင်းပဲ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သား တွေကလည်း နိုင်ငံရေး ပါတီတွေက ဘယ်လိုပဲ ပြောပြော၊ နိုင်ငံရေး လုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုပဲ ပြောပြော၊ ပြင်ပကမ္ဘာက ဘယ်လိုပဲ ပြောပြော ကိုယ့်ကိုယ် ကိုယ် ပြင်ယူမှ ရမှာပါ။ ကျွန်မတို့ တစ်တွေဟာ ကျွန်မတို့ အမြင်တွေ၊ ကျွန်မတို့ ဖြစ်စေ ချင်တာတွေ၊ ပြောရမယ် ဆိုရင် ကျွန်မတို့ရဲ့ ဆန္ဒ အိပ်မက်တွေကိုသာ တင်ပြ နိုင်တာပါ။ ဒီဟာတွေကို တကယ် အကောင်အထည်ဖော်ဖို့ ဆိုတာ ပြည်သူတွေ ပါမှ ဖြစ်မယ်။

အဓိက က ပြည်သူတွေ ပါပဲ။ ကျွန်မတို့ နိုင်ငံရဲ့ အသက်ဟာ ဆိုလို့ ရှိရင် ကျွန်မ အသက်ထက် တစ်နည်းအားဖြင့် ပြောရမယ် ဆိုလို့ ရှိရင် နှစ်နှစ်ပဲ ငယ်တယ်လို့ ပြောရမှာ ပေါ့နော်။ သုံးနှစ်ပေါ့။ နှစ်နှစ်ခွဲ၊ သုံးနှစ် ငယ်တယ်လို့ ဆိုပါတော့။ ဘာဖြစ်လို့လဲ ဆိုတော့ လွတ်လပ်ရေးရတဲ့ အချိန်မှာ ဆိုရင် ကျွန်မ အသက်က နှစ်နှစ်ခွဲ ရှိပါပြီ။ တိုင်းပြည် တစ်ပြည်ဟာ လွတ်လပ်တဲ့ နိုင်ငံ အဖြစ် (၆၈)နှစ် ရပ်တည် ခဲ့ပြီးပြီ ဆိုလို့ ရှိရင်တော့ ဒီတိုင်းပြည်ရဲ့ လုပ်ဆောင်မှုတွေကို သုံးသပ် နိုင်တဲ့ အချိန် ရောက်လာ ပါပြီ။ ဒီတိုင်းပြည်ဟာ တိုးတက် ခဲ့သလား၊ ဘယ်လောက် အထိ တိုးတက် ခဲ့သလဲ။ နိုင်ငံသူ နိုင်ငံသားတွေဟာ ဘယ်လောက် အထိ ဒီလွတ်လပ်တဲ့ နိုင်ငံမှာ နေခြင်း အားဖြင့် ဘ၀တွေ ပိုပြီးတော့ ကောင်းလာ သလဲ ဆိုတာတွေကို ကျွန်မတို့ စမ်းသပ် ဆုံးဖြတ် နိုင်တဲ့ အချိန် ရောက်လာ ပါပြီ။ လူတစ်ယောက် အသက်(၇၀)ပြည့်တဲ့ အခါကျလို့ ရှိရင် ဘယ်လောက် ဘ၀မှာ တိုးတက်မှုတွေ ရှိခဲ့သလည်း ဆိုတာတွေကို စမ်းသပ်ပြီးတော့ ဆုံးဖြတ် နိုင်သလို ပါပဲ။

ဒီတော့ ကျွန်မတို့ နိုင်ငံ ဘယ်အခြေအနေ ရောက်နေပြီလဲ ဘယ်အခြေအနေကို ဆက်သွားမလဲ ဆိုတာ ဒီနှစ်မှာ ကျွန်မတို့ ပြည်သူလူထုတွေရဲ့ လုပ်ရပ်များ ကနေပြီး တော့ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဘာပဲ လုပ်လုပ် ရေရှည်ကို ကြည့်ပြီးတော့ လုပ်ကြပါ။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုပဲ ကြည့်တာ မဟုတ်ဘဲနဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်တွေ၊ ကျွန်မတို့ လူသားတွေရဲ့ လိုအပ်ချက်တွေ၊ ကမ္ဘာကြီးရဲ့ လိုအပ်ချက်တွေကိုပါ ကြည့်ဖို့ လိုပါတယ်။ အခုခေတ် အခု အခါမှာ ဆိုလို့ ရှိရင် ဘယ်နိုင်ငံမှ ထီးထီးကြီး နေလို့ မရပါဘူး။

ဒီကမ္ဘာဟာ ပြင်ပ ကမ္ဘာကြီးနဲ့ ဆက်စပ် နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူ၊ ပြည်သားများဟာ ကိုယ့်ရဲ့ အခြေအနေကို ကြည့်တဲ့ အခါကျရင် ကမ္ဘာ့ အခြေအနေ၊ ကမ္ဘာ့ရဲ့အမြင်၊ ကမ္ဘာ့ရဲ့ သဘောထားတွေကိုလည်း ထည့်သွင်း ပြီးတော့ စဉ်းစား ရမှာ ဖြစ်ပါတယ်။ အသက် (၇၀)……၊ အသက် (၇၀)ဆိုတော့ နောင် ကျွန်မတို့ နေရတယ်ဆိုလို့ ရှိရင် နှစ်(၂၀) လောက် နေရတယ် ဆိုလို့ ရှိရင်တောင် အင်မတန် အသက်ရှည်တယ်လို့ ပြောရ မှာပါ။ ဒီ နောင်နေနိုင်မယ့် နှစ်(၂၀)လောက် အတွင်းမှာ ဒီနိုင်ငံ တိုးတက်တာ၊ ဖွံ့ဖြိုးတာ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ တကယ့်ကို ကမ္ဘာကနေပြီးတော့ လေးစားရမယ့်၊ တန်ဖိုးထားရမယ့် ပုဂ္ဂိုလ်များ ဖြစ်စေချင် ပါတယ်။ အဲဒီလို ဖြစ်တာကို ကျွန်မတို့ မြင်တွေ့ သွားချင် ပါတယ်။

နိုင်ငံရေးမှာ ဆိုလို့ ရှိရင် ဘာလိုလိုနဲ့ ကျွန်မ ပါခဲ့တာဟာ အနှစ်(၃၀)လောက် ရှိသွား ပါပြီ။ နှစ်(၃၀)ဆိုတာလည်း မနည်းပါဘူး။ အဲဒီတော့ ဒီနှစ်(၃၀) အတွင်းမှာ အဓိက ရခဲ့တဲ့ သင်ခန်းစာတွေ၊ ကျွန်မတို့ အပေါ်မှာ မေတ္တာ၊ စေတနာထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ မျှရမယ် ဆိုလို့ ရှိရင် လူတိုင်း၊ လူတိုင်းဟာ ကိုယ့်နိုင်ငံ အတွက် လုပ်ပေး နေနိုင်တဲ့ အခြေအနေ၊ အနေအထား ရှိပါတယ်။ ကိုယ်ဟာ ဘယ်လောက်ပဲ နိမ့်သည် ဖြစ်စေ၊ မြင့်သည် ဖြစ်စေ ဒါကတော့ ကမ္ဘာ့ အမြင်အရ၊ လောကီ အမြင်အရ ပေါ့လေ။ နိမ့်တာ မြင့်တာကို ဆိုလို တာပါ။ လူတိုင်း လူတိုင်းဟာ ကိုယ့်မှာလည်း ပေးစရာရှိတယ် ဆိုတာကို မမေ့စေချင် ပါဘူး။

ယူတာကိုပဲ၊ ယူနိုင်မှာကိုပဲ စဉ်းစား နေလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ပြည်သူလူထုဟာ ငါတို့ ဒီလောကကြီးကို ဘာပေးနိုင်သလဲ ဆိုတာကို လေးလေး နက်နက် စဉ်းစား စေချင်ပါတယ်။ အဲဒီလို စဉ်းစားမှ ကိုယ့်ရဲ့ တန်ဖိုးကိုလည်း သိမှာပါ။ အခု ကျွန်မတို့ အားလုံး ပြောနေတာ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ဆိုတာ ကျွန်မတို့ ဘာလို့ ယုံကြည်သလဲ ဆိုတာ လူတိုင်း လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာ ပါလာတယ်။ လူတိုင်း လူတိုင်းဟာ တန်ဖိုးရှိတယ် ဆိုတာကို ယုံကြည်လို့ လူ့အခွင့်အရေး ကြေညာ စာတမ်းကြီးဟာ ပေါ်လာ တာပါ။ အဲဒီတော့ ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို တကယ် ပထမစပြီး အသိအမှတ် ပြုရမှာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ တန်ဖိုး မြင့်စေမယ့် ကိစ္စတွေကို အဓိက ထားပြီးတော့ လုပ်ဆောင် သွားမယ် ဆိုလို့ ရှိရင် ကျွန်မတို့ နိုင်ငံရဲ့ တန်ဖိုးပါ တက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မကနေပြီးတော့ ဘယ်သူကမှ လူတိုင်း လူတိုင်းဟာ အပြစ် ကင်းကင်းစင်စင်နဲ့ အမှား မရှိအောင်လို့ လုပ်ရမယ်လို့ ကျွန်မ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလို တကယ်ဖြစ်ဖို့ ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒါပေမဲ့ လူတိုင်း လူတိုင်းဟာလည်း ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်တဲ့ အရည်အချင်း ရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် အချိန်မရွေး မှန်ကန်တဲ့ ဘက်က နေပြီးတော့ ရပ်တည် ပေးနိုင်တဲ့ အရည်အချင်း ရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် ကိုယ့်နိုင်ငံ အတွက် ဘာမဆို ၊ ဘယ်နည်းနဲ့ မဆို ၊ဘယ်နေရာမှာ မဆို လုပ်ပေးနိုင်တာကို လုပ်ပေးချင်တယ် ဆိုတဲ့ စေတနာကို ပွားများအောင်လို့ နေနိုင်ပိုင်ခွင့် ရှိပါတယ်။

အဲဒါဟာ အခြားသူတွေနဲ့ မဆိုင်ပါဘူး။ လူတိုင်း လူတိုင်း တစ်ဦးချင်း တစ်ဦးချင်းရဲ့ ဆုံးဖြတ်ချက်၊ တစ်ဦးချင်း တစ်ဦးချင်းရဲ့ ခံစားချက်၊ တစ်ဦးချင်း တစ်ဦးချင်းရဲ့ စိတ်ထဲမှာ ရှိတဲ့ နိုင်ငံအပေါ်မှာ ထားတဲ့ မေတ္တာ၊ စေတနာ အပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ကျွန်မ အနေနဲ့ ကျွန်မတို့ အပေါ် မှာ ကျွန်မအပေါ်မှာ ပေါ့နော်၊ ဒီနှစ် (၇၀)အတွင်း စေတနာ၊ မေတ္တာ ထားခဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ပြောရင်းနဲ့ ကျွန်မတို့ ပြည်သူပြည်သားများဟာ ကျွန်မတို့ နိုင်ငံ အပေါ်၊ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး အပေါ်မှာ စေတနာ၊ မေတ္တာတွေ ထားပြီးတော့ အားလုံး ပျော်ပျော် ရွှင်ရွှင် ချောချော မွေ့မွေ့နဲ့ ညီညီ ညွတ်ညွတ် ဒီလောက ခရီးကို သွားနိုင်ပါစေကြောင်း ကြိုးစား ပေးကြပါလို့ မေတ္တာ ရပ်ခံရင်း နိဂုံးချုပ် ပါတယ်။

(NLD CHAIRPERSON တွင် ဖော်ပြထားသော ရုပ်သံဖိုင်မှ ပြန်လည် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)
Messenger News Journal

0 comments:

Post a Comment