Wednesday, June 17, 2015

လူမှောင်ခိုသမားများကို သြစတြေးလျအစိုးရ ငွေပေးပြီး ပြန်လွှတ်ဟု အင်ဒိုနီးရှား ပြောကြား


သြစတြေးလျ အာဏာပိုင်များသည် လူမှောင်ခို လှေတစ်စီးကို အမေရိကန်ဒေါ်လာ ၃၁,၀၀၀ ပေးကာ ၎င်းတို့နိုင်ငံမှ ပြန်လည်ထွက်ခွာခိုင်းခဲ့ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန် ကြေညာလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။ဒုက္ခသည် ၆၅ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား သင်္ဘောသား ၆ ဦးတို့သည် အင်ဒိုနီးရှားနိုင်ငံသို့ အပြန်ခရီးကို သစ်သားလှေ ၂ စီးဖြင့် ပြန်လာခဲ့ကြရပြီး ကမ်းသို့မရောက်မီတွင် တစ်စီးမှာ ဆီကုန်လုဆဲဆဲ အနေအထားတွင် ရှိနေခဲ့သလို ကျန်တစ်စီးမှာလည်း ရွက်တစ်ခု ပျက်စီးလျက်ရှိကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ကာ သက်သေအဖြစ် အမေရိကန် ဒေါ်လာများကိုလည်း ပြသခဲ့သည်။

“ကျွန်တော်တို့ ခင်ဗျားတို့ကို သက်သေခံပစ္စည်း ပြပြီးပါပြီ။ အခု သြစတြေးလျ အစိုးရဆီကနေ ဖြေရှင်းချက်တောင်းဖို့က ခင်ဗျားတို့နဲ့ တခြားအဖွဲ့အစည်းတွေပေါ် မူတည်နေပါပြီ” ဟု နူဆာတန်ဂါရာတီမောခရိုင်၏ ရဲတပ်ဖွဲ့ အကြီးအကဲ အန်ဒန်ဆန်ဂျာယာက သြစတြေးလျသတင်းစာ Sydney Morning Herald ကို ပြောကြားခဲ့သည်။

Sydney Morning Herald သတင်းစာသည် အမေရိကန်ဒေါ်လာ ၁၀၀ တန်များကို ပြသလျက်ရှိသည့် အန်ဒန်ဆန်ဂျာယာ၏ ပုံကို မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ ယင်းစွပ်စွဲချက်နှင့် ပတ်သက်ပြီး သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့တ်သည် ဖိအားများနှင့် ရင်ဆိုင်ရလျက်ရှိပြီး လက်တလောတွင် ယင်းစွပ်စွဲမှုနှင့် ပတ်သက်၍ မှတ်ချက် တစ်စုံတစ်ရာပေးရန် ငြင်းဆန်ထားသည်။

သြစတြေးလျအစိုးရအဖွဲ့၏ ဝန်ကြီးတစ်ဦး ဖြစ်သူ စကော့မောရစ်ဆင်ကမူ ၎င်းအနေနှင့် အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ စွပ်စွဲမှုများကို ဖြေရှင်းနေရန်မလိုဟု ထင်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ဟာ အမြဲတမ်း ဥပဒေနဲ့အညီပဲ ဆောင်ရွက်ခဲ့သလို အဲဒီအတိုင်းပဲ ဆက်ပြီးဆောင်ရွက်သွားမှာပါ” ဟု လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စကော့မောရစ်ဆင်က ပြောကြားသည်။

သို့သော် အင်ဒိုနီးရှားကမူ သြစတြေးလျအစိုးရကို ဖြေရှင်းချက်ပေးရန် ဖိအားပေးလျက်ရှိပြီး လူမှောင်ခိုသမားများကို ပေးသည့်ငွေမှာ လာဘ်ငွေပင် ဖြစ်သည်ဟု အင်ဒိုနီးရှား ဒုသမ္မတက တနင်္လာနေ့က သတိပေးပြောကြားခဲ့သည်။

ယခုကဲ့သို့ စွပ်စွဲမှု ပေါ်ပေါက်စေခဲ့သည့် လှေမှာ နယူးဇီလန်နိုင်ငံသို့ သွားရောက်ရန်အတွက် မေလအစောပိုင်းက အနောက်ဂျာဗားမှနေ၍ ထွက်ခွာသွားခဲ့သောလှေဖြစ်ပြီး သီရိလင်္ကာနိုင်ငံသား ရွှေ့ပြောင်းအခြေချသူ ၆၅ ဦးကို သယ်ဆောင်သွားခဲ့သည်ဟု ဗုဒ္ဓဟူးနေ့ အစောပိုင်းက ထွက်ပေါ်လာသော သတင်းများအရ သိရသည်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ အစောပိုင်း စုံစမ်းစစ်ဆေးမှုများအရ ယင်းလှေမှာ သြစတြေးလျ အာဏာပိုင်များ၏ နှစ်ကြိမ်တိုင်တိုင် ကြားဖြတ်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရှိရသည်ဟု သြစတြေးလျ ရုပ်သံကော်ပိုရေးရှင်းက ကြေညာခဲ့သည်။

ပထမအကြိမ်တွင် သြစတြေးလျ အာဏာပိုင်များက ယင်းလှေကို သြစတြေးလျ ရေပိုင်နက်အတွင်း ဖြတ်သန်းခြင်း မပြုရန်သာ သတိပေးပြီး ပြန်လွှတ်ခဲ့ကာ ဒုတိယအကြိမ်တွင်မူ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး သင်္ဘောကပ္ပတိန်ကို သြစတြေးလျ အကောက်ခွန် သင်္ဘောတစ်စီးပေါ်သို့ ခေါ်ဆောင်ကာ ၎င်းတို့သင်္ဘောမှာ နယူးဇီလန်သို့ ရောက်လောက်အောင် ကြံ့ခိုင်မှု မကောင်းတော့ကြောင်းနှင့် အင်ဒိုနီးရှားသို့ ပြန်လှည့်မည်ဆိုပါက သင်္ဘောကပ္ပတိန်ကို အမေရိကန်ဒေါ်လာ ၆၀၀၀ နှင့် သင်္ဘောသားများကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ စီ ပေးမည်ဟု ညှိနှိုင်းခဲ့သည်ဟု စစ်ဆေးသိရှိထားရကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြားထားသည်။

The Voice Weekly

0 comments:

Post a Comment